Saturday, August 20, 2022

လူ

လူ 
----

"ဝက်သားဟင်း ဆိုတာ တော်ရုံလူ ချက်နိုင်တာ မှတ်လို့"

ခြင်းတောင်းထဲတွင် ပါလာသော သုံးထပ်သား လေးဆယ်သားကြောင့် ဒေါ်သိန်း၏မျက်နှာ အလိုလို မော့နေသည်။ သုံးထပ်သားကို အတုံးကြီးကြီး လှီးပြီး မန်ကျည်းနှစ်လေးနှင့် ချက်မည်။ ထို့နောက် တညင်းသီး ဆားစိမ်ကို ငံပြာရည်ချက်လေးနှင့် တို့ပြီး၊ ဂုံမင်း ဟင်းချို၊ ချိုချိုလေး သောက်လိုက်ရလျှင် ...။

"ဟင်း ... နတ်သုဒ္ဓါနဲ့တောင် မလဲဘူး"

ဒေါ်သိန်းက ပါးစပ်ထဲတွင် စိုလာသော တံတွေးများကို မျိုချလိုက်သည်။ နတ်သုဒ္ဓါ ဟူသည်မှာ ဘယ်လောက် အရသာရှိသနည်း ဘယ်သူမှ မသိ၊ သူချက်သော ဝက်သားဟင်း ဘယ်လောက် ကောင်းသနည်း ဆိုတာကိုတော့ သူ့ယောက်ျားနှင့် ကလေးတွေက ကောင်းကောင်းသိသည်။

သူက ဂန္ဓာလရာဇ်သွေး အနည်းငယ် ပါလာသောကြောင့်လား မသိ၊ ဝက်သားကို ကြိုက်လည်း ကြိုက်သည်။ အမျိုးမျိုးလည်း ချက်တတ်သည်။ တစ်ခါတစ်ရံလည်း ပဲငပိနှင့် တရုတ်ချက် ချက်သည်။ တစ်ခါတစ်ရံလည်း ပုန်းရည်ကြီးနှင့် ဗမာချက် ချက်သည်။ သရက်သီးခေါက်နှင့် အချဉ်ချက်သော အခါလည်း ချက်သည်။ ကြက်သွန်နီဥကြီးတွေကို အလုံးလိုက်ထည့်ပြီး အိုးကြီး ချက်သောအခါလည်း ချက်သည်။ ဘယ်လို ချက်ချက် ဝက်သားဟင်း ချက်သောနေ့တွင် တစ်အိမ်သားလုံး ခေါင်းမဖော်သည်ကတော့ အမှန်။

"ငါ့ဘဝမှာ မသိန်းရယ်၊ သူချက်တဲ့ ဝက်သားဟင်းရယ် ရှိရင် ပြည့်စုံပြီ၊ နောက်ထပ် ဘာမှ မလိုတော့ဘူး"

သူ၏ ခင်ပွန်းသည်က ပြောလေ့ ရှိသည်။

"အင်း ... အခုတော့ သူ့ဘဝ မပြည့်စုံတာ ကြာရှာပေါ့"

ဒေါ်သိန်းက ကရုဏာစိတ်ကလေး နှောကာ တွေးရင်း ပြုံးမိသည်။ ဟိုးအရင် ဝက်သားဟင်း တစ်ပိဿာ အစိတ်၊ သုံးဆယ် အချိန်တုန်းကတော့ တစ်ပတ်လျှင် နှစ်ခါ၊ သုံးခါလောက် စားနိုင်သည်။ နောက်တော့ အာလူးလေး ရောလိုက်၊ ကျောက်ဖရုံသီးလေး ရောလိုက်၊ မျှစ်ကလေး ရောလိုက်နှင့် ရော၍ နှော၍ စားရသည်။ အခု နောက်ပိုင်းတော့ အရောအနှောလေးနှင့်ပင် မချက်နိုင်တော့။ ဈေးထဲရောက်လျှင် ဝက်သားဆိုင်ကို ကွေ့၍ ကွေ့၍ ရှောင်ရင်း "မကြင်နာလို့တော့ မဟုတ်ပါဘူး၊ မယှဉ်သာလို့ ရှောင်ခွါရသူပါ" ဟူသော သီချင်းကို စိတ်ထဲမှ သတိရနေမိတတ်သည်။ မိသားစု ထမင်းဝိုင်းတွင်တော့ "ငါးပိရည်မှာ ပရိုတင်းဓာတ် အများဆုံး ပါတယ်၊ ကန်စွန်းရွက်မှာလဲ ဗီတာမင်မှ အပြည့်" ဟု တွင်တွင် ပြောနေရသည်မှာ အတော်ကြာပေပြီ။

မနေ့ကတုန်းကတော့ ခင်ပွန်းသည်က ကိုးဆယ်တန် နှစ်ရွက် လာအပ်သည်။

"အကြံအဖန်လေး ရလာတယ် မသိန်းရေ၊ ဝက်သားဟင်းလေး ချက်ပါဦး" ဟု ပြောသည်။ ထို့နောက် "ငါ့မိန်းမ ဝက်သားဟင်း ချက်နည်း မေ့သွားမှာ စိုးလို့ပါ" ဟုလည်း ရယ်သွမ်းသွေးသည်။

"ဟွန်း ... ဒီလိုသာ တစ်နေ့ကို ကိုးဆယ်တန် နှစ်ရွက် နှစ်ရွက် ပေးနေပါလား၊ တစ်နေ့ တစ်မျိုး မရိုးရအောင် ချက်ပြလိုက်စမ်းမယ်၊ လျှာတင် မကဘူး၊ အရိုးပါ လည်သွားရစေ့မယ်"

ဒီနေ့တော့ ဝက်သားလည်း ပါသည်။ တညင်းသီး ဆားစိမ်လည်း ပါသည်။ အရိုးနီနီနှင့် ဂုံမင်းနှစ်ချောင်းလည်း ပါသည်။ ငံပြာရည် ချက်ရန် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းများလည်း ပါသည်။ လျှာအရင်း မျက်စေဖို့ ဝက်ဟင်း ချက်ရတော့မည့်နေ့ ဆိုတော့ လူက အလိုလို ရွှင်နေသည်။

"ရှင် ရွှေမိ တစ်ယောက်တော့ ဒီနေ့ ဘာဟင်းချက်မယ် မသိ"

ခြင်းတောင်းလေး ဆွဲကာ မော့တော့ မော့တော့ လျှောက်လာရင်းမှ ဒေါ်သိန်းသည် သူ၏ စားဖက်တော် ဒေါ်မိကို သတိရသည်။

ဒေါ်မိက သူနှင့် အခန်းချင်း ကပ်လျက်တွင် နေသော အိမ်နီးချင်း ဖြစ်သည်။ ဒေါ်မိ အရင်က နေသွားသော ပွဲစား လင်မယားနှင့်တော့ ဒေါ်သိန်းက သိပ်ပြီး မတည့်လှပေ။ ပွဲစားကတော်က တစ်ခါတစ်ရံသာ ရပ်ကွက်ဈေးသို့ လာတတ်သည်။

"ဒီဈေးက ဘာပစ္စည်းမှလဲ စုံစုံလင်လင် ရှိတာ မဟုတ်ဘူး၊ ညစ်ပတ်လိုက်တာလဲ လွန်ရော၊ သားငါးတွေကလဲ မလတ်မဆတ်" ဟု ပြောတတ်သေးသည်။

ရွှံ့ထူသော လမ်းတွင် ဒေါက်ဖိနပ် လှလှလေးစီးပြီး ဟို ခြေချရတော့မလို၊ ဒီ ခြေချရတော့မလိုနှင့် နှာခေါင်း တရှုံ့ရှုံ့ လုပ်နေတတ်သဖြင့် ဒေါ်သိန်းသာမက တစ်ရပ်ကွက်လုံးက သိပ်ပြီး ကြည့်၍ မရကြပေ။ "ဒီ ရပ်ကွက်က သိပ်မသန့်ဘူး" ဟူသော မှတ်ချက်နှင့် တခြားရပ်ကွက်ကို ပြောင်းသွားလေသည်။

နောက် ပြောင်းလာသော ဒေါ်မိနှင့် အလွမ်းသင့်သည်။ ယောက်ျားကလည်း ကိုယ့်ယောက်ျားလိုပင် ရုံးလုပ်ငန်းမှလွဲ၍ ဘာစီးပွါးရေးကိုမှ မလုပ်တတ်တော့ သူတို့ နှစ်ဦးက ဘဝတူ ဖြစ်သည်။ ကိုယ်ကလည်း ကိုယ့်ယောက်ျားကို အားမရ။ သူကလည်း သူ့ယောက်ျားကို မကျေနပ်။ ယောက်ျားတွေကို အားမရသော်လည်း သူတို့ဟာ သူတို့လည်း အပိုဝင်ငွေ မရှာတတ်။ ဟာလဝါလည်း မထိုးတတ်၊ သရက်သီး သနပ်လည်း မလုပ်တတ်၊ အင်္ကျီလည်း မချုပ်တတ်။ ယောက်ျားတွေ၊ ကလေးတွေ ရုံးသွား၊ ကျောင်းသွားပြီး ကိုယ့် ဘူမိနက်သန်လေးများကို ရှင်းလင်း သိမ်းဆည်း ဆေးကြောပြီးလျှင် "ဘာဟင်းချက်လဲ" ဟု မေးရင်း တစ်ဦး မီးဖိုချောင်သို့ တစ်ဦး ကူးကြသည်။ သူ့ဟင်း ကိုယ့်ဟင်း ပေါင်းပြီး စကား တပြောပြောနှင့် ထမင်းစားရသည်မှာ စည်းစိမ်တစ်မျိုးဟု ဒေါ်သိန်း ထင်သည်။

သူနှင့် ဒေါ်မိတွင် ပြောစရာ စကားတွေက မကုန်နိုင်။ ဆီဈေး အကြောင်း၊ ဆန်ဈေး အကြောင်း၊ ဆွေမျိုးတွေ အကြောင်း၊ သားသမီး အကြောင်း၊ လမ်းထိပ်က လင်မယား အကြောင်း၊ ဈေးထဲက ကုန်စိမ်းသည် အကြောင်း၊ အိမ်ရှေ့အိမ်က ကောင်မလေး အကြောင်း၊ ကျော်သူ့ အကြောင်း၊ မို့မို့မြင့်အောင် အကြောင်း။

"ဒီနေ့တော့ သူဘာဟင်းချက်မယ် မသိ"

ဒေါ်သိန်းက ဒေါ်မိ ချက်မည့် ဟင်းကို မှန်းဆ၍ ကြည့်မိသည်။ သူ မကြာခဏ ချက်သည်ကတော့ ခရမ်းသီးနှပ် ဖြစ်သည်။ တစ်ခါတစ်ရံလည်း မျှစ်ကြော်သည်။ မြင်းခွါရွက်လည်း သုတ်လေ့ရှိသည်။ ချဉ်ပေါင်ဟင်းကို ပြစ်ပြစ်ချက်ပြီး ငါးပိထောင်း စပ်စပ်လည်း မကြာခဏ ထောင်းတတ်သည်။ တစ်ခါတလေတော့လည်း အာလူးကို မကျည်းရည်နှင့် မဆလာအုပ်ပြီး ချက်တတ်သည်။

"သူ့ဟင်း ကောင်းလှရင် ဘဲဥကြော်ပေါ့၊ ခရမ်းချဉ်သီး ငါးပိချက်ပေါ့"

ဒေါ်သိန်းက ခြင်းတောင်းကို ငဲ့၍ ကြည့်သည်။ သုံးထပ်သား လေးဆယ်သားက သူ့ကို ပြုံး၍ ပြနေသည်။

"ဒီလို ဟင်းကောင်းချက်တဲ့နေ့ ဆိုရင်၊ အိမ်ကလူကြီးက ထမင်းဘူးလေး ထည့်ယူချင် ရှာမှာပဲ၊ အင်း ... ကလေးသုံးကောင်ကိုပါ ထမင်းဘူး ထည့်ပေးလိုက်ရရင်၊ ဘာကျန်မှာလဲ။ ညနေကျတော့လဲ 'ဝက်သားဟင်းလေးများ မကျန်ဘူးလား' လို့ သူတို့ပဲ မေးကြအုံးမယ်၊ စားချင်ကြဦးမယ် ... "

ဒေါ်သိန်းသည် ဝက်သားလေးဆယ်သားကို စိတ်ထဲတွင် ဝေခြမ်းရေး လုပ်ရင်း အတန်ငယ် စိတ်ညစ်သွားသည်။

"ဒီပုံစံဆိုရင် ငါ့ဟာငါတောင် တစ်တုံးတစ်ဖတ် အနိုင်နိုင် စားရမယ် ..."

အိမ်ဝတွင် ဆီးကြိုသော သမီးအလတ်မက ခြင်းတောင်းထဲ ငုံ့ကြည့်ရင်း "အမေ ... ဝက်သား ဝယ်လာတယ်ဟေ့" ဟု ဝမ်းသာအားရ အော်သည်။ သူကစိတ်ထဲတွင် ထိတ်ကနဲ ဖြစ်သွားပြီး အလတ်မ၏ ခေါင်းကို ဒေါက်ကနဲ လှမ်းခေါက်သည်။

"ဘာဖြစ်လို့လဲ အမေရဲ့"

"ဘာဖြစ်ဖြစ် ... အော်မနေနဲ့"

သူက ဘောက်ဆတ်ဆတ် ပြောသည်။ တစ်ဖက်ခန်းကို စိုးရိမ်မကင်း ကဲ၍ ကြည့်သည်။ တော်ပါသေးသည်။ သူ့ထက်အလျင် ဈေးက ပြန်ရောက်ပြီး ငရုတ်သီး တဒုန်းဒုန်း ထောင်းနေသော ဒေါ်မိက ကြားပုံမရ။

"သူက ဟိုဘက်ခန်းကနေပြီး ခါတိုင်းလိုပဲ အစ်မသိန်းရေ ဘာရခဲ့လဲလို့ လှမ်းမေးနေရင်၊ ငါဘယ်လို ဖြေရပါ့၊ ဝက်သားလို့များ အမှန်အတိုင်း ပြောလိုက်ရင် စားချိန်တန်လို့ကတော့ ပန်းကန်ကိုင်ပြီး ရောက်လာမှာပဲ ... တစ်ယောက်စာ ဆိုလဲ နည်းတာ မဟုတ်ဘူး"

ကိုယ့်အိမ် ကိုယ်ပင် ဖြစ်သော်လည်း ဒေါ်သိန်းသည် မီးဖိုချောင်သို့ ခြေဖော့နင်းပြီး ဝင်လာခဲ့မိသည်။

"ဒီနေ့တော့ စောစောစီးစီး စားနှင့်ရမယ်၊ ဟင်းအိုးကို ကြောင်အိမ်အောက် ထပ်ထည့်ထားပြီး ဆာတာနဲ့ စားနှင့်လိုက်ပြီလို့ ပြောရမှာပဲ။ ဟင်း ... ကျွေးတော့ ကျွေးချင်ပါတယ်လေ ... ဒါပေမယ့်"

ဒေါ်သိန်းက ပင့်သက်လေးကို မသိမသာ ရှိုက်ရင်း အသံတိတ် စတင်လှုပ်ရှားသည်။ ခါတိုင်းလို အိုးတွေ ခွက်တွေကို တဂျောင်ဂျောင် တဂျင်ဂျင် မမြည်စေရပဲ သတိထားပြီး ကိုင်သည်။ "အစ်မသိန်းရေ ဘာချက်နေလဲ" ဟူသော မေးသံကို ဘယ်တော့ ကြားရမလဲဟု စိုးရိမ်စိတ်နှင့် ရင်တဒိတ်ဒိတ် ခုန်နေသော်လည်း ဟိုဖက်ခန်းက ဒေါ်မိကလည်း တိတ်ချက်သား ကောင်းနေသည်။ အခါတိုင်းလို "ဟဲ့ ဟိုကောင် လာစမ်း၊ ဒီပဲပင်ပေါက်တွေ ရေဆေးလိုက်" "သမီးက အမေ့ကို ကြက်သွန်နီ နှစ်လုံးလောက် နွှာပေးစမ်း" စသော အသံများကိုပင် မကြားရ။

ဝက်သားဟင်းအိုးက နူးအိပြီး ဆီပြန်လာတော့ တသင်းသင်း မွှေးလာသည်။ အသံက တိတ်လို့ ရသော်လည်း အနံ့ကိုတော့ ထိန်းချုပ်၍ မရပေ။ သို့သော်လည်း သူစိုးရိမ်သလို "ဘာဟင်းချက်နေလဲ အစ်မရေ" ဟူသော အသံကိုတော့ မကြားရပဲ မဆလာနံ့ မွှေးလာသလိုလို ထင်မိ၍ ဒေါ်သိန်း စိတ်ရှုပ်သွားသည်။ ဝက်သားအိုးကိုတော့ သူယောင်မှားပြီး မဆလာ ခတ်မိဟန် မတူပါ။

ထို့နောက်မှ ဧကန္တတော့ ဒေါ်မိတစ်ယောက် အာလူးဟင်းကို မဆလာအုပ်ပြီ ထင်သည်ဟု တွေးရင်း ပြုံးမိသည်။

ပူပူနွေးနွေး ဝက်သားအိုးကို ကြောင်အိမ်အောက်ထပ်တွင် လက်နှီးခု၍ ထည့်လိုက်ပြီးသော အခါတွင်ကား ဒေါ်သိန်း အတန်ငယ် စိတ်လုံသွားသည်။ မီးဖိုချောင်ကို ရုတ်တရက် ကူးလာစေဦးတော့ ဟင်းအိုးကိုတော့ အလွယ်တကူ မမြင်နိုင်။

"အင်း ... ငါ့နှယ် မကောင်းလိုက်တာနော်၊ မကောင်းတာကို မကောင်းမှန်းတော့ သိပါတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး"

ဒေါ်သိန်းက သက်ပြင်းချသည်။ ဟင်းချိုအိုးထဲ ကြက်သွန်နီ ပါးပါးလှီးထည့်ရင်း ကိုယ့်ဟင်းထက် သူ့ဟင်းကို ပိုပြီး စိတ်ဝင်စားလာသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် ဘာတွေများ ချက်နေပါလိမ့်။

"အမေ့ ကျက်ပြီလား"
"အေး ... အေး ... ကျက်ပြီ"
"စားတော့မယ်နော်"
"ဘူးထည့်သွားမယ်ဆို၊ သားရဲ့"
"အိမ်မှာလဲ စားသွားချင်သေးတယ်"
"ကဲ ကဲ စား"

နောက်ဖေးချောင်တွင် ခပ်တိုးတိုး ပြောနေသော သူတို့သားအမိ၏ အသံကို ကြားတော့ ဒေါ်သိန်း မျက်လုံးကျယ်သွားသည်။ သူ့စိတ်ကို သူမသိမီ ပါးစပ်မှနေပြီး "ဘာဟင်းချက်လဲ ... မမိရေ" ဟု လှမ်းမေးမိပြီးသား ဖြစ်သွားသည်။

ဒေါ်မိ၏ ဖြေသံကို ချက်ချင်းမကြားရ၊ တစ်အောင့်လောက်နေမှ "ခရမ်းသီးနှပ်ကလေးပါ" ဟူသော အသံကို ယိုင်နဲ့နဲ့ ကြားရသည်။ ခါတိုင်းလို "အစ်မသိန်းရော ဘာချက်" ဟူသော မေးခွန်းကိုလည်း ဆက်၍ မမေးချေ။

"ဧကန္တတော့ ဧကန္တပဲ"

ဒေါ်သိန်း၏ ရင်ထဲတွင်တော့ မအီမလည် ဖြစ်သွားသည်။

"ခရမ်းသီးနှပ်ဆိုတာ မဆလာ အုပ်စရာဟင်းမှ မဟုတ်တာ၊ ခုနတုန်းက မဆလာနံ့ ရလိုက်တယ်"

မသင်္ကာမှု ဒီဂရီသည် ဒေါ်သိန်း၏ ဦးနှောက်ထဲတွင် တရိပ်ရိပ် တက်ပြီး ပူလာသည်။

"မဟုတ်နိုင်ဘူး၊ ခရမ်းသီးနှပ်တော့ လုံးဝ မဟုတ်နိုင်ဘူး"

ဒေါ်သိန်းက မီးဖိုထဲမှ မီးသွေးတုံး နီနီရဲရဲများကို စိုက်ကြည့်ရင်း သူ့ဟင်းကိုယ့်ဟင်း လှယ်ပြီး စားကြသည်ကို သတိရသည်။

အခုတော့ ဒေါ်မိတစ်ယောက် သူ့အပေါ်တွင် မရိုးသားတော့ဘူးဟု ကောက်ချက်ဆွဲပြီး မခံချင်စိတ်တွေ ပွါးလာသည်။

သူက သိချင်စိတ်ကို ကြာကြာထား၍ မရ၊ သားတွေ သမီးတွေ ကျောင်းသွားသည်နှင့် ခါတိုင်းလို ရှင်းလင်းဆေးကြော မနေဘဲ နောက်ဖေး ကပြင်မှ ပတ်ပြီး ဒေါ်မိ၏ မီးဖိုချောင်သို့ ကူးလာခဲ့သည်။

ကျောင်းသွားကြသည့် သားသမီးတွေကို အိမ်ပေါက်ဝမှ မျှော်ကြည့် ကျန်ရစ်သော ဒေါ်မိ၏ ကျောပြင်ကို အသာ လှမ်းကြည့်ရင်း ဟင်းအိုးကို ဝေ့ဝဲ၍ ရှာသည်။ ကြာကြာတော့ မရှာရ။ မီးသွေးမီးဖိုဘေးက အုတ်နီခဲပေါ်တွင် ချထားသော ဒန်အိုးကို တွေ့ရသည်။ ခပ်သွက်သွက် အနားကပ်ပြီး အဖုံးဖွင့်ကြည့်လိုက်တော့ သင်းသင်းပျံ့ပျံ့ မဆလာနံ့က မွှေးထွက်လာသည်။ အိုးထဲတွင်တော့ ကြက်သားတုံး ဝင်းဝင်းဝါဝါ ကလေးများ။

"ကြည့်စမ်း၊ ကြည့်စမ်း၊ ဒါကြောင့်"

ဒေါ်သိန်း၏ ဦးနှောက်တို့သည် ရေဆူမှတ်သို့ ရုတ်တရက် ရောက်သွားကြသည်။

"ဟင် ... ရှင်ရွှေမိ၊ ရှင့် ခရမ်းသီးနှပ်ကလဲ အရိုးတွေ အသားတွေနဲ့ပါလား" ဟု ခုနစ်သံချီပြီး ဟစ်လိုက်ချင်စိတ် ပေါ်လာသော်လည်း သူ့ကိုယ်သူ ချက်ချင်းထိန်းကာ ဒန်အိုးကို အသံမမြည်အောင် ဖုံးလိုက်သည်။ ထိုနောက် မီးဖိုချောင်ထဲသို့ ဒေါ်မိ ပြန်မဝင်လာမီ နောက်ဖေးပေါက်မှ ပြန်ထွက်ခဲ့သည်။

"သူ့ဟင်းလေးက မွှေးနေတာပဲ၊ တစ်တုံး တစ်ဖတ်လောက်တော့ စားချင်သား" ဟု တွေးရင်း ကြောင်အိမ်ထဲမှ ဝက်သားအိုးကို စောင်းကြည့်သည်။

ထမင်းစားချိန် ရောက်တော့ ဒေါ်သိန်းသည် အသံကို အတန်ငယ် မြှင့်ပြီး "ရှင်ရွှေမိရေ၊ ဒီနေ့တော့ ဟင်းကောင်းတော့၊ ဝက်သားကို မန်ကျည်းနှစ်နဲ့ နှပ်တယ် ... စားကြစို့" ဟု လှမ်း၍ ပြောလိုက်သည်။

ဒေါ်မိသည် ခေတ္တငြိမ်နေပြီးမှ "ဟန်ကျတာပဲ အစ်မသိန်းရေ ... ကျွန်မကလဲ ကြက်သား" ဟု ခပ်ရွှင်ရွှင်လေး ပြန်ပြောလေသည်။


မစန္ဒာ
စန္ဒာ ရုပ်စုံ မဂ္ဂဇင်း၊ ဩဂုတ်၊ ၁၉၉၁။


No comments:

Post a Comment

ကင်းစောင့်

  ကင်းစောင့် “ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေ...