Sunday, March 24, 2024

နွားနို့နှင့်အရက်

နွားနို့နင့်အရက်
--------------------

စာရေးဆရာ - သော်တာ‌ဆွေ 


ကိုစံခိုင်သည် စိတ်ကောက်ကောက်နင့် အိမ်မှထွက်ခဲ့၍ ရွာရိုးလမ်းမ လျှောက်ခဲ့၏။

  အကြောင်းမှာ သူအလုပ်မှပြန်အလာ၌ ဇနီးသည်အား "ဟေ့.....ရှင်မ၊ခုညစာ ဘာချက်သလဲကွ" ဟုမေးလိုက်သော် ဇနီးသည်က....

  "ကိုစံရေ....ကျမခုညနေ မိုးရွှာနေလို့ စျေးမသွားနိုင်တာနဲ့ ရရာပဲ၊ ငါးသေတ္တာကြော်၊ ပဲနီလေးရေချိုချက်၊ မသောင်းဆီက သရက်သီးပိုးတီး ဝယ်သုပ်တယ်...."

  ဤဟင်းအစပ်အဟပ်သည် တယ်ပြီးမညံလှကြောင်း စာဖတ်သူသိပေမည်။ သို့သော် သားစိမ်းငါးစိမ်းနင့်မှ ထမင်းမြိန်တတ်သော ကိုစံခိုင်မကျေနပ်။

  "ဒီဟင်းမျိုး ငါမကြိုက်ဘူးဆိုတာ မင်းသိသားနဲကွာ....နို့ပြီး၊ခုနှယ် ငါးသေတ္တာတွေက ဂျပန်စစ် လေျာ်‌ေကြးဖြစ်မှ တစ်စိမှ မကောင်းဘူး၊အရင်ကသူတို့ ရောင်းတန်းကို မမှီတော့ဘူး၊ စားရတာဖွယ်စိစိနဲ့" ဟု တောက်တီးတောက်တက်မြည်တွန်ပြီး လာခဲ့ခြင်းဖြစ်​ပေ၏။

  ရွာထိပ်လမ်းရောက်လတ်သော်ဝင်လုဆဲ ကြက်ဥနစ်ရောင် ဘာနုရာဇာကိုမျက်နှာမူ၍ လမ်းဘေးကမူကလေးပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ 

  ညနေက မိုးကလေးရွာထားသဖြင့် ပတ်ဝန်းကျင်က မြစိမ်းရောင်မြက်ခင်းပြင်မဟာ  မိုးရေပေါက်ကလေးများ သီး၍ ဝင်လုဆဲနေရောင်ဖြင့် ရွှေရောင်ငွေရောင် တောက်ပြောင်နေ၏။

  ယင်းအခိုက်ဝယ် နွားတစ်အုပ်သည် ခေါင်းချင်းယှဉ်၍ ဖောလင်းစီကာ နေကို နောက်ခိုင်းလျှက်မြရေဆမ်းထားသော မြက်ခင်းပြင်ကို တဗြုတ်ဗြုတ် ကိုက်စားနေကာ ကိုစံခိုင် ရှိရာသို့ ဦးတည်လာကြကုန်၏။ သူတို့စားပုံမှာ မြိန်ရည်ရှက်ရည်ရှိလှသည်။ မာလီကုလား စက်လှိမ့်သွားဖြင့် ဖြတ်ဘိသကဲ့သို့ မြက်အဖျားကလေးတွေ ညီညီပြတ်အောင် တစ်ကောင်နင့်တစ်ကောင် အပြိုင်စားပြကြသည့်နှယ် ရှုချင်စဖွယ်ရှိသည်။

  ကိုစံခိုင်သည် ၎င်းတို့ကိုကြည့်၍ သက်ပြင်းချ၏။ သံဝေဂလည်း ရလာ၏။

  ကြည့်စမ်းပ။ ငါတို့လူများ မှီတင်းနေထိုင်ရသောနွားသတ္တဝါမျိုးသည် မြေမှာပေါက်သော မြက်ကိုသာ အကောင်းဆုံးထား၍ စားကြရရှာ၏။ သူတို့လုပ်စာ ဆန်စပါးဖြင့် အသက်ရှင်နေရသော ငါတို့မူ ထမင်းများပေယျာလကန်ထား၍ ဟင်းအကောင်းအဆိုးကိုပဲရွေးချယ်နေကြသေးသည်။ ၎င်းနွားမျိုးတို့မူ သူတို့လုပ်စာ စပါးကို နှာဖျားနင့်မှ တို့ခွင့်မရ။ ကောက်ရိုးသာ လူများက မိမိတို့စားမဖြစ်၍ ခွဲဝေပေးကြ၏။

  နွားဘဝသည် ဆိုးလှပေစွ။

  ကြည့်ပ။ သူတို့နွားလားမြောက်၍ နွားပေါက်ကလေးဖြစ်လျှင် နဖားဖောက်ပြီး သင်းကွပ်ပစ်၏၊ထိုနောက် ထမ်းပိုးခွင်သွင်း၏။  မသေမချင်းခိုင်းစေ၏။ လူ့အခိုင်းခံ တိရိစ္ဆာန် ဖြစ်ရတာဝယ်(မြန်မာပြည်မှာ) နွားသတ္တဝါ အဆိုးဆုံးပေတကားဟု လယ်သမားသားဖြစ်ခဲ့သူ ကိုစံခိုင်ကဆုံးဖြတ်ချက် ချလိုက်၏။

  ယင်းအကြိုက် သူ့စိတ်တွင် အိမ်မှာတုန်းက ဟင်းမကောင်း၍ ဖြစ်ပေါ်ခဲ့သော နောက်ကျိမှု ပျောက်သွား၏။ 

  ထို့နောက် သူ့ဆီရှေ့တူရူလာနေသော နွားအုပ်နီးကပ်လာလေသော် မိမိတွေးတောနေသော ခိုင်းနွားမျိုးမဟုတ်။ နို့စားနွားများဖြစ်နေကြောင်းကို တွေ့ရ၏။

  ယင်း၌ ကိုစံခိုင်၏ နေရပ်ဒေသကို ဖော်ပြလိုသေးသည်။ ရန်ကုန်မြို့၏ ဆင်ခြေဖုန်းဒေသဖြစ်၍ ထိုဒေသတွင် ကုလားများသည်လည်းကောင်း၊ မြန်မာများသည်လည်းကောင်း နို့စားနွားမများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ၏။

  ကိုစံခိုင်သည် ယင်းနွားတင်းကုတ်များဝယ် သွားရောက်လေ့လာဖူးသဖြင့် နို့စားနွားမများအကြောင်း ကောင်းကောင်းသိ၏။

 လူတို့သည် နွားနို့ကို လူနင့်တည့်သောဓာတ်အားအဖြစ်နင့် သုံးဆောင်ကြ၏။ အချို့တရားဘောင် ဝင်၍ သီလစောင့်ထိန်းသူတို့သည် နွားနို့ကို သက်သက်လွတ်မွန်မြတ်သော အဟာရအဖြစ် မှီဝဲ​ကြ၏။ သို့သော် နွားမတစ်ကောင်မှ နေ့စဉ် နွားနို့ညှစ်ရပုံကို လေ့လာမိသော်ကား ထိုတရားရှင်ကို ဟက်ဟက်ပက်ပက်သာ ရယ်မောပစ်ဖို့ကောင်းတော့၏ဟု ထိုနွားမများကိုကြည့်ရင်း ကိုစံခိုင်တွေးမိ၏။

  စင်စစ်လူသည် နွားနို့ယူရာ၌ မိခင်နွားမကြီးနှင့်သားငယ်နွားကလေးကို ရက်စက်လွန်းရာကျသည်။

  နွားမသည် လူကဲ့သို့ပင် ပဋိသန္ဓေကို ၉ လလွယ် ၁၁ လလွယ် မွေးရသည်။  နွားကလေးမြေသို့ ဖုတ်ကနဲ ရောက်ပြီးနောက် မိခင်သည် တုံးလုံးခွေနေသော နွားကလေး၏ ကိုယ်မှ အညှိအချွဲတို့ကိုလျှာဖြင့် လျက်ပေး၏။ထိုအရာ ကင်းစင်ခြောက်သွေ့ လေသော် နွားကလေးသည် မြေပေါ်မှ ကားရားကလေးထ၍ မိခင်နို့ကို စို့တော့၏။

  ကျွန်ုပ်တို့ လူသားမှာ သားငယ်အတွက် မိခင်တွင် နို့နှစ်လုံးသာရှိသည်။ နွားများမူ သူတို့၏။ကြီးမာသော ခန္ဓာကိုယ်ကို တည်ဆောက်ရမည်ဖြစ်၍ နို့လေးလုံးပင်ရှိသည်။ သို့သော် နို့စားနွားမ၏ သားငယ်မှာ တစ်လုံးကိုမှ ဝဝလင်လင်စို့ခွင့် မရရှာချေ။

  အသို့ဟူမူ သူသည် ၇ ရက်အတွင်း နွားမ၏ နို့နုစဉ် အခါသာ (လူသောက်၍မဖြစ် ကျိုလိုက်လျှင် ဒိန်ချင်ကဲ့သို့ ခဲသွားသည်) နွားကလေးအားအဝအလင် စို့စေ၍ ဤမှကျော်မူ လူသုံးရန် နို့ကောင်းလာ၍ နွားကလေးအား ပေးမစို့တော့ပေ။

  နို့စားနွားမများမွေးသော နွားတင်းကုတ်ကို သွားကြည့်ပါ၊ နွားကလေးနင့် နွားမကြီးကို အလယ်မှနွားစာခွက်ခြား၍ မျက်နှာချင်းဆိုင် ချည်ထားသည်။ ကြိုးမှာ အိမ်သာထသာသာရှိ၍ နွားကလေး၏ ခေါင်းသည် မိခင်နို့ဆီသို့ မရောက်နိုင်။ နွားမကြီးမှာလည်း သားငယ်ဆီသို့ နို့ရောက်အောင်  ကိုယ်ကိုလှည့်မပေးနိုင်ရှာပေ။ 

  နံနက်တစ်ကြိမ်၊ နေ့ခင်းတစ်ကြိမ် တစ်နေ့နှစ်ခါနို့ညှစ်သောအခါမှသာ လူသည် နွားမနို့ချရန် နွားကလေးအား ခေတ္တပေးစို့သည်။ ဤပုံကိုမြင်ရလျှင် လွန်စွာသနားစရာကောင်းတော့သည်။

  တစ်ချိန်လုံး မိခင်၏နို့ကို မြင်ရုံသာမြင်ရ မကြင်ရဖြစ်နေသော နွားကလေးသည် လူကကြိုးကိုဖြေလျော့လိုက်သည်နင့် တစ်ပြိုက်နက် မိခင်နို့ဆီသို့ တအားပြေးကာ နှာခေါင်းနင့်ဆောင့်၍ စို့လေသည်။ မိခင်က သားငယ်အတွက် နို့ကိုချပေးလိုက်၍ တစ်စုပ်နှစ်စုပ်မျှ စို့ရသေးသည်။ လူသည် နွားငယ်၏ လည်ပင်းကြိုးကို ဆောင့်ဆွဲကာငုတ်တိုင်မှာ ပြန်ချည်ပြီး နွားမကြီး၏ နို့ကိုအတင်းဆွဲညှစ်တော့၏။

  နွားကလေးမှာ တဘဲဘဲအော်၍ တစ်ရုန်းရုန်း....

  အချို့နွားမများသည် သားငယ်အတွက်မဟုတ်မန်း သိသည်နင့် မိမိနို့ကို လူညှစ်မယူရအောင် ပြန်တင်(အောင့်ထား) လိုက်တတ်သည်။ ဤအခါ၌လူသည် "ဒီနွားမ အကျင့်မကောင်းဘူး၊ သဘောယုတ်သည်" ဟုဆဲရေပြီး နွားချေးတွန်းခုံနင့် ကျောကို ခုတ်တတ်၏။ နာဖန်များသော် ထိုနွားမအကျင့်ပျောက်ရတော့၏။

   မိတ်ဆွေသည် နွားစာကျက်များ၌လည်းကောင်း၊ တာလမ်းနံဘေး၌လည်းကောင်း နို့စားနွားမအုပ်များကို မြင်ဖူးပေမည်။ ၎င်းတို့တွင်နွားငယ်က မိခင်နို့စို့​နေသည်ကို တွေ့ဖူးပါသလား။ သားသည် မအေမပါလို့ဟု ထင်ပေမည်၊စင်စစ် ထိုနွားအုပ်မျိုးမှ တစ်ဝက်ကျော်ကျော်နွားမတို့သည် နို့စို့ ကလေး၏ မိခင်ဖြစ်ကြကုန်၏။သို့သော် သူတို့သားငယ်များ မပါလာခဲ့ကြချေ၊ နွားတင်းကုတ်ထဲ ချည်လျှက်သားတန်းလန်း ကျန်ရစ်ခဲ့ကြ၏။

  နွားငယ်များသည် နံနက်ဝေလီဝေလင်းကတည်းက လူများမောင်းထုတ်၍ ခွဲခွာသွားကြရသော မိခင်များကို တမျော်မျော်နေ​ကြကုန်သည်။ နေ့လည် ၂ နာရီခန့်၌ ပြန်ရောက်ကြလာပါ၏။ သို့သော် နံနက်တုန်းကကဲ့သို့ ပင် နွားမနို့ချအောင်တစ်စုပ် နှစ်စုပ်မျှ ဆောင့်စို့လိုက်ရချင်မှတစ်ပါးချည်တိုင်တွင် တရုန်းရုန်းနင့် ပြန်နေကြရပါသည်။

  မိခင်နှင့်သားသည် ဘယ်သောအခါမှ ချုပ်ချယ်မှုကင်းကာ ပူးပူးကပ်ကပ်နေရပါသနည်း၊ တစ်နေ့လျှင် ပိသာပေါင်း များစွာကျသော နွားမတို့၏ နို့သည် တစ်ဆယ်သားမျှ ညှစ်မထွက်သောအခါမှ လူတို့က လွတ်လပ်ခွင့်ပေးလိုက်တော့၏။

  ဤအခါ နွားကလေးမှာ အခါလည်သားမျှရှိပြီဖြစ်၍ မိခင်၏နို့ပိန်ကို အာမျှမစွတ်တော့ပြီ လူသာဆိုလျှင် မည်မျှ ကြေကွဲစရာ စကားတွေ ပြောချိန့်မည်နည်း။

  "သားရယ် မေမေနို့တွေရှိတုန်းကတော့ သားစို့ခွင့်မရခဲ့ဘူး၊ အခုဖြင့် မေမေနို့လည်း မထွက်တော့ဘူး၊ သားအားကလည်း ကြမ်းလာလို့ မရှိတဲ့နို့ပိန်ကို ဆောင့်ဆောင့်သို့တော့ မေမေနို့အုံအောင့်လှပါတယ်၊ သားမစို့ပါနဲ့တော့..."

  နွားမကြီး၏ ဝမ်းမှာ နောက်ပဋိသန္ဓေကလည်းရင့်လာပြီဖြစ်၍ ထိုသားကို နို့ခွဲပစ်လိုက်တော့သည်။

  ဤအခါ ထိုနွားကလေးများကို အပြင်နွားအုပ်ထဲမှာ မြင်နိုင်ပါသည်၊ နို့မျက်သားကလေးတွေဖြစ်၍ အရိုးဂေါက်ဂက်နင့် ပိန်လှီလှ၏၊ နို့စို့အရွယ် ကလေးစိတ်ကုန်၍ ကောက်ရိုး မြက်တို့ကိုဟက်ဟက်ပက်ပက်စားနိုင်တော့မှ နလန်ထူလာ၏။

  ခြွင်းချက်။ နို့စားနွားမမွေးသူတို့တွင် အနည်းငယ်သော ရာခိုင်နှုန်း စုသည်သာ နွားကလေးကို သူတို့ညှစ်ယူပြီး နို့ကျန်အနည်းငယ်ကို ပေးစို့တတ်၍ အများအားဖြင့်ဆိုလျှင် ဖော်ပြခဲ့သည့်အတိုင်း နွားမနို့ချပေးရန်မှတစ်ပါး ပို၍စို့ခွင့်မရရှာချေ။

ထို့ကြောင့် ကျွန်ုပ်တိုသည် နို့စားနွားမအုပ်စုထဲ၌ပိန်လှီသော နွားငယ် အခါလည်ကလေးများကိုမြင်ရခြင်းဖြစ်၏။

  ကိုစံခိုင်သည် သူ့ရှေ့တွင်ရှိသော နို့စားနွားမအုပ်စုကို ကြည့်လျှက် အထက်ပါအကြောင်းများကို ပြန်ပြောင်းတွေးတောကာ နွားသတ္တဝါမျိုးကို ဂရုဏာ ပွား​​ေနခြင်းဖြင့် သူ့အိမ်ကထမင်းဟင်းကိစ္စကို မေ့လျော့သွားလေသည်။

  ထို့နောက် နေလုံးပျောက်ပြီး မှောင်ရိပ်သန်းစပြုလာ၍ အိမ်ပြန်လာခဲ့တော့မှ ပြန်သတိရ၏။

  အင်း...မဖြစ် ဖြစ်သလို မျိုရတော့မှာပေါ့လေ။

  သူ့အိမ်ဝင်းထဲ ဝင်ခဲ့သော် နောက်ဖေး တန်း၌နေသော ကိုဖိုးတေ ဆိုသူသည် လက်တစ်ဖက်က ဒန်ချိုင့်ကလေးကိုကိုင်၍ တစ်ဖက်က အတာပုလင်းကလေးကို ကိုင်လာသည်ကို မြင်ရသဖြင့်

  "ခဗျား လက်ထဲက ဘာတွေတုန်းဗျ ကိုဖိုးတေ"

  ကိုဖိုးတေသည် ပေယဉ်းယဉ်းပြုံး၍.....

  "ပုလင်းထဲက​ေတာ့ ဟိုဒင်းလေး.....တစ်စိတ်ပါပဲ"

  ကိုဖိုးတေသည် အရက်ချက်ရောင်းသူ ဖြစ်၏။

 "ဒီဒန်ချိုင့်ကလေးကတော့ ခါလီပေါ့.....ကိုအောင်ခအိမ်နွားနို့ သွားယူမလို့"

 ကိုစံခိုင်သည် ကိုဖိုးတေလို အရက်သမားနွားနို့မကြိုက်ဘူး ဆိုတာသည်။

  "ဒီအချိန်ကြီးမှာ ခဗျားနွားနို့ ဘာလုပ်ဖို့လည်းဗျ....အရက်နဲ့များ ရောသောက်မလို့လား..."

  ကိုဖိုးတေ မျက်နှာကို ပစ်စလက်ခတ်ကြီးရှုံ့၍..

  "ကြံကြံဖန်ဖန်ဗျာ အိမ်ကယောက္ခမသူတော်ကောင်း တရားရှင်မကြီး အချိန်မတော်မှ ရောက်လာ​ပြီး သက်သက်လွတ် နွားနို့နဲ့မှ ပွဲတော်တည်ချင်တယ်ဆိုလို့ဗျ..." 

  ကိုစံခိုင်သည် နှာခေါင်းရှုံ့လိုက်ပြီး.....

  "လူများ အဲဒါခက်တာပဲ.... ဒါနဲ့ ဒီအချိန်မှကိုအောင်ခအိမ် နွားနို့ရပါအုံးမလားဗျ၊ သူတို့အားလုံး နွားမတွေညှစ်ပြီး ပို့လိုက်ကရော့ပေါ့.."

  ကိုဖိုးတေက သူ့ပုလင်းလေး မြှောက်ပြ၍....

  "ဟော့ ဒါနဲ့ဆိုကိုအောင်ခ အစိတ်သားလောက်တော့ သူ့နွားမတွေဆီက မရ ရအောင်စုညှစ်ပေးမှာပေါ့ဗျ၊ သွားမယ်ဗျာ"

  ကိုစံခိုင်သည် ကိုဖိုးတေနင့် လူချင်းမျက်နှာလွဲ၍ အိမ်ဘက်လှည့်လိုက်သည်နင့် ကြမ်ပြင်ထိုင်နေသော ဇနီးက....

  "ကိုစံ ကျွန်မလည်း နွားနို့အစိတ်သားယူထားတယ်"

  "ဟဲ့....ဘာလုပ်ဖို့လဲ...

  "ရှင် ခုည ထမင်းမြိန်မှာမဟုတ်တော့ အိပ်ရာဝင်ခါနီး နွားနို့ကလေး ဗိုက်ပြည့်အောင် 
သောက်လိုက်ဖို့လို့......"

  ယင်း၌ ကိုစံခိုင်သည် ရုတ်တရက်စိတ်ကူးပေါက်၍ လမ်းမသို့အမြန်ထွက်ကာ....

  "ကိုဖိုးတေ...ကိုဖိုးတေ.." ဟုလှမ်းခေါ်ကာ...

  "လာဗျို့..ပြန်ခဲ့ဗျို့ ခဗျားဖို့နွားနို့ ဒီမှာရှိတယ်..."

  ကိုဖိုးတေ ပြန်လာပြီး....

  "ခဗျား ဘယ်ကရတာလည်း..."

  "ကျုပ်သောက်မလားလို့ အိမ်ကမိန်မ ဝယ်ထားလိုက်တာတဲ့ဗျာ၊အဲ့ဒါ ကျုပ်မသောက်ဘူးခဗျားပဲယူတော့..."

  ယင်းအခိုက် ကိုဖိုးတေက အနည်းငယ် ငုံ့ပြီး...

  "ဒါပေမဲ့ ကျုပ်မှာပိုက်ဆံမရှိဘူး၊ ဟောဒါပဲပါတယ်.."

  "ကျုပ်လည်း အဲ့ဒါပဲလိုနေတာ.."

  ကိုစံခိုင်သည် အရက်ကို သောက်ခဲ့ဖူးပါသည်၊ယခုမှ ဘုရားလည်းမကြိုက် အများလည်းမကြိုက်၊ မယားလည်းမကြိုက် ဆို၍ ဖြတ်ထားခဲ့ခြင်းဖြစ်သည်။

  သို့သော် ယခုတစ်နပ်စာ ဝမ်းအဟာရအတွက်ကား နွားနို့ကို ​​သောက်သည်ထက် ဘယ်တိရိစ္ဆာန် ၏ ပယောဂမှ မပါသော အရက်ကိုသောက်ခြင်းက ပိုမိုမွန်မြတ်သည်ဟု ယူဆကာနွားနို့နင့် အရက်ကို လဲလိုက်ပေတော့သည်။

  ကိုစံခိုင်သည် ထိုညက အရက်တစ်စိတ်နင့်အလွန်တစ်ရာ ထမင်းမြိန်လှတော့၏။

  အိပ်ရာဝင်သောအခါ၌လည်း သူ့ယူဆချက်သူအင်မတန် ကျေနပ်လှတော့၏။

(မြဝတီမဂ္ဂဇင်း၊ ၁၉၅၈ခုနစ် စက်တင်ဘာလ)

 သော်တာဆွေ


စုစည်းမှု

သိပ္ပံမောင်ဝ


သုမောင်



သော်တာဆွေ

၁။    နတ်ပန်းတစ်ငုံ ငရဲပန်းတစ်ပွင့်


နုနုရည်အင်းဝ



မစန္ဒာ

၁။    လူ

နတ်ပန်းတစ်ငုံ ငရဲပန်းတစ်ပွင့်

နတ်ပန်းတစ်ငုံ ငရဲပန်းတစ်ပွင့်
-------------------------------------------

စာရေးဆရာ - သော်တာဆွေ
====================


“ကဲ … ကမ္ဘာအေး ဘုရားက စသွားကြမယ်ဗျို့”

ကျွန်တော်က ဒါရိုက်တာ အဖြစ်နှင့် ဘကြီးမဲ၊ ကိုဘိုးကဲတို့ကို ခေါင်းဆောင်ကာ ၆ မိုင် မာလကာခြံ စွပ်ကျယ်စက်လမ်းရှိ ကျွန်တော်၏ နေအိမ်မှ ထွက်ခဲ့ကြပြီး ပြည်လမ်းမကြီးသို့ ရောက်လျှင် ရန်ကုန်မှ လာသော နံပါတ် ၉ ကားကို စီးခဲ့ကြသည်။ 
၈ မိုင် မရမ်းကုန်း ရောက်သော် သမိုင်းမှ လာသော အမှတ် ၅ ကားကို စီးခဲ့ကြပြန်သည်။

“ကဲ … ရောက်ပါပြီဗျား … ဟောဟိုဟာ ကမ္ဘာအေး စေတီတော်ပါပဲ။ လိုဏ်ဂူတော်ကြီး ဆိုတာက အဲ့ ဟိုဒင်း"

ရေကူးဈေးထိပ် မှတ်တိုင်မှ ဆင်း၍ ကျွန်တော်က ညွှန်ပြပြောဆိုပြီး …

“ကဲ … လိုဏ်ဂူတော်ကြီးက စသွားကြစို့ …”

ဂိတ်ဝ အဝင်၌ ဘကြီးမဲက ဖိနပ်ကုန်းချွတ်၍ ကျွန်တော်က …

“ဖိနပ် မချွတ်ရသေး ပါဘူးဗျ၊ ခင်ဗျားတို့ဆီက တောဘုရားတွေလို မဟုတ်ပါဘူး”

ဘကြီးမဲမှာ အံ့အားသင့်လျက် …

“ဟေ … ဟုတ်ရဲ့လားကွ … ၊ မင့် ဘယ်သူကပြောတုန်း”

“ပြောနေရဦးမှာလားဗျ၊ ‘ဖိနပ်ချွတ်’ လို့ စာမှ ရေးမထားတာ၊ ချွတ်ရတဲ့ နေရာကျ ချွတ်လို့ ရေးထားသဗျ။ ကျွန်တော်တို့ မြို့မှာက …"

“ဟာ … မင်းတို့ မြို့သားတွေက စာရေးပြောမှ သိကြတော့တာလားကွာ တို့တောမှာဆို ရေးပြစရာ မလိုပါဘူး။ ဘုရားပရဝုဏ်တွင်း ဝင်ရင် ဖိနပ်မစီးရဘူး ဆိုတာ ကလေးကအစ သိတယ်ကွ၊ ငါတော့ စိတ်မရဲပါဘူးကွာ။ ချွတ်တာ အန္တရာယ် ကင်းပါတယ်” ဆိုပြီး ရန်ကုန် လာခါနီးမှ ဝယ်ခဲ့ဟန်တူသော သူ့လွှာဖိနပ် အသစ်စက်စက်ကြီးကို ချွတ်ကိုင်သဖြင့် ကျွန်တော်နှင့် ကိုဘိုးကဲမှာ ခပ်ပြုံးပြုံးနှင့် လျှောက်ခဲ့ကြရသည်။

လိုဏ်ဂူတော်ကြီးနား နီးလေ ဘကြီးမဲမှာ အံ့ဩလေ ဖြစ်လျက် …

“ဟေ့ … ဒါ နဂိုမူရင်းက ကျောက်တော်ကြီးကို ဖောက်ထွင်း ထားတာလားကွ” ဟု မေးသဖြင့် ကျွန်တော်က လိုဏ်ဂူတော်ကြီး တည်ဆောက်ပုံကို ရှင်းပြရသည်။ သို့ပြောရင်း “တောင်ကိုမဖောက်၊ မြေမှာဆောက်သည်၊ ဘုန်းတောက်သမှု၊ ကိုကြီးနု” ဟူ၍ ကျွန်တော့် စိတ်ထဲမှ ရေရွတ်ခဲ့သေး၏။

အတွင်းသို့ ရောက်သော် ဘကြီးမဲသည် ထက်အောက် ပတ်ဝန်းကျင်ကို တအံ့တဩ ငေးမော ကြည့်ရှုပြီးနောက် ဘာမပြော၊ ညာမပြော ထိုင်၍ ရှိခိုးဦးချကာ သူ ဘုန်းကြီးကျောင်းမှာ နေစဉ်တုန်း ကတည်းက သူရလာခဲ့သော ဘုရားရှိခိုးရှည်ကြီးကို ရွတ်ဆိုပါလေတော့၏။

ပြီးသကာလ ထိုင်ရာမှထပြီး ဟိုနားသည်နား လျှောက်ကြည့်ရင်း ဓာတ်မီး ပူဇော်ရန်၊ ရွှေသင်္ကန်း ကပ်လှူရန်၊ ပိဋကတ်တော် ပြန့်ပွားရေး စသော အလှူခံသေတ္တာ မှန်သမျှ သူ့အိတ်ထဲက ပိုက်ဆံများကို တဂျောက်ဂျောက် ထည့်လေသည်။

လိုဏ်ဂူတော် အပေါက်ဝ ရောက်လျှင် ကျွန်တော်နှင့် ကိုဘိုးကဲက ဘိနပ်များကို ဖျောက်ကနဲ ချ၍ စီးကြသော်လည်း ဘကြီးမဲကား မစီးချေ။

ကမ္ဘာအေး စေတီထဲ ရောက်လျှင် ဘကြီးမဲသည် ပထမဦးဆုံး တွေ့သော ဆင်းတုတော်ရှေ့မှာ ဦးချပြီး ဘုရားရှိခိုးရှည်ကြီးကို ရွတ်ဖတ် ပြန်လေသည်။ ထို့နောက်၌ စေတီ ပတ်ပတ်လည်လျှောက်ပြီး အလှူခံသေတ္တာ မှန်သမျှ ပိုက်ဆံများ ထည့်ပြန်လေသည်။

ကျွန်တော်ကပင် …

“ဘကြီးမဲ သိပ်မလုပ်နဲ့ဦးနော်။ နောက်ဘုရားတွေ အများကြီး ကျန်သေးတယ်။ ဘုရားမှန်သမျှ အလှူခံသေတ္တာတွေ ရှိတာချည်းပဲ။ တော်ကြာ ဟိုဘုရားတော့ လှူတယ်၊ ဒီဘုရားတော့ မလှူဘူးလို့ နတ်တွေက ပြောနေကြဦးမယ် …" ဟု နောက်မိသေး၏။

ကျွန်တော့်မှာ သူတို့ကို ဘုရားစုံ ပို့ရမည်။ ယခု ကမ္ဘာအေးမှ ရွှေတိဂုံ၊ ရွှေတိဂုံမှ ဗိုလ်တထောင်၊ ဗိုလ်တထောင်မှ ဆူးလေ၊ ထိုမှ အချိန်ရှိသေးပါက ကိုးထပ်ကြီး၊ ခြောက်ထပ်ကြီး။

ကျေးရွာဒေသမှ ဆင်းရဲသူ၊ ဆင်းရဲသားတို့သည် ရန်ကုန်မြို့သို့ အင်မတန်မှ ရောက်ခဲလှ၏။ ရောက်တောင့်ရောက်ခဲ ရောက်လာသူတို့လည်း သူတို့အဖို့ အခြား အရေးအခင်းထက် ဘုရားဖူးဖို့က လွန်စွာ အရေးကြီးလှသည်။ ယခု ကျွန်တော် ခေါ်ဆောင်လာသူ နှစ်ဦးအနက် ကိုဘိုးကဲမှာ ငွေကြေး အသင့်အတင့်ရှိသူ ဖြစ်၍ ရန်ကုန်သို့ မကြာခဏ ရောက်ဖူးသည်။ ဘကြီးမဲမူ ခု အသက် ၆၀ ကျော်မှ ကံပေါ်၍ မရောက်စဖူး အရောက်ထူး ရောက်လာသူ ဖြစ်ပေ၏။

သူ ရောက်လာပုံကား …

လွန်ခဲ့သော မတ်လ နွေရာသီက ဖြစ်ပါသည်။ ကျွန်တော်တို့အိမ်သို့ တိုက်ကြက်ဖ ၃ ကောင်နှင့် ကြက်သမား ၆ ယောက် ရောက်လာကြသည်။ ဤ ၆ ယောက်အနက် ကိုဘိုးကဲ တစ်ယောက်သာ ကျွန်တော့် ဝမ်းကွဲဆွေမျိုး ဖြစ်၍ ကျန်လူများကို ကျွန်တော် ယခင်က မသိခဲ့ပါ။ သူတို့သည် နတ်တလင်းနှင့် ပေါင်းတည်က ဖြစ်ကုန်၏။

ဤမြို့တို့တွင် ရှေးယခင်က ဆိုလျှင် လွန်စွာ ကြက်ဝိုင်း ကောင်းခဲ့၏။ ချိန်းဝိုင်းကြီး ဆိုလျှင် ရေနံချောင်း၊ တောင်တွင်းကြီး၊ ပြည်၊ ဆင်မြီးဆွဲ၊ မှော်ဇာတို့မှ လာရောက်ကြ၍ လွန်စွာ စည်ကား၏။ လက်ရင်း ငါးထောင့်ငါးရာ၊ သောင်းတစ်ထောင်ကြေး အထိ တိုက်ကြ၏။ သက်ဆိုင်ရာတို့ကိုလည်း ‘ခွံ့’ ထား၍ စိတ်ချရ၏။ သို့သော် ဗိုလ်ချုပ်ကြီး အစိုးရ လက်ထက်က စ၍ ‘ခွံ့’ မရဘဲ ကြက်ပွဲ သယောင်းခဲ့ရာ ဝိုင်းကောင်းကောင်း မဖြစ်တော့သဖြင့် ကြေးမြက်မြက် တိုက်လိုသူတို့ ယခု ရန်ကုန်မြို့သို့ ရောက်လာကြခြင်း ဖြစ်ပေသည်။

ရန်ကုန် ရွှေမြို့တော်ကြီးကား ပေါက်ရောက်သူတို့ လိမ်မာပါးနပ်စွာ ပြုလျှင် မည်သည့် အမှုမဆို ဖြစ်နိုင်ရကား၊ ကြေးကောင်းသော ကြက်ပွဲ ကြိတ်ဝိုင်းကြီးများ ရှိ၏။ ဒါကိုသိသော ကျွန်တော့် နောင်တော်က လူ ၆ ယောက်နှင့် ကြက် ၃ ဖ, လာလိုကြောင်း၊ ကျွန်တော့်အိမ် ပတ်ဝန်းကျင်မှာ ကြက် ၃ ဖ ကျင်းနိုင်လောက်အောင် နေရာကွက်လပ် ရှိပါလား … ပထမ စာရေး မေးလိုက်သည်။

အခြား လောင်းကစားမှုနှင့် မတူ။ ကြက်သမားတို့ သူတို့ ကြက်ဖများနှင့် တည်ခိုဖို့နေရာ အလွန်လို၏။ တိုက်ကြက်များသည် တိုက်တော့မည် ပြင်ဆင်ထားသော အခါ၌ ခြံလှောင် ကြိုးချည်၍ မဖြစ်တော့။ လွတ်လွတ်လပ်လပ် ရွှင်မြူး ခုန်ပျံနိုင်ဖို့ နေရာ ပေးထားရ၏။

ကျွန်တော် ကိုယ်တိုင် ကြက်သမား ဖြစ်လေရာ ကိုယ်ပိုင်အိုးအိမ် တည်ထောင်သည်မှ စ၍ ဟိုဘက်အိမ် သည်ဘက်အိမ် နံရံသာ ခြားသော မြို့တွင်း ဒေသမှာ မနေတော့ဘဲ တစ်လ အစိတ်တန် အိမ်ကလေးပဲ ဖြစ်ဖြစ် ခြံဝင်းကျယ်ကျယ် ပြန့်ပြန့်နှင့် ကြက်ဘဲ မွေးမြူနိုင်သော မြို့ပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

ယခု ၆ မိုင်က ကျွန်တော့် နေအိမ်မှာ ပေ ၅၀ x ၇၀ ခြံဝင်းကျယ်သည့်ပြင် နောက်ဖေးမှာလည်း ကျွန်တော့်မိတ်ဆွေ ကြက်ဝါသနာအိုးများ နေထိုင်သော ကင်ပွန်းချဉ် ဆူးပုပ်ပင် ခြံကျယ်ကြီး ရှိနေသောကြောင့် ကြက် ၃ ဖမျှမက ၁၀ ဖ ပင် လာနိုင်ကြောင်း စာပြန်လိုက်သဖြင့် သူတို့ ရောက်လာကြခြင်း ဖြစ်ပေသည်။ 

ကျွန်တော့်အိမ်နှင့် ပတ်ဝန်းကျင် အနေအထားကို ကြည့်ကာ သူတို့ အလွန် သဘောကျကြ၏။

“ဟေ့ … တို့တောလိုပါပဲလားကွ …"

“ကျွန်တော်တောသား တောလိုပဲ နေချင်တော့တယ်ဗျာ … မြို့ထဲမှာ မြို့သားလို ၁၅ နှစ်ကျော် မြို့နေ နေခဲ့ဖူးပြီ”

သူတို့ ကြက်ဖ ၃ ကောင်အနက် တစ်ကောင်ကို ကျွန်တော့် ခြံဝင်းထဲမှာ ကျင်းသည်။ နှစ်ကောင်ကို နောက်ဖေး ခြံရှည်ကြီးထဲမှာ အလယ်က လူစောင့်၍ ဟိုဘက်တစ်ကောင် ဒီဘက်တစ်ကောင် ထားသည်။ ကျွန်တော့်အိမ်က ကြက်ဖကိုမူ သုံးပွဲတိုက်ရာ နောက်ဆုံးပွဲ ရှုံး၍ ဒီနှစ် မတိုက်တော့ပြီ ဖြစ်သဖြင့် အိမ်ပေါ်တင် ကြိုးချည်ထားလိုက်သည်။ လိုက်နေသော ဥလက်စ ကြက်မများကိုကား ‘လစ်လျှင်’ သူတို့ ကြက်ဖတွေနှင့် လိုက်ပစေလေ … မျိုး ရတာပေါ့။ သူတို့ကို ဖိတ်ခေါ်ခြင်း၌ ကျွန်တော့်မှာ ဤရည်ရွယ်ချက် တစ်ခုလည်းပါ၏။ ကြက်သမားတို့ မည်သည် မိမိတို့ ကြက်မျိုးကို အခြားသူတို့ တော်ရုံတန်ရုံ ခင်မင်မှုဖြင့် မပေးတတ်ချေ။ ပေးပြန်လျှင်လည်း မျိုးပွားမည် စိုး၍ ကြက်ဖကိုမပေး၊ ပုံသဏ္ဌာန်အားဖြင့် သူတို့ သိပ်မကြိုက်သော ကြက်ဖကလေးများကိုသာ ပေးတတ်၏။ ကြက်မတစ်ကောင် သားဖောက် ပေးဖို့ကား လွန်စွာ ခဲယဉ်းလှဘိတောင်း။

ကျွန်တော် အထက်တွင် ‘လစ်လျှင်’ ဟူ၍ ရေးခဲ့၏။ ဤသို့ ပြောရခြင်းမှာ ဖော်ပြပါ လူ ၆ ယောက်အနက် ၃ ယောက်မှာ ငွေကြေးလောင်းမည့် ကြက်ပိုင်ရှင်များ ဖြစ်၍ ကျန် ၃ ယောက်မှာ ကြက်စွဲ ကြက်ထိန်းများ ဖြစ်လျက် လူတစ်ယောက်လျှင် ကြက်တစ်ကောင်စီ မျက်ခြည်မပြတ် ထိန်းသိမ်း စောင့်ရှောက် နေကြရသည်။

ဤမျှ ဂရုစိုက်ရသည်မှာ ငွေထောင်သောင်း ချီ၍ စီးပွားဖြစ် ကစားမည့် ကြက်များ ဖြစ်ရကား တစ်ဖက်ရန်သူက အလစ် ဆေးပစ်ကျွေးမှာ ကြောက်ရသည်။ တိုက်ခါနီး အခြားကြက်နှင့် ခွပ်မှာလည်း စိုးရသည်။ ကြက်မနှင့် မလိုက်အောင်လည်း တားမြစ်ရသည်။ ဒါကြောင့် ‘အလစ်’ လို့ ကျွန်တော်က ဆိုသဗျ။

ကြက်သမားများ သူတို့ကြက်ကို ပြုစု ဂရုစိုက်ပုံ ဖော်ပြတော့ မိတ်ဆွေ အံ့ဩလိမ့်မည်။

ကြက်ရှင် ၃ ယောက်သည် ခြင်ထောင် ၃ လုံး ပါလာလျက် ညတွင် ကြက်တစ်ကောင် လူတစ်ယောက်၊ ခြင်ထောင် တစ်လုံးစီနှင့် အိပ်ကြသည်။ ကြက်ကို ခြင်ကိုက် အိပ်ပျက်မှာ အလွန် စိုးရိမ်ရသည်။

ကဲ … ကြက်နှင့်လူ ခြင်ထောင်ထဲ မည်သို့ အိပ်ကြသနည်း။

သူတို့မှာ ကြက်အိပ်တန်းများ ပါခဲ့သည်။ ကြက်အိပ်တန်းမှာ အပေါ် တစ်ဖက်သာ ပွင့်သော ထင်းရှူးသေတ္တာကို သစ်သားနှစ်ဘက် ညှပ်ရိုက်၍ အပေါ်က တန်းတင်ထားသည်။ ထိုတန်းပေါ် ကြက်အိပ်သော အခါ ကြက်ချေးသည် သေတ္တာထဲမှာသာ ကျ၏။

နံနက် မိုးသောက်သော အခါ သူတို့သည် ထင်းရှူးသေတ္တာ တစ်ဖက် ကြက်ကို တစ်ဖက် ပိုက်၍ အိပ်ရာမှ ထကြသည်။

မနက်စောစောတွင် အားကစားသမားများ ရေအဝ သောက်သကဲ့သို့ ကြက်ကို ရေတစ်ဝ ခွံ့ကြရသည်။ ထိုရေမှာ (ရေပြောင်း မြေပြောင်း တစ်ရပ်တစ်ကျေးမို့ ဝမ်းစိမ်းတွေ သွားမည်စိုး၍) ညဉ့်ဦးကတည်းက ကြိုချက်ထားသော ရေကျက်အေး ဖြစ်ရ၏။

ရေခွံ့ ပြီးသောအခါ ကြက်ထိန်းတို့သည် ကိုယ့်ကြက်ကိုယ် ပိုက်ကာ ကိုယ့်နေရာသို့ သွားပြီး ကြက်ကိုလွှတ်၍ ထိန်းကျောင်းကြ၏။

ကြက်တို့သည် တစ်ကျော်ကျော် တွန်၍ တစ်တွတ်တွတ် မြည်လျက် မြေကြီးကို ယက်ဆွဲခြင်း၊ ပြေးလွှား ခုန်တက်ခြင်းဖြင့် မြူးတူးနေကြ၍ တစ်နာရီလောက် အကြာ အိပ်ရာထက ခွံ့လိုက်သော ရေများ စလုတ်ထဲက ကျလောက်သော အခါ၌ သူတို့ဆီမှ အသင့် ယူလာခဲ့သော ထိုကြက်စားနေကျ ဆန်းလုံးတီးကို ကျွေးကြလေသည်။

အတိုင်းအဆနှင့် ကြက်ဝလောက်သော အခါ ရေကိုင်ကြလေသည်။ ရေကိုင်သည် ဆိုသည်မှာ (မိတ်ဆွေ မသိသေးဆိုလျှင်) ကြက်၏ ပေါင်၊ ရင်အုပ်၊ လည်ပင်းတို့ကို ရေဆွတ်၍ လက်ဖြင့် စိစိ စိစိနေအောင် ဖြစ်ညှစ်ခြင်း ဖြစ်၏။ တစ်ရေခြောက်ရင်း တစ်ခါဆွတ်ရင်းဖြင့် ယင်းသို့ ကြာကြာ လုပ်နိုင်လေ ကြက်မာလေပဲ ဖြစ်၏။

သူတို့သည် ကြက်တစ်ကောင်ကို တစ်ခါကိုင်လျှင် နာရီဝက်မျှ၊ တစ်နေ့လျှင် သုံးလေးကြိမ်ထက် မနည်း ဤသို့ လုပ်ပေးကြသည်။ နေ့လယ်ပိုင်း အလွန် ပူပြင်းသော အခါမှာ ကြက်ကို ရေစိမ်ကြသည်။

သူတို့တွင် ရေအင်တုံ တစ်လုံးလည်း ပါကြသည်။ ထိုအင်တုံထဲ ကြက်ကို မတ်တတ် ရပ်စေလျှင် ရင်ဘတ် ထိလောက်သော ရေကို ထည့်၍ ကြက်ကို နှစ်ထားလေသည်။ သူတို့ ကြက်များမှာ စိမ်နေကျ ဖြစ်နေသဖြင့် လူက ကိုင်ထားစရာပင် မလို၊ ထည့်ထားလိုက်လျှင် လူက ချမပေးမချင်း သူ့ဟာသူ နေတော့သည်။ 

ကြက်သည် ရေအလွန် ကြိုက်သော သတ္တဝါ ဖြစ်၏။ ဤကဲ့သို့ ရေနိုင်အောင် ကိုင်ထားသော ကြက်သည် မည်မျှပင် ပင်ပန်းအောင် ခွပ်ရသည် ဖြစ်စေ၊ ကောက်ကိုင်၍ ရေနှင့် တွေ့ထိလိုက်ရလျှင် ခဏအတွင်း အမောပြေ လေတော့သည်။

သူတို့သည် ကြက်ကို အိပ်တန်း တင်ခါနီး၌ စလုတ်ပြည့် တစ်ကြိမ် ကျွေး၏။ နေ့လယ်ခင်းတွင်မူ ရေအင်တုံထဲ နာရီဝက်မျှ စိန်အပြီး၌ ဆန် အနည်းငယ်နှင့် ငှက်ပျောသီးမှည့်ကို ကျွေးသည်။ ကြက်သည် ငှက်ပျောသီး ကြိုက်၏။ ငှက်ပျောသီးသည် ကြက်ကို အင်အား ဖြစ်စေ၍ သက်လုံ ကောင်းစေ၏။ ကြက်ကို တိုက်တော့မည် ဆိုလျှင် စလုတ်ထဲ၌ အစာ မများစေရ။ သင့်လျော်ရုံမျှ ကျွေးထားရလေရာ တစ်ခါတစ်ရံ ၄ ၅ နာရီကြာ ခွပ်ရသော ပွဲများတွင် စားထားသော အစာကုန်၍ ဝမ်းဗိုက် ဟာသော အခါတွင် ငှက်ပျောသီး ကျွေးနေကျ ဖြစ်ပါက ငှက်ပျောသီး လက်တစ်ဆစ်မျှ ခွံ့လိုက်ခြင်းဖြင့် အားအင်ပြည့်ဖြိုး လာတတ်ပေသည်။ ငှက်ပျောသီး စားလေ့ မရှိသော ကြက်ဖြစ်မူ ထမင်းကို ဝါး၍ ခွံ့ရ၏။

အောင်မာ … ကြက်တစ်ပွဲ ၄ ၅ နာရီကြာအောင် ခွပ်တယ်ဆိုတော့ အံ့ဩသွားသလား မိတ်ဆွေ။ အချို့ တကယ့်ထိပ်သီး ကြက်ကြီးချင်း တွေ့ကြသောအခါ တစ်ခါတစ်ရံ မနက် ဆယ်နာရီလောက် လွှတ်လိုက်တာ ထိုနေ့နှင့် မပြီး ညမှောင်တွင် ကောက်ထားကာ နောက်တစ်နေ့ မနက်မှာ ဆက်တိုက်ရသော ဝိုင်းမျိုးလည်း ရှိတတ်သေး၏။

တိရစ္ဆာန် အမျိုးတွင် တိုက်ကြက်သည် ဇွဲသတ္တိ အကောင်းဆုံး ဖြစ်၏။ တကယ့် မျိုးမှန်သော တိုက်ကြက်သည် မိမိက မခွပ်နိုင်တော့ပြီ။ ရှုံးနေမှန်း သိပါလျက် ထွက်မပြေး ခေါင်းမရှောင် ညှောက်မထိုးဘဲ တစ်ကောင်ကြက်က တစ်ဖက်သတ် ခွပ်နေသည်ကို ဗုန်းဗုန်း လဲသေသည်အထိ ငုတ်တုတ် ခံနေသော သတ္တိရှိ၏။ ထို့ကြောင့် ရာဇောဝါဒကျမ်း၌ ဘုရင်တို့အား စစ်တိုက်ရာတွင် ကြက်ကဲ့သို့ ရဲရင့်သတ္တိ ရှိရမည်ဟု ကြက်ကို စံတင်ရ၏။

လူတို့သည် မြင်းစီး၊ ဓားခုတ်၊ လှံထိုး စသည့် တိုက်ခိုက်မှု ပညာကို ဆရာသမားထံ သင်ကြား၍ ယူရ၏။ ကြက်မှာ ခွပ်နည်း ခွပ်လမ်းကို မျိုးရိုးဗီဇက လာခဲ့၏။ တိုက်ကြက်မျိုးနှင့် တိုက်ကြက်မျိုး မဟုတ်သော (ခွပ်နည်းပညာ ပါသော၊ မပါသော ကြက်နှစ်ကောင် ခွပ်လျှင် သိုင်းပညာ တတ်သူနှင့် မတတ်သူ သတ်ပုတ် နေသည်နှင့် တူလေသည်။) 

တိုက်ကြက် အမျိုးတို့တွင် ခွပ်လမ်းပညာ အမျိုးမျိုး ရှိ၏။ ကြက်နင်း၊ ကြက်ထိုး၊ ကြက်စောင့်၊ ကြက်ထိုင်၊ ကြက်ပစ်၊ ကြက်တတ်၊ ကြက်ဖျက်၊ ကြက်ရှုပ်၊ ကြက်ဆုတ်ခွပ်ပစ်။ အဲဒါ စကားကြီး ဆယ်ခွန်းမှာတောင် ပါတယ် မဟုတ်လား။ ကြက်ခွပ်လမ်းတွေကား များပြားလှ၏။ ကျွန်တော် သိသမျှ ရေးပြလျှင် စာဖတ်သူများ (ကြက်သမား မဟုတ်လျှင်) နားလည်လိမ့်မည် မဟုတ်။ ထို့ကြောင့် လိုရင်းစာ ချုပ်ရသော် ယခု ကျွန်တော်တို့အိမ် ရောက်နေသော ထောင်သောင်းချီ၍ တိုက်မည့် ကြက်များကား၊ ခွပ်လမ်း မျိုးစုံတတ်အောင် ကြက်မျိုးစုံနှင့် သေသေချာချာ ရွေးချယ် စီစဉ်ထားသော ကြက်များတည်း။ အချို့သာမန် ကြက်သမားတို့သည် ကြက်ကို တစ်လမ်းကောင်းနှင့် ကိုင်ကြ၏။ ဤတစ်လမ်းကောင်း ကြက်သည် သူကခွပ်ပေါက် ရလျှင်ရ၊ မရလျှင် တစ်နည်း မခွပ်တတ်တော့ပြီ။ ဆေးတစ်လက်ကိုင် ဆရာသို့နှယ်တည်း။

ပညာစုံတတ်သော ကြက်ခွပ်ပုံကား အလွန် ကြည့်ကောင်းသည်။ တစ်ဖက်ကြက် ဘယ်လောက် တတ်သည်ကို သူ နည်းအမျိုးမျိုး စမ်းကြည့်သည်။ အဲ … ဟိုဖက်ကြက်၏ ပျော့ကွက်ကို တွေ့သောအခါ သူသည် ဤအကွက်ကို ရအောင် ခွပ်လေတော့သည်။ သူ့ကိုယ်မှာ သွေးတစ်ပေါက် မစွန်းဘဲနှင့် အနိုင်ရအောင် ခွပ်နိုင်၏။ ကဲ … အခု ကျွန်တော့်အိမ် ရောက်နေသော ကြက်များသည် မျိုးရိုးလည်းကောင်း၊ ပညာလည်း စုံပါပြီ။ လူအပြုအစုလည်း ဆိုစရာ မရှိတော့ပြီ။ သို့သော် ကြက်တိုက်ရာမှာ ဘာတစ်ခု လိုနေပါသေး သလဲတဲ့၊ ကြက်ပွဲမှာ အရေးအကြီးဆုံးသည် ကြက်စွဲ။

ကြက်စွဲသည် မိမိကြက် ဒဏ်ရာရလျှင် သက်သာအောင် ကုနိုင်ရမည်။ အကြောထိသွားလျှင် ပြေအောင် ဖြေနိုင်ရမည်။ မိမိကြက်ကို အားပေးနိုင်ရမည်။ ထို့ပြင် ကိုယ့်ကြက်၏ အခြေအနေကို သိတတ်ရမည်။ ပူးသင့်လျှင် ပူးပေး၊ ခွာမှကောင်းလျှင် ခွာအောင်လုပ်။

လူတို့ လက်ဝှေ့ ထိုးရာတွင် တစ်ချီ ဘယ်လောက်ကြာဟု အချိန်နှင့်၊ ကြက်မှာ အချိန်မရှိ။ အချင်း ၁၀ တောင် (သို့မဟုတ်) ၁၂ တောင် စည်းဝိုင်းထားသည်။ အလယ်တည့်တည့်မှ နှစ်ကောင်သား လွှတ်၍ ခွပ်လိုက်ကြရာ တစ်ကောင်ကောင် စည်းအမြီးထောက်၊ (သို့မဟုတ်) အပြင်ရောက်သွားလျှင် ကောက်ကု အမောဖြေနိုင်၏။

ယင်းကြက်စွဲသည် မိမိကြက် အခြေအနေကို သိရမည်။ ငါ့ကြက်သည် ဝိုင်းထဲမှာ ကြာကြာခွပ်နေရလျှင် ကောင်းသလား။ သို့မဟုတ် ခဏခဏ ကောက်ပြီး အမောဖြေ ကုပေးရလျှင် ကောင်းမည်လား။ ဝိုင်းထဲကြာမှ ကောင်းလျှင် နှစ်ကောင် စည်းမရောက်အောင် လုပ်ရမည်။ ကောက်ကုမှ ကောင်းလျှင် မြန်မြန် စည်းပြင်ရောက်အောင် ထုတ်နိုင်ရမည်။

ဤပညာသည် အလွန်ခက်၏။ ဝိုင်းထဲ ကြက်နှစ်ကောင် ခွပ်နေစဉ် ကြက်စွဲသည် မိမိကြက်ကို မထိရ။ လေမှုတ် ပေးနိုင်သည်။ ရေပက် ပေးနိုင်သည်။ သို့သော် ထိုရေ - ထိုလေသည် တစ်ဖက်ကြက်ကို မထိစေရ။ ထို့ကြောင့် ရေပေးရင်၊ လေပေးရင် မိမိကြက် နံဘေးမှ လည်းကောင်း၊ နောက်မှ လည်းကောင်း ဖားကဲ့သို့ ဝပ်ကာ လေးဘက်တွားလျက် ကိုယ့်ကြက် လိုရာသို့ ရောက်အောင် ကိုယ်ဟန် လက်ဟန်ဖြင့် ပို့ပေးရသည်။ ကြက်စွဲကောင်းတို့ မည်သည် အာဝဇ္ဇန်းလည်း ရွှင်လှ၏။ သူသည် သူ့ကြက်ကို စကား တတွတ်တွတ် ပြောလျက်ရှိလေသည်။

ဥပမာ မိမိကြက်က ခံလိုက်ရသည် ဆိုဦးတော့ …

“အောင်မယ်လေး … သား မှားသွားသကိုး။ သည်လို မမိုက်နဲ့ အဲ … အဲ … ဟုတ်ပြီ ဆုတ် … ဆုတ် အဲလို သတ်ချလိုက်၊ အောင်မလေးဟဲ့ … လူမမြင်ဘူးနော်။ လာခဲ့ … လိုက်ခဲ့၊ လိုက်လေ ကြိုက်လေ၊ လိုက်လေ ကြိုက်လေ၊ ဖြုတ်စမ်း ဖြုတ်စမ်းဟာ … ငါ့သားနှယ်၊ သူများက ဦးသွားပဟေ့၊ ကဲ … ဒါလောက်တော့ ခံနိုင်ပါတယ်ကွာ … ကျားဘသားပဲ” စသည်ဖြင့် မိမိကြက်က အရေးမလှလည်း အားပေးလျက် ကိုယ့်ကြက်က သာလျှင်မူကား အထူး ပြောဖွယ်မရှိ။

“ငါ့သားက လုပ်လိုက်ရင် ဒီလိုချည်းပဲကွ။ ကြည့်လေ - ကြည့်လေ ဟဲ … ဟဲ ဖြေးဖြေး လုပ်ပါကွယ့်။ ရွှေပွဲလာများ ကြာကြာ ကြည့်ရအောင် အောင်မယ်၊ ဒါမျိုးတော့ ကြိုက်ပေါက်ပေါ့။ အောင်မယ်လေး ဒီလို ကြိုက်ပေါက်မျိုး ခွပ်လိုက်ရရင်နော် …၊ (တစ်ဖက်ကြက်စွဲသို့ လှမ်း၍) ကိုယ့်လူ မျိုးလိုချင် ကောက်ထားနော်၊ တော်ကြာ ခေါင်းပြုတ်သွားလို့ ဟင်းတစ်ဖတ် လျော့နေဦးမယ်”

ဤတွင် ဟိုဘက် ကြက်စွဲကလည်း …

“ကိုယ့်ဆရာ မထင်နဲ့နော် … ဟော ဒီကြက်မျိုး ဓားမရေကျမျိုး၊ နို့ပြီး ဓားမရေပေါ် ပေါ်တတ်တယ်။ ဒီလိုနဲ့ အောက်ကြေးက စားတာ များလှပြီ။ တော်ကြာ နိုင်ရာက ရှုံးတော့မှ အောင်မလေး တစ်သက်တော့ ကြက်နဲ့ ပြတ်ပါပြီဗျ ဖြစ်သွားမယ်နှော …"

ကြက်စွဲ နှစ်ယောက်စလုံး အာဝဇ္ဇန်း ရွှင်လျင် ထိုကြက်ပွဲသည် အလွန် ကြည့်ကောင်း၏။ ရှုံးသည်တိုင်အောင် ပျော်ပျော်ရှုံးရ၏။

အချို့က လောင်းကစားခြင်းတွင် ရှုံးတာ၊ နိုင်တာ ပဓာနမဟုတ် (Thrill) စိတ်လှုပ်ရှားမှု ခံစားလို၍ဟု ဆိုကြ၏။ ဤအရသာ ခံစားလိုမှု လူ့ပြည်၌ ကြက်ပွဲသည် အကောင်းဆုံး ဖြစ်၏။ ကြက်ပွဲသည် နာရီပေါင်း များစွာလည်း ကြာတတ်၏။ ဤအတွင်း ကြွေတစ်လက် ကြက်တစ်ခုန် ဆိုသည့်အတိုင်း တစ်ပြန်စီ ခွပ်နေပုံမှာ လောင်းကစားသူ အမှန်ပင် စိတ်လှုပ်ရှားပါ၏။ ကြက်စွဲ နှစ်ယောက်စလုံး အာဝဇ္ဇန်း ရွှင်ဘိမူ၊ သူတို့နှစ်ယောက် အောက်ကျမခံ အချီအချ ပြောနေသည်ကို နားထောင်ရင်း သင်သည် စိတ်လှုပ်ရှားလျက် ရယ်မော နေရပေမည်။

ထို့ပြင် ကြက်စွဲတို့မည်သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်းလည်း ရှိရ၏။ ပရိယာယ်လည်း ကြွယ်ရ၏။ ဥပမာ မိမိကြက်က အရေးနိမ့်နေသဖြင့် ကုတာ ကြာနေ၍ တစ်ဖက်က ခေါ်နေအံ့၊ အချိန်ကြာစွာ ရအောင် နည်းပရိယာယ် သုံးတတ်ရမည်။ ဟိုဘက်က အပေါ်စီး ပြောသည်ကို သည်းခံရမည်။

ကြက်ပွဲတွင် ကြက်စွဲက အရေးကြီးလှ၏။ ကြက်အကောင်ချင်း တူလျှင် ကြက်စွဲ သာသည့်ဘက်က နိုင်တတ်၏။

ယခု ကျွန်တော့်အိမ် ရောက်နေသော ကြက်သမားတို့ ကြက်စွဲကောင်း အဖြစ်နှင့် ခေါ်လာခဲ့သူကား ဤဇာတ်လမ်း အစ၌ ကျွန်တော် ဘုရားဖူး လိုက်ပို့နေသော အသက် ၆၀ ကျော် ဘကြီးမဲ ပေတည်း။

* * * 

ကျွန်တော့် နောင်တော်များသည် ယခင်ကပင် ရန်ကုန်က ကြက်သမားများနှင့် အဆက်အသွယ် ရှိသည်ဖြစ်၍ ကျွန်တော့်အိမ် ရောက်ပြီး နောက်တစ်နေ့မှာပင် ကြက်သမားများ လာရောက်ကြကာ ကြက်များကို ကြည့်ကြသည်။ တိုက်လိုသည့် ကြေးကိုမေး၍ ရွယ်တူ ကြက်များကို ရန်ကုန် ပတ်လည်ရှိ ကြက်သမားတို့ ထံတွင် ရှာကြလေသည်။ ရန်ကုန် ပတ်လည်ရှိ ကြက်သမား ရွာများမှာ တံတားလေး၊ ကျောက်ဝိုင်း၊ သိမ်ကျောင်း၊ ကျောက်ချောင်းတို့ ဖြစ်၏။

၃ ရက်မြောက် နေ့၌ ကြက်ဒိုင် လုပ်သူသည် နံနက်စောစီး မော်တော်ကား လွှတ်၍ ခေါ်သည်။ ကျွန်တော် အပါအဝင် လူ ၃ ယောက် ကြက်သုံးကောင်နှင့် လိုက်သွားကြလေသည်။

အရေးကြုံသော် ဝိုင်းထဲ ငွေမမိအောင် ငွေများကို ကြက်ဒိုင်အိမ်မှာ ထားခဲ့ပြီး ကြက်ဝိုင်းလုပ်မည့် နေရာသို့ သွားကြသည်။ ကျွန်တော်တို့သည် (၈) နာရီလောက် ရောက်နေကြ၍ တစ်ဖက် လူများက မလာကြသေး၊ ခပ်ဝေးဝေးမှ ဖြစ်သည်။ သည်းခံ စောင့်ကြပါရန်။

ကိစ္စမရှိ၊ ကြက်သမားတို့ မည်သည် ကြက်ဝိုင်း ဖြစ်မည်ဆိုလျှင် ကိုလူပျို ရည်းစား စောင့်သကဲ့သို့ စောင့်မည်တည်း။

၁၀ နာရီလောက်မှ ဟိုဘက်လူများ၊ ဂျစ်ကား ၃ စီး၊ ကြက်ဖ ၃ ကောင်နှင့် ရောက်လာကြ၏။ ရောက်တယ်ဆို သိပ်မဆိုင်း နိုင်ကြပါ။ ကြက်သုံးကောင်ချင်း ချဆွယ်လိုက်သည်။ နှစ်ကောင်ချင်း တစ်ဘက်နှင့် တစ်ဘက် မငြင်းနိုင်လောက်အောင် အံကိုက်ဖြစ်နေ ပေတော့သည်။

ကြက်သမားများသည် ကြက်တိုက်ရာ၌ လွန်စွာ လွန်စွာ တရားမျှတ၏။ အလုံးချင်း၊ ဒေါက်ချင်း၊ အလျားချင်းသာမက၊ အသက်၊ အတက် အတိုအရှည်၊ ခွပ်သား အနုအရင့်၊ လည်ကိုင်း အနိမ့်အမြင့်ပါ တိုင်းကြသည်။ အချို့ အံကိုက် မရလျှင် တစ်ခုနှင့် တစ်ခု ထေရ၏။ ဥပမာ - ဒီကြက်က ဒေါက်စား၏၊ သို့သော် ဟိုကြက်က အလုံးနည်းနည်း ပိုကြီးသည်။

ကျွန်တော်တို့ ကြက်သုံးဖ၏ နာမည်မှာ မင်းသားကြီး၊ ကျား၊ ရွှေဝါ ဖြစ်ရာ မင်းသားကြီးနှင့် ဟိုဘက်က ပြာနီ (နာမည်မဟုတ် အမွေးရောင်) နှင့် လည်းကောင်း၊ ကျားနှင့် ဖောင်းစိမ်း တစ်ကောင်နှင့် လည်းကောင်း တိုက်ရန် သဘောတူကြပြီ။

ကဲ … ဘယ်အတွဲ စလွှတ်မည်နည်း။

“ကျုပ်တို့ ပေါင်းတည် ဘက်ကတော့ ဘယ်ကြက်ပဲ လွှတ်ရ၊ လွှတ်ရဗျို့။ ခင်ဗျားတို့ ဘက်ကသာ ဆိုပါ”

သူတို့သည် တီးတိုး တီးတိုးနှင့် တိုင်ပင်ကြပြီးနောက် …

“ဖောင်းစိမ်းကို လွှတ်မယ်ဗျို့ …"

ထို့ကြောင့် ဘကြီးမဲသည် အင်္ကျီကိုချွတ်၍ ခါးတောင်းမြောင်အောင် ကျိုက်ကာ ကျားကို ကိုင်လေပြီ။

“ဆယ်တောင်စည်းလား၊ ဆယ့်နှစ်တောင်စည်းလား” ကြက်ဒိုင်က မေး၏။

“ဒီနှစ်ကြက်လား ကလေးတွေပဲဗျာ၊ ၁၀ တောင်စည်းပေါ့”

မင်းသားကြီးနှင့် ရွှေဝါမှာ မနှစ်က ကြက်များဖြစ်၍ နှစ်ခါလည်သား၊ ကျားမှာ ဒီနှစ်မှကြက် တစ်နှစ်သား။ ဒါကြောင့် သူတို့ကို ခဏနှင့်ကောက် အမော ဖြေနိုင်ရန် စည်းကျဉ်းရ၏။

“ကဲ … ကြေး ဘယ်လောက်တုန်း”

ဒိုင်ကမေး၍ ကျွန်တော်တို့ ပေါင်းတည်သားက “ခင်ဗျားတို့ဘက်က ရသလောက် စုလိုက်” ဟု ဝံ့ကြွားစွာ ပြောလိုက်၏။

သူတို့သည် စာရင်းအင်းနှင့် လူနှစ်ဆယ် အစိတ်လောက် စုထည့် လိုက်ကြပြီး။

“၃၂၂၃ ကျပ်”

ဒီ ငွေအရေအတွက်ကို အံ့ဩသလား မိတ်ဆွေ၊ ကြက်လောင်းကြေး ထုံးစံ ငွေတစ်ရာကို တစ်ဆယ် ကောက်သဖြင့် လောင်းသူသည် ၁၁၀ ကျပ်၊ ၅၅ ကျပ်၊ ၁၁ ကျပ်၊ ၅ ကျပ်ခွဲ စသည်ဖြင့် ထည့်ရ၏။

ဤငွေ ၃၂၂၃ ကျပ်မှ အကောက်က ၂၉၃ ကျပ်၊ ကြက်ဒိုင်တို့ မည်သည် နှစ်ဘက် ကောက်ယူခြင်း ဖြစ်၍ ဤပွဲမှ ဒိုင်လုပ်သူ ၅၈၆ ကျပ် ရချေမည်။

သူတို့ဘက်က လောင်းကြေး ပြောလိုက်တော့ ကျွန်တော်တို့ဘက်က -

“ဟာ၊ နည်းလိုက်တာဗျာ - ၅၅၀၀ ကျပ်မှ မပြည့်ဘဲ”

သူတို့ကလည်း အောက်ကျမခံ။

“ဒါလက်ရင်း ရှိပါသေးတယ်ဗျာ လက်ဖျား စောင့်ကြည့်ပါဦး”

နောက်ထပ် လောင်းတာကို လက်ဖျားဟု ခေါ်သည်။ လက်ဖျား လောင်းကြေး မှတ်ရန် ကြက်ဒိုင်၏ စာရေးက စားပွဲတစ်လုံး၊ စာတစ်အုပ်နှင့်။

မကြာမီအတွင်း၌ ကြက်ဝိုင်း စည်းကမ်းများကို ပြောပြီးနောက် နဂါးလှည့်၊ နတ်နေ၊ လာဘ်နေ ရွေးကြပြီး ကြက်နှစ်ကောင် လွှတ်ကြလေပြီ။

ဘကြီးမဲမှာ နာမည်နှင့် လိုက်အောင် အသားကမဲမဲ၊ အင်္ကျီဗလာ၊ ခါးတောင်းကျိုက် ကျားကျား၊ ထိုးကွင်းများနှင့် ဖြစ်ပြီး ကြက်နောက်က ဖားထိုင်, ထိုင်ရလေတော့ တကယ့် ဖားကြီးနှင့် တူလှပေတော့သည်။

ဟိုဘက်က ကြက်စွဲမှာလည်း အဘိုးကြီး၊ ဘကြီးမဲထက် မငယ်ချေ။ ကြက်စွဲတို့မည်သည် အသက်ကြီးလေ … သဘာရင့်လေ … ကောင်းလေတည်း။

လွှတ်လိုက်၍ သုံးလေးခုန် ခုန်ပြီးလျှင်ပင် ကျွန်တော်တို့ဘက်မှ လက်ဖျား ခေါ်တော့၏။

“ပေါင်းတည်ကြက်က လက်ဖျား ရှိသတဲ့ဗျို့ …"

ကြက်ဒိုင် စာရေးက ကြွေးကြော်လိုက်၏။ 

ငွေတစ်ရာ ရောက်လာသည်။ စာရေးအပြင် ကျွန်တော်ကပါ လက်ခံကြောင်း စာတစ်ရွက်ဖြင့် မှတ်ရ၏။ ကြက်ဝိုင်းနား ထိုင်နေသော ကျွန်တော်တို့ လူက သူလက်ညှိုး ထောင်ထားသမျှ လာသမျှ ကြေးလက်ခံ။

သို့သော် လက်ဖျားတစ်ရာ အပြင် နောက်ထပ် မလာတော့ပြီ။ လွှတ်ကတည်းက ပေါင်းတည်ကြက်က ခွပ်လမ်း သာနေ၏။

သူတို့ကြက်မှာ တစ်လမ်းကောင်း ကြက်ထိုးကြက်တက်၊ ကျွန်တော်တို့ ကျားက သူ့ အထိုးအတက်ကို အားလုံး ဖျက်နိုင်ရုံမက ဆီးဆီးပြီး ဆိုင်လိုက်၊ ရောလိုက်၊ ရှောင်လိုက်ဖြင့် သူတို့ကြက်သာ နာလေတော့သည်။

ဆိုင်သည်၊ ရောသည် ဆိုသည်မှာ တစ်ဖက်ကြက်က ခုန်တက် လာသောအခါ သူ့နည်းတူ ရောထွေး ခုန်လိုက်ပြီး ခြေထောက်နှင့် တွန်းကန် ညှပ်ခုတ် ပစ်လိုက်ခြင်းကို ခေါ်သ်ည။

ရှော်သည် ဆိုသည်ကား တစ်ဖက်ကြက် ပျံတက်အလာကို ဆီး၍ တွန်းလှန်ပစ်ခြင်း ဖြစ်သည်။

ဤသို့လျှင် တစ်ဖက် ကြက်အတက်ကို ကျားက ဆီးရောလိုက်၊ ဖမ်းရှောင်လိုက် လုပ်ခြင်းဖြင့် ဟိုကြက်ခမျာ မသက်သာတော့ပြီ။ ရင်ဘတ်နှင့် ကျလိုက်၊ ဖင်ထိုင်အဆီဗူးနှင့် ကျလိုက် ဖြစ်နေတော့၏။

သူတို့ကြက်သည် တက်၍ မရမှန်းသိလျှင် ခွပ်လမ်း ပြောင်းပါတော့လား၊ မပြောင်းချေ။ ထို့ကြောင့် ဒီကြက်ကို ကျွန်တော်က တစ်လမ်းကောင်းကြက်ဟု ပြောခြင်းဖြစ်သည်။ သူ့တစ်လမ်းကောင်း သူ့ခွပ်ပေါက် ရလျှင်လည်း ခဏလေးနှင့် နိုင်အောင် ခွပ်မည့် ကြက်တည်း။

သို့သော် ပေါင်းတည်ကျားက ပညာစုံလှပါ၏။ ယခုအချိန်အထိ ၁၅ မိနစ်မျှ အကြာ စည်းဝိုင်းရောက်၍ တစ်ရေ ကောက်ပြီးသည့်တိုင် ကျားသည် သူ့ကြိုက်ပေါက် တစ်ချက်မျှ မခွပ်ရသေးချေ။ ဟိုက အတက်ကို ဆီး၍ ဆီး၍ ဖျက်နေတုန်း ဖြစ်၏။

ကျားသည် ကြက်ပစ်ကောင်းသူ ဖြစ်၏။

ဟော … ပစ်လိုက်ရပါပြီ။

ဒုတိယအချီ လွှတ်၍ ငါးမိနစ်မျှ အကြာ ဟိုကြက်က တက်အလာ၊ ဆီးရောလိုက်သဖြင့် ဖင်ထိုင်ကျ၍ ပြန်အထ ခြေမပြင်ရမီ အတောင်ကားကားနှင့် တစ်စောင်းကလေး နေတုန်း ခြေစုံထိုးပစ်လိုက်ရာ အတောင်ခွကြား မှန်လေ၏။ ဟိုကြက်ခမျာ အတောင်သွင်သွင် ကျိုးရှာလေပြီ။

ကြက်ဝိုင်းထုံးစံ အတောင်ကျိုး၊ ပေါင်ကျိုး၊ စုံလုံးကန်း၊ ခွပ်ဘက်မရ အရှုံးပေးရသည် ဖြစ်သောကြောင့် ဤမျှနှင့် ကြက်ဝိုင်း ပြီးပါလေသတည်း။

သူတို့ဘက်က လူများမှာ စုတ်တသပ်သပ်နှင့်  “ငါ့သားရယ် ဖြစ်မှဖြစ်ရလေ … ဖြစ်မှဖြစ်ရလေ …" ဟု ညည်းညူကြ၏။ သူတို့ကြက်သည် ယခင်က ငါးပွဲတောင် နိုင်ထားပြီးသားတဲ့။ တစ်ပွဲ တစ်ပွဲ ခဏလေးပဲ ခွပ်သတဲ့။ ယခု ကျားက သူ့အား မိနစ် ၂၀ မျှနှင့် အဆုံးသတ်ပစ် လိုက်လေသည်။

သူတို့ဘက်က သူများသည် ခြေကုန်လက်ပန်း ကျ၍ သက်ပြင်းကြီးများ ရှူကြကုန်၏။။

ဤတွင် ဒိုင်က “ကဲ … နောက်တစ်ပွဲ လွှတ်ကြဖို့ လုပ် …”

သို့သော် … သူတို့မှာ ငွေ သိပ်မရှိတော့ပြီ။ ဟိုတစ်စု၊ သည်တစ်စု ရုတ်ရုတ် ရုတ်ရုတ်နှင့် တွတ်ထိုးကြပြီးနောက် ၃၃၀ ကျပ်လောက်ပဲ တိုက်နိုင်တော့မည်ဟု ဆို၏။ ဒီတော့ ကျုပ်တို့ပေါင်းတည်၊ နတ်တလင်းသားများက “ငွေလေး ၃၀၀ ကျပ်လောက်နဲ့ ကြက် အပင်ပန်းခံလို့ဗျာ …"

ဤပွဲတွင် ကျွန်တော်သည် ကြက်အကောင်းကို တွေ့လိုက် ရပါသော်လည်း ကြက်စွဲ၏ ပညာကို မမြင်လိုက်ရပါချေ။ ဘကြီးမဲမှာ ဘာမျှ မလုပ်လိုက်ရ၊ ဘာအာဝဇ္ဇန်းမှလည်း မရွှင်လိုက်ရ၊ ဟိုကြက်ကို ကျားက ဆီးဆိုင်လိုက်၊ ရောလိုက် လုပ်သောအခါ၌ “အဲ … ဟုတ်တယ် သား၊ ဟုတ်ပြီ သား” လောက်နှင့်ပင် ကိစ္စပြီးရလေသည်။

ဘကြီးမဲသည် ကြက်ဝိုင်း အပြီး၌ ခါးတောင်းကျိုက် ဖြုတ်ရင်း … 

“လခွီးတဲ့ အားနာဖို့ ကောင်းရော …"

* * *

နောက်တစ်နေ့ နံနက်၌ ဘကြီးမဲသည် ငါ့ဘုရားလိုက်ပို့တော့ဟု ဆိုလေသည်။ ကျွန်တော့်နောင်တော် ကိုဘိုးကဲမှာ ဘုရားတွေ ရောက်ဖူးသည်ဟု ဆိုသော်လည်း ရေရေလည်လည် သွားတတ်သည် မဟုတ်သောကြောင့် ကျွန်တော်က ခေါင်းဆောင်ခေါ်ငင်ခဲ့ရာ ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်တို့ ကမ္ဘာအေး စေတီတော်သို့ ရောက်နေကြပေပြီ။

ထိုမှ ကျွန်တော်တို့သည် ဘတ်စ်ကားဖြင့် ရွှေတိဂုံ စေတီတော်သို့ လာခဲ့ကြသည်။ ဗဟန်းစောင်းတန်းမှ တက်ကြရာ အလယ်ပစ္စယံ ရောက်သည်၌ ကျွန်တော်က …

“ဘကြီးမဲ မမောဘူးလား နားဦးလေ …"

“အောင်မယ် … မင်းတို့ နွားပျိုသန်လှ နွားအို ပေါင်ကျိုးပါကွာ” ဆိုပြီး ဆက်တက်သွားသဖြင့် ကျွန်တော်တို့မှာ သူ့နောက်က လိုက်ကြရလေသည်။ စင်စစ် မောသူကတော့ ကျွန်တော်ပါ။ အရှေ့မုခ် ရောက်သည်၌ ကျွန်တော်မှာ ဝတ်မျှ မဖြည့်နိုင်ဘဲ ပစ်ထိုင်လိုက်ပြီး ဦးထုပ်နှင့် ယပ်ခတ်နေရသည်။

ဘကြီးမဲကမူ ဣန္ဒြေမပျက် သူ့ ဘုရားရှိခိုးရှည်ကြီးကို ရွတ်ဆိုလေသည်။ ထို့နောက် အနီးရှိ အလှူခံ သေတ္တာများထဲသို့ ကျပ်တန်၊ ငါးကျပ်တန်များပင် ထည့်လေသည်။

ကျွန်တော် အံ့ဩမိကာ …

“ဘကြီးမဲက တော်တော် ချမ်းသာသလားဗျ …"

ကျွန်တော့် နောင်တော်ကို တီးတိုးမေးမိရာ …

“ဘယ်က ရှိရမှာလဲကွာ … ဒီပိုက်ဆံကလေး တောင်မှ တို့က သူ့ကို ကြက်စွဲခ ပေးလို့”
“ဟုတ်လား …"

ဘကြီးမဲ စေတနာကား အထွတ်အထိပ်သို့ ရောက်နေပေပြီ။

ယင်းအခိုက် ကျွန်တော့်အိမ် နံဘေးက အဒေါ်ကြီးသည် သူ့အဖော် တစ်သိုက်နှင့် ရောက်လာကာ ကျွန်တော့် မြင်လျှင် …

“အော … ကိုသော်တာလည်း ဘုရားဖူးလာသကိုး” ဟု ပြောရင်း ကိုဘိုးကဲနှင့် ဘကြီးမဲတို့ကို တွေ့သွားသည်နှင့် “အော … တောက ကြက်သမားတွေ ဘုရား လိုက်ပို့တာကိုးကွယ့် … သာဓုကွယ် သာဓု ဒီလိုလည်း ငရဲလူတွေ ကယ်ဦးမှပေါ့ကွယ့်”

အဒေါ်ကြီးက တောသားတွေ ရယ်လို့ ဘာမျှ ဂရုမစိုက်ဘဲ သူပြောချင်ရာ ပြောပြီး ကျော်လွန်သွားသည်၌ ဘကြီးမဲမှာ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ကျွန်တော့် နောင်တော်အား …

“ဘိုးကဲရာ ငါ ရှက်လိုက်တာကွာ … ငါ့မျက်နှာသာ ဓားနဲ့လှီးပစ် ချင်တော့တယ်ဟေ့ …" 

ကျွန်တော်ပင် ဘကြီးမဲကို အားနာမိလျက် …

“ဟုတ်ပါ့ဗျာ … ဒီမ်ိန်းမကြီးနှယ် အပြောအဆို ပက်စက်ပါပေ့”

သို့သော် ဘကြီးမဲမှာ …

“သူ့ကို အပြစ်မတင်နဲ့ သူငယ်၊ ငါ့ အသက်အရွယ်ကြီးနဲ့ ဒီလို မိုက်နေတာကို ပြောမယ်ဆိုလည်း ပြောစရာပဲ။ ဒါကြောင့် ငါ ဒီကြက်တိုက်တဲ့ အလုပ်ကို ဖြတ်ခဲ့တာ ကြာပြီကွ။ ဂျပန်ခေတ် ကတည်းကပဲ၊ ၁၅ နှစ် ကျော်ပါပြီ။ ခုမှ မင့်အစ်ကိုတော်များ လှုံ့ဆော်လို့ …"
“ဟင် … ဟုတ်လား”

“သင်းတို့ ငါ့ကို ရန်ကုန် ဘုရားဖူးရအောင် လိုက်မလား၊ ကြက်စွဲ လုပ်ပေးရင် စရိတ်ခံ ခေါ်မယ်။ နို့ပြီး နိုင်ရင်လည်း ငွေတစ်ရာ ပေးမယ်ဆိုလို့ ငါလည်း ဘုရားဖူးချင်လွန်းလို့ လိုက်ခဲ့ရတာဟေ့ … ဘကြီးမှာ ဒီအသက်အရွယ် အထိ ရန်ကုန်ကို တစ်ခါမှ မရောက်ခဲ့ဖူးဘူး သူငယ်ရဲ့။ လေးဆူဓာတ်ပုံ ရွှေတိဂုံဆိုတာ ငါ ဓာတ်ပုံထဲမှာပဲ မြင်ဖူးခဲ့တယ်။ အခုမှ ကိုယ်တိုင် ဖူးရတာကွယ့်၊ ဒါကြောင့် သူတို့ပေးလို့ ရတဲ့ငွေကို ငါအိမ်အတွက် မယူပါဘူး။ ဒီမကောင်းမှုတွေ ကျေပျက်အောင် ဘုရားတွေမှာချည်း ကုန်အောင် လျှောက်လှူပစ် လိုက်မှာပဲကွယ့်။ ငါ အာသီသထားခဲ့တဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်ကြီးလည်း ဖူးရပါပြီ။ ဒီကြက်တိုက်တဲ့ အလုပ်ကိုလည်း နောက် ဘယ်နည်းနဲ့မှ မလုပ်တော့ပါဘူးလို့ အခုငါ ဘုရားရှိခိုးတိုင်း သစ္စာအဓိဋ္ဌာန် ပြုလိုက်တာပဲကွယ့် …"

ကျွန်တော်သည် ဘကြီးမဲစကားကို ငေးမော နားထောင်ရင်း ဘကြီးမဲ၏ ငရဲပန်းမှ ဖူးငုံလာသော နတ်ပန်းကလေး ပွင့်ပါစေ၊ ပွင့်ပြီးသား ငရဲပန်းသည် ညှိုးနွမ်း၍ ခြောက်သွေ့ သွားပါစေ ဟူ၍ စိတ်ထဲမှ ဆုတောင်း ပတ္တနာ ပြုလိုက်ပါ၏။


ယောက္ခမကြီးက မျက်နှာညိုသဗျ

ယောက္ခမကြီးက မျက်နှာညိုသဗျ
------------------------------------------------ 
စာရေးဆရာ-သုမောင်
=================


“ယောက္ခမရိုသေ အသက်ရှည်” ဆိုရိုးစကားဟာ မှန်ခဲ့သည်ရှိသော် ကျွန်တော်သည် “ဇာတာ” ပါ အညွှန်းအတိုင်း အသက် (၁၂၀) ကျော်ရှည်မှာ သေချာပါသည်။ အကြောင်းမှာ (ဘာရယ်ကြောင့်မသိ) ကျွန်တော်သည် ကျွန်တော့်ယောက္ခမ (မိန်းမသူ) အား အလွန်ရိုသေ သောကြောင့်ပင်။ ခုနေခါ ကျွန်တော့်ယောက္ခမကြီးသည် သီလရှင် အပြီးတိုင် ဝတ်သွားပြီ ဖြစ်သဖြင့် ပို၍ပင် ရိုသေနေရသည်ကို အသာထားပြီး အေးဘုံနှင့် ညားကထဲက ကျွန်တော်သည် ယောက္ခမကြီးအား ချစ်ကြောက်ရိုသေ ခဲ့သောသူ ဖြစ်ပါသည်။

ဤစကားကို ဆိုရာ၌ ကျွန်တော့်တွင် ဟန်လုပ်ခြင်း၊ ဂုဏ်ဖော်လိုခြင်း၊ ပြက်ရယ်ပြုလိုခြင်း စသော အပိုဆာဒါးများ လုံးဝမပါကြောင်း ဝန်ခံပါသည်။ ကျွန်တော်က တစ်ကယ်ပင် အေးဘုံမိခင်ကြီးကို ချစ်ကြောက်ရိုသေခဲ့ရိုး အမှန်ဖြစ်ပါသည်။ ထိုသို့ ကျွန်တော့်ဘက်က ချစ်ကြောက် ရိုသေရသည်မှာ ယောက္ခမကြီးက ချမ်းသာလို့၊ အရှိန်အဝါကြီးလို့ ယောက္ခမပီသစွာ နေထိုင်တတ်လို့ စသည်ဖြင့် မဟုတ်ရပါ။ ယောက္ခမကြီးသည် အများသူငါ ယောက္ခမမျိုးကဲ့သို့ပင် သမရိုးကျ အမျိုးအစားပင် ဖြစ်ပါ သည်။ သားမက်အပေါ်၌ အထက်စီးဖြင့် မောက်မာခြင်းမျိုး၊ သမက်ဖမ်းပြီး ဖူးဖူးမှုတ်ထားတတ်သည့် အမျိုးလည်း မဟုတ်ပါ။ သူလိုငါလိုပင် အစပိုင်း၌ (ကျွန်တော် ရုပ်ရှင်မင်းသားမို့) သဘောမတူချင် သလိုလိုရှိခဲ့ပြီး နောက်ပိုင်း ကျွန်တော့်စိတ်ရင်းကို သိလာသောအခါ ပိုနေမြဲ ကျားနေမြဲ သားမက်နှင့် ယောက္ခမပုံစံ ဝင်သွားပါသည်။ 

သို့ဆိုလျှင် ကျွန်တော် ယောက္ခမကြီးအား ဘာ့ကြောင့် ချစ်ကြောက်ရိုသေကြောင်း စကားပိုပြောရ ပါသနည်း။ ယောက္ခမပဲဟာ ချစ်ရမည်၊ ကြောက်ရမည်၊ ရိုသေရမည်ဆိုတာတော့ ဓမ္မတာမဟုတ်ပါလား။ ဘာကြောင့် ဒါကိုပင် ကျွန်တော်က တဖွဲ့တနွဲ့ ရေးနေရသနည်း။ အကြောင်းကား ... ကျွန်တော်သည် အနန္တဂိုဏ်းဝင် များအပေါ် ချစ်ကြောက်ရိုသေရာ၌ မိဘရင်းထက် ယောက္ခမအပေါ် ပိုသောကြောင့်ဟု ရိုးသားစွာဆိုရပါမည်။ ဘာကြောင့်ရယ်တော့ ခုတိုင် စဉ်းစားမရပေ။ တစ်ခုတော့ရှိသည်။ ချစ်၊ ကြောက်၊ ရိုသေ သုံးမျိုးရှိရာ “ချစ်” ဆိုသော နေရာ၌ကား ကျွန်တော့် မိဘရင်းများကို ပိုမှာသေချာပါသည်။ မှန်ပါသည်။ ကျွန်တော်သည် မိဘရင်းထက် ယောက္ခမကြီးကိုပို၍ ကြောက်ပါသည်။ ရိုသေပါသည်။ မိဘရင်းက ပို၍ သွေးနီးသဖြင့် အချစ်ပိုပြီးပေါ့ပေါ့တန်တန် ဖြစ်သွားသလားတော့ မပြောတတ်ပေ။

လူ့သဘာဝကား သွေးအေးပြီး အနေဝေးလေလေ တလေးတစား ရှိလေလေ မဟုတ်ပါလား။ အနီးစပ်ဆုံး ဥပမာပြရလျှင် ကျွန်တော်သည် အရက်သေစာ သောက်သုံးရာ၌ ဘယ်သူ့ရှေ့မှ ရှောင်သူ မဟုတ်ပေ။ ကိုယ့်သိက္ခာကိုမျှ မငဲ့ဘဲ လမ်းဘေး ခွေးခြေပုကလေးများဖြင့် ရောင်းသော အရက်ဖြူဆိုင်မှာပင် မော်တော်ကား ရပ်ပြီး သောက်တတ်သော အရှက်မဲ့ အရက်သမား ဖြစ်ခဲ့ဖူးပါသည်။ မင်းပွဲစိုးပွဲမှာလည်း ဟန်မလုပ်တမ်း သောက်တတ်ပါသည်။ လူကြားသူကြား ပုလင်းလိုက်မော့ခြင်း အမှုကိုလည်း ပြုတတ်ပါသည်။ အဖေ့ကို ကြောက်သဖြင့် ခိုးသောက်သော်လည်း အရက်သောက်ပြီးစ အနံ့သတ်နည်းမျိုးစုံကို သုံးပြီးမှ အဖေ့နား ကပ်ရဲပါသည်။ သိသာသိစေ မမြင်စေနဲ့ သဘောမျိုး ထားနိုင်ရဲခဲ့ပါသည်။ အမေ့ရှေ့မှာ မသောက်သော်လည်း အရက်မူးမူးနှင့် အမေ့ရင်ခွင်ထဲ ဝင်တိုးဝှေ့ဖူးပါသည်။ 

သို့သော် ကျွန်တော်သည် အရက်သောက်ထားပြီဆိုလျှင် ယောက္ခမကြီး အိမ်ရိပ်သို့ပင် မနင်းရဲချေ။ သောက်ပြီး သူ့ထံသွားဖို့ဆိုတာ ဝေလာဝေး ကျွန်တော် အရက်သောက်ထားကြောင်း ယောက္ခမကြီး မသိအောင် တစ်အိမ်လုံးကို ဖုံးဖိထားခိုင်းတတ်သည်။ ကုန်ကုန်ပြောကြေး အရက်သောက်ထားလျှင် ယောက္ခမကြီးထံ တယ်လီဖုန်းမဆက်။ သူကဆက်လျှင်လည်း ဖုန်းမကိုင်။ ဤမျှအထိ အရက်နှင့်ပတ်သက်လျှင် ယောက္ခမကို ရှောင်သည်။

ကျွန်တော် သောက်တတ်တာ သူမသိမဟုတ် သိသည်။ သို့သော် သူဘာမှမပြောချေ။ သူမပြောလေ ကျွန်တော်က ဂရုစိုက်လေ။ နောက်တစ်ခုက ကျွန်တော့် ယောက္ခမကြီးသည် (ကန်တော့ပါရဲ့) အနံ့ခံ အလွန်ကောင်းသည်။ တစ်ခါသား ... ဘီယာလေး တစ်ခွက်သောက် မြေပဲလေးဝါးပြီး သူ့အိမ်သွားရာ တံခါးဝ ရောက်ခါစ ရှိသေး “ဟဲ့ ဗလ ဘီယာသောက်လာသလား” ဟု ဧည့်ခန်းမှာ ထိုင်နေရင်းက လှမ်းပြောသဖြင့် ကျွန်တော် တော်တော် လန့်သွားရသည်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်သည် အရက်ကိစ္စ တစ်ခုတည်းနှင့်ပင် ယောက္ခမကြီးအား ချစ်ကြောက်ရိုသေခဲ့ရရိုး အမှန်ပင် ဖြစ်ပါတော့သည်။

၁၉၈ဝ ဝန်းကျင်ကဖြစ်ပါသည်။ ထိုစဉ်က ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူပွဲကဲ့သို့ပင် မော်လမြိုင် သင်္ကြန်သည်လည်း အလွန်စည်ကားပါသည်။ ကျွန်တော်ကလည်း ခေတ်ကောင်းတုန်းမို့ မော်လမြိုင်သင်္ကြန် နှစ်တိုင်းသွားပြီး ဖျော်ဖြေရသည်။ တစ်နှစ်တော့ မှတ်မှတ်ရရ မင်းသားကြီး ဝင်းဦးနှင့်အတူ မော်လမြိုင်သင်္ကြန် ဖျော်ဖြေရန် ဖိတ်ကြားခံရသည်။ မင်းသားကြီးဝင်းဦး နှင့်အတူ ဖျော်ဖြေရမည်မို့ ကျွန်တော်ကလည်း သွားချင်သည်။ ဝင်းဦးကြိုက်သော အေးဘုံကလည်း လိုက်ချင်သည်။ သည်လိုနှင့် မိသားစုအလိုက် အိမ်က ကားဖြင့် မော်လမြိုင်သင်္ကြန် သွားရန်စီစဉ်သည်။ ဖြစ်ချင်တော့ ကျွန်တော့် သမီးဦးမှာ အခါလည်သားမျှသာ ရှိသေးရာ ကလေးကိုပါ ခေါ်သွားမှဖြစ်မည်။ ထိုအခါ...  “ဟဲ့ကလေးပါခေါ်ရင် ငါလည်းလိုက်မယ်” ဖြစ်ပါလေရော။

ယောက္ခမကြီး ပြောပါတယ်။ တကယ်တော့ သူသည် ဘုရားဖူးမှအပ အပျော်အပါးခရီး လိုက်တတ်သူ မဟုတ်ချေ။ ထိုသို့ အဆိုတင်လာသောအခါ ကျွန်တော့်မှာ မငြင်းသာတော့ပေ။ ခက်တာက သူပါလျှင် အရက်သောက်ရခက်မည် ဆိုတာဘဲဖြစ်သည်။ သည်ကြားထဲ... 

“ငါနဲ့ အဖေါ်ရအောင် ဒေါ်ခင်ညိုပါ ခေါ်ပါလား” 
ဟု ယောက္ခမကြီးက ကျွန်တော့်မိခင်ကိုပါ အဖေါ်ညှိ တော့သည်။ အမေကလည်း လိုက်မည်ဟု ကတိပြု တော့သည် ကျွန်တော့်မှာ အမေနှင့် ယောက္ခမကြား အရက်ကိစ္စကိုသာ အကြီးအကျယ် ပြဿနာအဖြစ် စဉ်းစားရတော့သည်။ ထိုစဉ်က ကျွန်တော်သည် (၂၄) နာရီသောက်သူဖြစ်သည်။ ကြားဖြတ်ပြောပါမည်။ ကျွန်တော် သောက်ကောင်းစဉ် ကာလက သောက်နှုန်း၊
သောက်သော အရက်အမျိုးအစား၊ သောက်ပုံ သောက်နည်းသည် လက်လန်လောက်သည်။ ပြောလျှင်ယုံ မလား မသိ။ ကျွန်တော့်အိမ်တွင် ဘုရားစင်မှလွဲ၍ နေရာတိုင်းမှာ အရက်ပုလင်း ရှိပါသည်။ မိုးလင်းလင်းချင်း သောက်ဖို့ ရေခဲသေတ္တာထဲမှာ တစ်ပုလင်း၊ ပြီးလျှင် အမြည်းစားဖို့ ကြောင်အိမ်ထဲမှာ တစ်ပုလင်း၊ မျက်နှာသစ်ရန် ရေချိုးခန်းထဲမှာ တစ်ပုလင်း၊ အိမ်သာထဲမှာ တစ်ပုလင်း၊ အဝတ်အစားလဲရန် ဘီဒိုထဲမှာ တစ်ပုလင်း၊ အဝတ်ထည့် ခြင်းထဲမှာ တစ်ပုလင်း၊ ညအိပ်ရာဝင်သောက်ရန် ကုတင်အောက်မှာ တစ်ပုလင်း၊ တစ်ရေးနိုး ထသောက်ရန် ခေါင်းအုံးအောက်မှာ ပုလင်းပြား၊ အပြင်ထွက်တော့ မော်တော်ကားထဲမှာ တစ်ပုလင်း။ ဒါတောင် လမ်းတွင် တွေ့သမျှဆိုင်တွေ စွတ်ကယ်စွတ်ကယ် ဝင်သောက်သေးသည်။

ကျွန်တော်က အရက်ကို တစ်နေရာထဲမှာ တစ်ဝကြီး ထိုင်သောက်တတ်သူမျိုးမဟုတ်ပေ။ ရောက်လေရာရာမှာ အာစွတ်ရုံ တစ်ငုံမျှ ငုံတတ်သူဖြစ်သည်။ ဘယ်လို အကျင့်မှန်းတော့မသိပါ။ စောစောက ပြောသလို အိမ်မှာနေရာအနှံ့ ပုလင်းတွေထားတာလည်း ထိုကဲ့သို့ အာစွတ်ရန်ဖြစ်သည်။ ကန်တော့ပါရဲ့ အိမ်သာတက်ရင်းပင် အာစွတ်လိုက်ရမှ ကျေနပ်သည်။ မူးအောင် သောက်သည်လည်းမဟုတ် မော်တော်ကား ဓါတ်ဆီချူသလို အဆက်မပြတ်လည်ပတ် နေရုံမျှသာဖြစ်သည်။ တကယ်တော့ ကျွန်တော်သည် စိတ်ညစ်လို့လည်း မဟုတ်၊ စိတ်ပျော်လို့လည်း မဟုတ်။ အရက်ကိုကြိုက်လို့ သောက်ခဲ့သူသာတည်း။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမေရော ယောက္ခမကြီးပါ မော်တော်ကားနှင့် ခရီးအတူလိုက် မည်ဆိုသောအခါ ကျွန်တော်ဘယ်လောက် ဘေးကြပ်နံကြပ်ဖြစ်လိုက်မည်ကို စဉ်းစားသာ ကြည့်ကြပါတော့။

ကျွန်တော့် မော်တော်ကားက ဆန်နီပစ်ကပ်ဖြစ်သည်။ ထို့ကြောင့် နောက်ခန်းနှင့် ရှေ့ခန်း ခြားနေသည်မှာ မှန်ပါသည်။ သို့သော် သမီးက ငယ်သေးသဖြင့် နောက်ခန်းမှာ ခေါင်မိုးတွင် ပုခက်ချိတ်၍ ထားရပါသည်။ ကားနောက်ခန်း ခုံများကို ဖြုတ်ပြီး အမေနှင့် ယောက္ခမကြီး ထိုင်ရန် မွေ့ရာခင်းရသည်။ ကလေးအနှီးထုပ်၊ အိုးခွက်ပန်းကန် စသည်တို့ကို တောင်းပုလုံးများတွင် ထည့်၍ နောက်ခန်းတွင် ထားရသည်။ ကျွန်တော်က ကားမောင်းမည်။ အေးဘုံက နံဘေးမှထိုင်မည်။ အစီအစဉ်က ဤသို့ဖြစ်သည်။ 

“ရှေ့ခန်းမှာပဲ ပုလင်းဝှက်ပြီး မသိမသာ ခိုးသောက်ပေါ့ အကိုရယ်” 

ဟု အေးဘုံက ကရုဏာသက်စွာ အကြံပေး ရှာပါသေးသည်။ သို့သော် နောက်ခန်းတွင် ရှေ့ဘက်မျက်နှာမူ ထိုင်နေအံ့သော အမေနှင့် ယောက္ခမက ဘယ်လိုနည်းနှင့်မဆို မြင်မှာ သေချာသည်။ 

“လမ်းမှာ ရပ်ရပ်ပြီး စားသောက်ဆိုင် ဝင်သောက်ပေါ့” 

ဟု အေးဘုံက ဒုတိယအကြံပေး သော်လည်း စွတ်ကယ်စွတ်ကယ် သောက်တတ်သော ကျွန်တော့်အတွက် လမ်းမှာ ခဏခဏ ရပ်ရမည်မှာ ယုတ္တိ မတန်သဖြင့် ထိုအကြံကိုလည်း လက်လျှော့ရသည်။ ကျွန်တော့်မှာ စွတ်ကယ်စွတ်ကယ် သောက်ရင်း ရန်ကုန် မော်လမြိုင် ခရီးသွားဖို့ အရေးကို ရေးကြီးခွင်ကျယ် တွေးရသည်မှာ မောလှပါဘိ။

သည်လိုနှင့် ခရီးထွက်မည့်နေ့သို့ ရောက်လာပါပြီ။ ထွက်မှာက နံနက်လေးနာရီ။ ကျွန်တော့်မှာ လမ်းခရီးအတွက် မော်တော်ကား စိတ်ချရအောင် ပြင်ဆင်ရသည်က တစ်မျိုး။ လမ်းမှာ ဘယ်လိုနည်းဖြင့် စွတ်ကယ်စွတ်ကယ် သောက်ရမည်ကို စဉ်းစားရသည်က တစ်မျိုးနှင့် ဗျာများလှပါသည်။ 

“ရေနွေးကြမ်းယောင် ဆောင်ပြီး ဓာတ်ဗူးနှင့် ထည့်သွားရအောင်ကလည်းတဲ့ တို့လည်းတစ်ခွက် လောက်ပေးစမ်း ဆိုပြီး အဘွားကြီးတွေ လှမ်းတောင်းရင်ဒုက္ခကွ”

ဟူ၍လည်းအေးဘုံကို ပြောရသေးသည်။ သည်လိုနှင့် ခရီးဝေး ကားမောင်းရမည့် ကျွန်တော့်မှာ တစ်ညလုံး မအိပ်နိုင်ပဲ နံနက်(၂) နာရီသာ ထိုးသွားခဲ့သည်။ ထိုစဉ် အရက်နတ် (ကိုကြီးကျော်သည်) ကျွန်တော့်ကို ကိုယ်ထင်ပြ၍ အကြံပေးလေတော့ သည်။ အခြားမဟုတ်။ မော်တော်ကားများတွင် ရှေ့လေကာမှန်အတွက် မိုးတွင်းသုံး ရေယက်တံများပါသည်။ ထိုကိရိယာတို့က မှန်ပေါ်သို့ ကျလာသော ရေများကို သုတ်သင်ဖယ်ရှားပေးသည်။ သို့သော် မိုးရွာစ မှန်မှာ ဖုံတွေရှိနေလျှင် ရွှံ့ကဲ့သို့ ဖြစ်ပြီး မှန်နောက်ကျိသွားတတ်သည်။ မှန်အစင်းထင်မည်။ ထို့ကြောင့် မှန်ပေါ်သို့ အလိုအလျှောက် ဆပ်ပြာမြုပ် ဖျန်းပေးသော ကိရိယာပါသည်။ ခလုပ်နှိပ်လိုက်လျှင် မှန်ပေါ်သို့ “ရှူး” ခနဲ ဖြန်းပေး ပန်းပေးသည်။ ထိုကိရိယာနှင့် ဆပ်ပြာရည်ဗူးကို ကျွန်တော် သတိသွားရသည်။ ချက်ချင်းပင် အိပ်ရာမှထပြီး မော်တော်ကားစက်ဖုံးကို ကျွန်တော် ဖွင့်တော့သည်။ ထိုကိရိယာနှင့် ဆပ်ပြာဗူးကို ဖြုတ်သည်။ ဆပ်ပြာများ ကုန်စင်အောင် သေချာစွာ ဆေးကြောလိုက်သည်။ ပြီးတော့ ပြန်တပ်သည်။ ဆပ်ပြာရည် ဗူးထဲသို့ အရက်ထည့်ကြည့်သည်။ တစ်ပုလင်းခွဲ ဝင်သွားသည်။ ဒါဆို ရန်ကုန် မော်လမြိုင် ခရီးအတွက် စွတ်ကယ်စွတ်ကယ် လုပ်ဖို့ အတော်ပဲ။ ပြီးတော့ မှန်ပေါ်သို့ ဆပ်ပြာရည်ဖြန်းသော ပိုက်ဆက်ကို ဖြုတ်သည်။ ထိုနေရာတွင် လူမမာများ 'ဒရစ်' သွင်းသော ပိုက်ကို တပ်ကြည့်သည်။ အတော်ပဲ။ ပလာစတာဖြင့် အရည်လုံအောင် ပိတ်ကပ်လိုက်သည်။ ထို 'ဒရစ်' ပိုက်ကို ကားအတွင်းခန်းသို့ သွယ်ယူပြီး ကား လက်ကိုင်ခွေ အနီးမှ ခလုပ်တစ်ခုမှာ သားရည်ကွင်းဖြင့် အသာချိတ်ထားလိုက်သည်။ 

ဆပ်ပြာရည်ပန်းသော ခလုတ်ကို နှိပ်ကြည့်သည်။ ဟော... အရက်များ ''ဒရစ်" ပိုက်မှ ပန်း ထွက်လာတော့သည်။ ထို ပန်းထွက်လာသော အရက်များကို အသာလေး ပါးစပ်ဝမှာ စွပ်လိုက်တော့ ဟန်ကိုကျလို့။  ခလုတ်နှိပ်လိုက်လျှင် မျိုးချစရာပင်မလို။ ရှူးခနဲ ပန်းပြီး လည်ချောင်းထဲ တန်းဝင်သွားတော့၏။ ဤနည်းအားဖြင့် ပုလင်းမလို၊ ဖန်ခွက်မလိုဘဲ ဂျက်ပိုက်ကလေး ပါးစပ်မှာစွပ်ပြီး ခလုပ်နှိပ်လိုက် ရှူးခနဲ ပန်းလာကာ အရက်များကို မျိုချလိုက်နှင့် ရန်ကုန်မော်လမြိုင် ခရီးစဉ်၌ အမေနှင့် ယောက္ခမကြီး မသိအောင် ကျွန်တော် အရက်သောက်နိုင်ခဲ့ ပါတော့သည်။

(မှတ်ချက် - ကျွန်တော့်နည်းကို နာမည်ကျော် ရုပ်ရှင်မင်းသားကြီး သုံးလေးယောက်အား ကျွန်တော်က ဒါနမျှဝေပေးခဲ့ရာ သူတို့လည်း ဟန်ကျနေပြီဟု သတင်းကြားရပါသည်။)

ပြဿနာမှာ ခရီးလမ်းမှာမဟုတ်။ မော်လမြိုင်ရောက်မှ ဖြစ်တော့သည်။ ခရီးရောက်မဆိုက် ဆိုသလိုပင်.... တည်းခိုဆောင်ရောက်ရောက်ချင်း ကျွန်တော့်အား... (မင်းသားကြီးတစ်ဦးလည်း ပါသဖြင့်) တာဝန်ရှိသူများက ဝီစကီဖြင့် ဧည့်ခံရန် ဖိတ်ကြားလေတော့သည်။ တစ်လမ်းလုံးလည်း သောက်ထားသဖြင့် အရှိန်ကလေးကလည်း ရနေလေရာ ချစ်ကြောက်ရိုသေရသော ယောက္ခမကြီးအား မျက်နှာချိုသွေးပြီး ဧည့်ခံပွဲသို့ ကျွန်တော် လိုက်သွား ဖြစ်တော့သည်။

ဟိုမှာက ဝင်းဦးနှင့်သုမောင် ထူးထူးခြားခြား တွဲမည့်ပွဲမို့ အထူးတလည် စီစဉ်ထားကြလေရာ ဝီစကီ မျိုးစုံသည် အဆင်သင့် ဖြစ်နေပါသည်။ လူကြီးလူကောင်း ပွဲပင်ဖြစ်သော်လည်း သင်္ကြန်တွင်းမို့ သိပ်ပြီး ဟန်မဆောင်နိုင်ပါ။ သောက်ကောင်းကောင်းနှင့် သောက်လိုက်ရာ ညမိုးချုပ် သန်းခေါင်ကျော် ကျွန်တော့်ကို တာဝန်ရှိသူများက တွဲပြီး တည်းခိုဆောင်သို့ လိုက်ပို့ရသောအဖြစ်သို့ ရောက်တော့သည်။ ဤတွင် ကျွန်တော် အမှုးသမား သုမောင်ကို အမေရော ယောက္ခမကြီးပါ ပက်ပင်းမိသွား ပါတော့သည်။ အစတည်းက သိထား နှင့်သော အမေက ဘာမျှသိပ်မပြောချေ။ နဖူးတွေ့ ဒူးတွေ့ ကြုံရသော ယောက္ခမကြီးခမျာ တော်တော် စိတ်မချမ်းမသာ ဖြစ်သွားပုံရပါသည်။ ကုတင်ပေါ် ပက်လက်လန်ပြီး ထုံးစံအတိုင်း မူးလျှင် ညည်းညူနေကျ "ဘုံရေ'' ''ဘုံရေ'' ''အေးဘုံ" ဟူသောသီချင်းမကျ၊ ကဗျာရွတ်သံမကျသော ကျွန်တော့အသံကို ယောက္ခမကြီး ကြားသွား လေတော့သည်။

ညဉ့်လယ်ရောက် ကျွန်တော် တရေးနိုးချိန်တွင် ကျွန်တော့် ကုတင်ပေါ် တင်ပါးလွှဲထိုင်နေသော ယောက္ခမကြီးကို ပထဆုံး မြင်လိုက်ရပါသည်။ အမူးကတော့ မပြေသေးပေ။ ပြီးတော့ ကျွန်တော့် ရင်ဘတ်ကို သူ့လက်ကလေးဖြင့် ဖိရင်း တတွတ်တွတ် ပြောနေသော ယောက္ခမကြီး၏ အသံကိုလည်း ကောင်းစွာ ကြားနေရပါသည်။ 

“သားရယ်... အမေ့မှာ သမီးလေးယောက်ရှိတော့ သမက်လည်း လေးယောက် ရှိတာပေါ့ကွယ်။ ဒါပေမယ့် သမက်တွေ အားလုံးထဲမှာ မင်းကိုအမေက အချစ်ဆုံးပါ။ ဒါက မင်းပိုက်ဆံရှာနိုင်လို့ နာမည်ကြီးလို့၊ အေးပုံကို ဂရုစိုက်လို့ ဆိုတာတွေကြောင့် မဟုတ်ပါဘူး။ မင်းဟာ စာရေးဆရာတစ်ယောက် ဖြစ်နေလို့ပါ။ အမေတို့ အမျိုးထဲမှာ စာရေးဆရာ တစ်ယောက်ရှိတာကို အမေကဂုဏ်ယူလို့ပါ။ အရက်မသောက်ပါနဲ့လားကွယ်”

စာဖတ်သူယောက္ခမ၏ စကားသည် ဘယ်လောက်လှပါသနည်း။ ဘယ်လောက် တန်ဖိုးရှိပါသနည်း။ သို့သော် တစ်ခါသောက် တစ်ခါ မှားတတ်သော ကျွန်တော်သည် ထိုအခါ၌လည်း အရက်မူးလွန်ပြီး စကားမှားခဲ့ ပြန်ပါသည်။ 

“ဟုတ်ကဲ့ပါအမေ၊ ကျွန်တော်ကလည်း ယောက္ခမတွေအားလုံးထဲမှာ အမေ့ကိုအချစ်ဆုံးပါ”

ကျွန်တော့်စကား ဘယ်ရောက်သွားသည်ကို စဉ်းစားကြည့်ကြပါ။ သင်္ကြန်ပြီး၍ ရန်ကုန်ပြန်ရောက်သည်အထိ ချစ်သောယောက္ခမကြီး ကျွန်တော့်ကို စကားမပြောတော့ချေ။

-----------

ကင်းစောင့်

  ကင်းစောင့် “ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေ...