Friday, August 19, 2022

လူ လူချင်း ကိုက်စားနေကြပါသည်။

လူ လူချင်း ကိုက်စားနေကြပါသည် 
--------------------------------------------------
စာရေးဆရာ- သော်တာဆွေ
====================

နေ့လယ် နာရီပြန် တချက်လောက်တွင် မတင်ရီသည် မျက်ရည်စက်လက်နှင့် ကျွန်တော့် လက်ဖက်ရည်ဆိုင်ပေါ်သို့ ပြေးတက်လာသည်။ ဤအချိန်မျိုး၌ ဆိုင်မှာ လူပါးလှသည်။ တယောက်တည်းသော ဧည့်သည်အတွက် လက်ဖက်ရည် တခွက်ကို ဇွန်းနှင့် ခလောက်နေရာမှ ကျွန်တော် မျက်နှာမော်၍ မတင်ရီကို ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ရိုက်ရာ နှက်ရာများ ရှိသည်။ ဆံပင်တွေမှာ ဆွဲဆောင့်ထားသဖြင့် ဖိုးယိုးဖားယား နေသည်။ ကျွန်တော် မအံ့ဩပါ။

သူ့နောက်က သူ့လင်ခေါ် သူ့ကို ခိုင်းစားနေသော ကိုမြကြီးက ထက်ကြပ်မကွာ ပါသည်။

မတင်ရီသည် ကျွန်တော့်အနား ရောက်လတ်သော် ငိုရှိုက်သံဖြင့် ...

"ကြင်ဆွေရယ် ... ညက ငါ့ဧည့်သည် ဘယ်နှစ်ယောက် လာသလဲ ဆိုတာ ပြောလိုက်စမ်းပါဟယ် ..."

ကျွန်တော့်အဖြေကို ငံ့လင့်နေသော ကိုမြကြီး၏ ပွဖော နီထွတ်နေသော မျက်နှာကို ကြည့်၍ ...

"သုံးယောက်ထဲပါဗျ ..."

"အဲဒါကို သူက မယုံလို့တဲ့ဟယ် ..."

"နို့ မြင်းလှည်းနဲ့ လာခေါ်တာ အော်ဒါ ရသေးဆို ..."

"ဒါက မကျင်မြိုင်ပါဗျ" ပြောပြီး လက်ဖက်ရည် မှာသူ၏ စားပွဲသို့ သွားချ၏။ ပြန်လာသော အခါ၌ ...

"နင် ၃-ယောက် ဆိုပြီး ငါ့ကို ဘယ့်နှယ် ၄-ကျပ်ဘဲ ပေးလဲ၊ နင်က ၂-ကျပ်တောင် သုံးပစ်ရသလား၊ တကယ်ဆို တည လက်ဖက်ရည်ဘိုး၊ ဆေးလိပ်ဘိုး ၁-ကျပ်ဘဲ သုံးလို့ နင့် ငါပြောထားတယ် မဟုတ်လား"

ကျွန်တော် မနေသာတော့ဘဲ ...

"ဒါကဗျာ သူနဲ့ ကျွန်တော်နဲ့ ခေါက်ဆွဲ ဝယ်စား ပစ်လိုက်ကြတယ်ဗျာ ..."

မတင်ရီက (ငါ ဒီနေ့ ထမင်းစား မကောင်းဘူး ဟယ်) ဆို၍ ခေါက်ဆွဲ တခွက် ဝယ်စားသည်ကို ကျွန်တော်က ဝင်စားမိပေသကိုး။

 "ငါ့လခွီးတဲ့ ... ၆-ကျပ် ရတာ ၂-ကျပ် သုံးပစ်လို့ ဖေ...မ၊ နင် ငါ့ ခု တကျပ် ရှာပေးစမ်း ..."

"ကြင်ဆွေ တကျပ် ခဏပေးလိုက်စမ်းဟယ် ..."

ကျွန်တော် သေတ္တာထဲမှ ထုတ်ပေးလိုက်သော အခါ၌ ကိုမြကြီး ရှောရှောရှူရှူ ဆင်းသွားလေသည်။ ကိုမြကြီးသည် မိုးလင်းအားကြီးလောက်မှ အိမ်ပြန်အိပ်၍ ယခု မွန်းလွဲမှ အိပ်ရာက ထသည်။ သူ ညက ဖဲကစား နေသည်။ ယခုလည်း ငွေ ၅-ကျပ် အရက်သောက်မည်။ ပြီးလျှင် ဖဲဝိုင်းသို့ သွားမည်။ ရောဂါဟောင်း ထခြင်း၊ ချောင်းဆိုး ရင်ကျပ်ခြင်း၊ တခါတခါ သွေးအန်ခြင်းမှ တပါး၊ အတော် စည်းစိမ်ရှိသောသူ ဖြစ်ပေသည်။ "တောက် ... မြကြီးကွာ၊ ဒီကောင်မ တကောင် ကိုင်မိထားလိုက်တာ သိပ်ကို ဟန်နေတာဘဲကွာ ..." ဟု သူ့မိတ်ဆွေများက သူ့ကို ဂုဏ်ပြုကြ၏။ ဟုတ်ပါသည်။ ယင်း အချိန်၌ မတင်ရီမှာ ဝင်ငွေမှန်သော ကိလေသာမကလေး ဖြစ်နေပါသည်။

လေးငါးရက် တခါမျှ ကိုမြကြီး ဖဲရှုံးလာသည်နှင့် မတင်ရီ ငွေရနည်းခိုက်နှင့် တိုက်ဆိုင်နေပါက ဤသို့ အရိုက်အနှက် ခံရသည်မှာ ရိုးနေပါပြီ။

ကျွန်တော်သည် မတင်ရီအတွက် လက်ဖက်ရည် တခွက် ဖျော်ပြီး တစားပွဲတည်း အတူထိုင်ကာ "အသိန်းလေး ဘယ့်နှယ် နေသေးလဲ ဟင်"

မတင်ရီသည် လက်ဖက်ရည်ပန်းကန် အပေါ်ယံက မလိုင်နှစ်ကို ဝါးမျိုလိုက်ပြီး ...

"သေမှာပါဘဲဟယ် ... အောင်ဘက ဒီကောင်မလေးငယ်ငယ် ဧည့်ကြိုက်တိုင်း သိပ်ခိုင်းတာဘဲ ..."

အသိန်းလေးမှာ အသက် ၂၀ မပြည့်သေးချေ။ ရုပ်ကလေး သနားကမားနှင့် ယောက်ျားတို့ နှစ်သက်သော ကိုယ်လုံးကိုယ်ထည် ရှိသည်။ ဖာခေါင်း အောင်ဘ၏ ပိုက်ဆံအိုးကလေး ဖြစ်သည်။ သို့သော် ယခု ဤပိုက်ဆံအိုးကလေးမှာ အိပ်ရာထဲ လဲသည်မှာ ၁၅-ရက်မျှ ရှိပြီ။ အရိုးပေါ် အရေတင် အလွန်ပင် ညစ်ပတ်စုတ်ပဲ့သော အဝတ်အစားနှင့် အလင်းရောင် မဝင်သော အခန်းကျဉ်းကလေးထဲတွင် ညှီဟောက်သော လေတို့ ငွေ့ငွေ့ကလေး ရှူလျက်ရှိသည်။ ဂျပန်ခေတ်ဖြစ်၍ ဗမာ တပ်ယောင်ကား ဖာကုန်းဆေးဆရာ၏ ဖြူဆေးနှင့် လိပ်စရွှေရွက်ကို သကြားနှင့် သုံးခွက်တခွက်တင် ကျိုသောက်သော ဆေးမှတပါး အခြားမရှိ၊ သို့သော် (ဒါလေးနဲ့) စိတ်မကောင်း မဖြစ်ပါနဲ့ဦး။ အပြုအစုက ကောင်း၏။ အားပေးစကားက ချိုသာလှ၏။

"ဟေ့ အောင်ဘ၊ ကောင်မလေး ဘယ့်နှယ်လဲ ဟေ့" ဟု မေးလျှင် ...

"ဟာ စောက်ကမြင်းမ သေမှာပါဘဲ ..."

ဤအဖြေကို ကြားရသော် မေးသူတို့ ဝမ်းသာကြ၏။ ဘာကြောင့် ဝမ်းသာသနည်း။ နောက်ပိုင်း၌ မိတ်ဆွေဟာ မိတ်ဆွေ အလိုလို သိလာပါလိမ့်မည်။ မေးပုံကိုပင် မိတ်ဆွေ သတိပြုထားပါ။ "ကောင်မလေး ဘယ့်နှယ် နေသေးလဲ" မဟုတ် ... "ကောင်မလေး ဘယ့်နှယ်လဲဟေ့ ..." ဖြစ်၏။

အောင်ဘအိမ်မှာ အသိန်းလေးအပြင် အခြား မိန်းမများ ရှိသေးရာ ညအချိန် အသိန်းလေးက အနာကိုက်၍ ညည်းလျှင် အောင်ဘက ...

"ဟဲ့ ကောင်မ၊ နင့် (...)နာကို အောင့်ခံစမ်း၊ ဧည့်သည်တွေ လာနေတုန်း နင့်အသံ မထွက်စေနဲ့ ..."

လွန်ခဲ့သော အချိန်က သူ့ အရက်ဖိုး၊ ဘိန်းဖိုး၊ ဖဲဖိုး တာဝန်တွေကို ကာလရှည်စွာ ထမ်းဆောင်လာခဲ့သော ပိုက်ဆံအိုးမကလေးအား ဖာခေါင်း အောင်ဘက ဤသို့ မေတ္တာ ထား၏။

ဖာခေါင်းတွင် 'ဖာပိုင်' နှင့် 'ဖာကြုံ' ဟူ၍ နှစ်မျိုး ရှိ၏။ ဖာပိုင်မှာ ဖာခေါင်းအိမ်တွင် အမြဲတစေ နေရ၍ ရသမျှငွေကို ဖာခေါင်းအား အကုန် အပ်ရ၏။ ဖာကြုံမှာ ဖာခေါင်းအိမ်မှာ နေသည် မဟုတ်ဘဲ ပိုက်ဆံရှာချိန်မှာ လာခြင်းဖြစ်သည်။ ဖာခေါင်းနှင့် တယောက်တဝက် ယူရသည်။ လွန်ခဲ့သော 'နေရာချင်းတော့ မတူချေ' ဝတ္ထု၌ ဖော်ပြခဲ့သည့် "ကျွန်မ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာပါ"  ဟု ရဲဝံ့စွာ ပြောလိုက်သော သန်းသန်းမှာ လွတ်လပ်သော ဖာကြုံ ဖြစ်သည်။ သူ ဧည့်ရလျှင် ကိုမြကြီးအိမ် သွားချင် သွားမည်။ အောင်ဘအိမ် သွားချင် သွားမည်။ သို့မဟုတ် သူတို့ အိပ်ခန်းတွက် တဝက်ခ အပေးရ လွတ်အောင် နောက်ဖေးလမ်းကြားထဲတွင်ပင် ကိစ္စပြီးချင် ပြီးပစ်လိုက်သည်။ တခါတရံ သန်းသန်းတို့များ ဒို့အိမ်ဘက်ဘဲ မလှည့်တော့ဘူး, ဟု ဖာခေါင်းတို့၏ ချော့မြှူ ဖိတ်ခေါ်ခြင်းကိုပင် ခံရသည်။

အသိန်းလေးတို့ မတင်ရီတို့ကား ဤသို့ မဟုတ်ပေ။ အသိန်းလေးမှာ အောင်ဘ၏ ဖာပိုင် ဖြစ်သည်။ မတင်ရီမှာ ကိုမြကြီး၏ ဖာပိုင် ဖြစ်သည်။

အသိန်းလေးကို အောင်ဘ၏ မယား ဟူ၍၄င်း၊ အောင်ဘ၏ ကောင်မ ဟူ၍၄င်း ခေါ်ကြသည်။

မတင်ရီကို ကိုမြကြီး မယား ဟူ၍၄င်း၊ ကောင်မ ဟူ၍၄င်း ခေါ်ကြသည်။

ထို့ကြောင့် တခါတရံ ဖာခေါင်း အချင်းချင်း အရှုပ်အရှင်း ဖြစ်လျှင် လင်ခန်း မယားခန်း ပြဿနာတွေ ပေါ်လာတတ်သည်။

၄င်းအပြင် အခုနလို ကိုမြကြီးက မတင်ရီကို ရိုက်သော ကိစ္စမျိုး၌ ကျွန်တော်က မတင်ရီကို သနား၍ တစုံတရာ ဝင်ရောက် စွက်ဖက်အံ့။ ငါ့မိန်းမ ငါရိုက်တာ မင်းနဲ့ ဘာဆိုင်လို့လဲ, ဟု သူက တရားဝင် စကားပြောပေလိမ့်မည်။

သို့အတွက် ကျွန်တော် ဘာမျှ မတတ်နိုင်၊ သူ့အမေးစကားကိုသာ ဖြေလိုက်ရပါသည်။ သူလိုချင်သော ငွေကို ထုတ်ပေးလိုက်သည်။ ဤငွေကို ညမှ မတင်ရီက ပြန်ဆပ်လိမ့်မည်။

မတင်ရီမှာ ကိုမြကြီး၏ ကျေးပိုင် ကျွန်ပိုင် ဖြစ်နေရသည်။ ဘယ်ပုံဘယ်နည်း ဤသို့ ဖြစ်လာသနည်း။

ကျွန်တော် မတင်ရီ ဘဝမှန်ကို သိခဲ့ရပါသည်။ 

"အောင်မာ ... ဖာဆီက ဘဝမှန် သိရတယ်လို့ဘဲကွာ ... ဖာဆိုတာ တယောက်မေးရင် တမျိုး၊ သူတို့ ကောင်းရက်သားနဲ့ ပျက်စီးရတဲ့ အဖြစ်မျိုး ရောက်အောင် လုပ်ဇာတ်ခင်း ပြောတယ်ဗျာ့" ဟု ဖာကျမ်း ကျွမ်းကျင်သူတို့က ပြောပေလိမ့်မည်။ 

ကျွန်တော် မငြင်းပါ။ သို့သော် ကျွန်တော် မတင်ရီကို သိရသည်မှာ ဒါမျိုး ရိုးနေသော ဖာတယောက်အား မိမိကိုယ်မိမိ လူလည်ကြီးလုပ်၍ ဖာ'စာလိပ်'အောင် နှူးရင်း နှပ်ရင်း အပျင်းပြေ အချိန်ဆွဲမေး၍ ထုံးစံအတိုင်း ဝတ်ကျေဝတ်ကုန် ပြန်ဖြေခြင်းမှ ရသော အသိမျိုး မဟုတ်။ မတင်ရီနှင့် ကျွန်တော်မှာ မည်ကဲ့သို့ ခင်မင်ရင်းနှီးခဲ့ကြသည်ကို လွန်ခဲ့သော 'နေရာချင်းတော့ မတူချေ' စာပိုဒ်ကလေးတုန်းက ဖော်ပြခဲ့ပြီ။ ယခု ထပ်မံ၍ ဆိုရသော် ကျွန်တော်နှင့် အကြောင်းအားလျော်စွာ တွေ့ဆုံခင်မင်လာကြရသော မကျင်မြိုင်၊ မတင်ရီ၊ လှလှ၊ သန်းသန်းတို့ လေးယောက်အနက်မှ ကျွန်တော် မတင်ရီကို ကျေးဇူးတင်လှပါသည်။ မတင်ရီသည် ကျွန်တော့်အား သူတို့လို ပြည့်တန်ဆာမမျိုးကို ဘယ်တော့မှ မသွားလာရန် ဆုံးမစကား ပြောကြားခဲ့ပါသည်။ သူတို့ ကိုယ်ကာယကို မည်သို့, မည်ပုံ ပြုလုပ်ထားသည်။ ရင်သားပျော့အိကို (ခွင့်လွှတ်ကြနော်) မာကြောအောင် အညစ်အကြေးများ သုတ်လိမ်းထားသည်။ မိမိကိုယ်ပေါ်က လူကို 'အကိုရဲ့-မောင်ရဲ့-အဟင့်-အဟိ' လုပ်နေရပေမယ့် စိတ်ထဲက မည်သို့ သဘောထားကြောင်း စသည်တို့ကို ပြောပြပါသည်။

မတင်ရီနှင့် ကျွန်တော်မှာ တဦးကိုတဦး သန့်သော မေတ္တာနှင့် ချစ်ခင်ကြသည်။ သူ့ကို ကျွန်တော်က "ဖာ" ဟူ၍ သဘောမထား။ ကိုယ့်ဘဝနှင့်ကိုယ် နေရသော ချစ်ဆွေမတယောက် ဟူ၍သာ ယူဆသည်။ အနို့မို့ကြောင့် သူ့ဆီ ဧည့်မလာချိန်၊ ကျွန်တော့် လက်ဖက်ရည်ဆိုင် အလုပ် အားချိန်တို့၌ သွားရည်စာ တခုခု ဝယ်ကာ နှစ်ယောက်အတူ နှိုက်စားရင်း စကား လက်ဆုံကျလေ့ ရှိပါသည်။ သူ့ဆီ ဧည့်အလာနည်းလျှင် ၄င်း၊ ကျွန်တော့် လက်ဖက်ရည်ဆိုင် မရောင်းရပါလျှင် ၄င်း၊ တဦးအတွက်တဦး စိတ်မကောင်း ဖြစ်တတ်ကြသည်။ အလျဉ်းသင့်၍ မိမိတို့၏ နောင်ရေးနှင့် ရှေ့ရေးကို ပြောကြရာ၌ ကျွန်တော့်မှာ မြှော်လင့်ချက်ပန်းတိုင်ကြီး ရှိသေး၍ သူ့တွင် ဖာခေါင်း တယောက်၏ ဖာပိုင် ဘဝနှင့် လမ်းဆုံးနေချေပြီတကား ...။

* * *

မတင်ရီကို ကျွန်တော် လွမ်းဆွတ်ပါသည်။

မတင်ရီသည် မြစ်ဝကျွန်းပေါ် ဒေသရှိ မြို့ငယ်ကလေး တခုမှ ရုပ်ရည် အတော်အတန် ချောမောသော မိန်းကလေး ဖြစ်ပါသည်။ ဖခင် မရှိ၍ မိခင် မုဆိုးမ၊ မောင်ကလေး တယောက်နှင့် လက်လုပ်လက်စားထဲက ဖြစ်သည်။

၁၆-နှစ်ရွယ်တွင် မိမိတို့မြို့ ကမ်းနားပွဲရုံတွင် တည်းခိုသော ရန်ကုန်က ကုန်သည်ကလေး မောင်ဘမြင့်နှင့် ချစ်ကြိုက်လေသည်။ မောင်ဘမြင့်မှာ အသက် ၂၀ ကျော် ရုပ်ရည်ချောမော၍ ရုပ်ရှင်မင်းသားကဲ့သို့ စတိုင်ကောင်းလေသည်။

မတင်ရီမှာ အချစ်ဦးမို့ အရူးအမူး ချစ်မိလေသည်။ မောင်ဘမြင့်မှာလည်း မတင်ရီနှင့် ချစ်ကြိုက်မိကတည်းက ရန်ကုန်သို့ မပြန်နိုင်တော့ဘဲ ကုန်ဝယ်ရန် ပါလာသော ငွေတို့ကို သုံးစားကာ နေလေသည်။ နောက်ဆုံး၌ လက်ထပ်ခွင့် ပြုရန် မတင်ရီက မိခင်ကို နားဖောက်သည်အထိ ဖြစ်လာတော့၏။ မတင်ရီ မိခင်မှာလည်း မောင်ဘမြင့်လို မြို့ကြီးသား ကြေးရတတ်ကို သဘောမတူရန် အကြောင်းမရှိ၊ သို့သော် မောင်ဘမြင့် မိဘက မည်သို့ ရှိချေဦးမည်နည်း။

ဤပြဿနာကား မောင်ဘမြင့်က ရိုးသား ရှင်းလင်းစွာ ဖြေလေသည်။ သူ့မိဘသည် ရန်ကုန်မြို့ ကုန်သည်ပိုင်း ထိပ်သီးထဲက ဖြစ်၍ မတင်ရီလို တောသူကို ဘယ်လိုနည်းနှင့်မျှ သဘောတူလိမ့်မည် မဟုတ်။ ထိုကြောင့် သူ့မိဘ အသိမပေးဘဲ လက်ထပ်လိုခြင်း ဖြစ်သည်၊ ပြီးမှ အသိပေးမည်။ ဤအခါ၌ ကိစ္စမှာ ခရီးလွန်ပြီ ဖြစ်၍ သဘောတူရန် အကြောင်း ရှိသည်။ ဆွေမျိုးများနှင့် ဝိုင်းဝန်း တောင်းပန် တိုးလျှိုးမည်။ ယင်းသို့မှ မအောင်မြင်ဘဲ နောက်ဆုံးအခြေ အမွေပြတ် ကြော်ငြာသည်အထိ ဖြစ်ဘိဦးတော့၊ မိမိမှာ အင်္ဂလိပ်စာ ဆယ်တန်းအောင်ပြီး ဖြစ်၍ ဘဝလမ်းခရီးကို ဘာမှ ပူစရာ မရှိကြောင်း။

ဤ အခြေတွင် မတင်ရီတို့ဘက်က ကြည့်စမ်း၊ မောင်ဘမြင့်လို မြို့သားချော (ယင်းခေတ်) ဆယ်တန်း ပညာတတ်ကို ရနေပြီ၊ ဘာအရှုံး ရှိတော့အံ့နည်း။ သူ့မိဘက သဘောတူက သမီး ရွှေဘုံပေါ် စံရတော့မည်။ လူကြီးစုံရာနှင့် လက်ထပ်လိုက် လေတော့သည်။

သတင်းတပတ်မျှ နေပြီးနောက် မတင်ရီကို ရန်ကုန်မြို့သို့ဟု ခေါ်သွားလေသည်။ သွားခါနီး မောင်ဘမြင့်သည် မတင်ရီ၏ မိခင်ကို ရှိခိုးကာ ယခု သူ့တွင်ရှိသော ငွေမှ စရိတ်သာချန်၍ ကျန်ငွေ တရာ့အစိတ်မျှကို အမယ်ကြီးအား ကန်တော့ခဲ့လေသည်။ အမယ်ကြီးမှာ သမီးကို ထည့်လိုက်ရခြင်းနှင့် ဤလို သမက်အလိမ္မာမျိုး ရခြင်း နှစ်ခု ပေါင်း၍ ဝမ်းနည်းဝမ်းသာကြီး ဖြစ်ကာ မျက်ရည်တောက်တောက် ကျလေသည်။

မောင်ဘမြင့်က "မငိုပါနဲ့ အမေရယ် ... ကျွန်တော်တို့ ဟိုရောက်လို့ မိဘကို နှူးနှပ်ပြီး သဘောတူတဲ့ အခါမှာ လက်ထပ်ပြီး မင်္ဂလာဆောင်ရအောင် အမေ့ကို လူလွှတ်ခေါ်လိုက်မယ်။ အို- ဘယ်လိုမှ ပြောမရဘူး ဆိုရင်တော့ ကျွန်တော်တို့ ဒီမြို့ကို ချက်ခြင်း ပြန်လာခဲ့မှာဘဲ အမေရဲ့ ..."

"ကောင်းပါလေ သားရယ် ...၊ အေး ... အေး ... သွားကြ- သွားကြ- ၊ လမ်းခရီးမှာ ခလုတ်မထိ- ဆူးမငြိပါစေနဲ့ကွယ် ..."

ဟုတ်ကဲ့ ... အမယ်ကြီး ဆုတောင်းသည့် အတိုင်းပင် လမ်းခရီးမှာ ခလုတ်မထိ ဆူးမငြိပါ၊ ရန်ကုန်မြို့ကြီးသို့ ချောမောစွာ ရောက်ကြပါသည်။ သို့သော် ဆိုက်ရောက်ပြီး သုံးရက်မြောက်မှ စ၍ မတင်ရီမှာ မျက်ရည်စက်လက်နှင့် ကြေးရတတ်တို့၏ အသုံးတော်ခံကလေး ဖြစ်ရလေသည်။

ဘယ့်နှယ်တုန်း- မြန်လှချေလား၊ ကောင်လေး မိဘတွေ သဘောမတူဘဲ ချက်ချင်းကြီး ခွဲပစ်လိုက်တာနဲ့ လူမသမာတွေနဲ့ တွေ့လို့လား ...။

မဟုတ်ပါ- မဟုတ်ပါ၊ ဒီကောင်လေးမှာ မိဘဆိုလို့ မယ်မယ်ရရ မရှိပါ။ အင်္ဂလိပ်စာ ဆယ်တန်း ဆိုတာလဲ ဝေးလို့၊ သူ့နာမည်ကလဲ မောင်ဘမြင့် မဟုတ်ပါ၊ ရန်ကုန်မြို့ ထိပ်သီးလူမိုက်ကြီး၏ ကြေးစားတပည့် အောင်လှ ဖြစ်၏။

အောင်လှ၏ အလုပ်မှာ သူဌေးသား အဖြစ်နှင့်၄င်း၊ ရုံးက ခွင့်ယူလာသော ဝန်ထောက် အဖြစ်နှင့်၄င်း၊ ကုန်ဝယ်လာသော ကုန်သည် အဖြစ်နှင့်၄င်း၊ ကျေးလက်ဒေသသို့ ထွက်ကာ မိန်းကလေးများကို သွေးဆောင်ခေါ်ငင်ရသည်။ ပြန်လာသော အခါ၌ ပါလာသော မိန်းကလေးကို သူ့ဆရာကြီး လက်သို့ အပ်ရသည်။

ဆရာကြီးမှာ ရာဇဝတ်မှုတွေ တိုင်းသိပြည်သိ ကျူးလွန်နေသည် ဖြစ်၍ ဤပြစ်မှုတွေက လွတ်ရန် သက်ဆိုင်ရာ အရာရှိကြီးငယ်တွေကို မြာနှင့် လာဘ်ထိုးရသည်။

ကဲ ... မိတ်ဆွေ ... မတင်ရီ၏ လာရောက်ရာ ဘဝကို သိရလေပြီ။ နာမည်ကျော် လူမိုက်ကြီး၏ လက်ထဲမှာ ဤမိန်းကလေးမျိုးတွေ အများကြီး ရှိသည်။ သူ့လက်အောက်မှာ ဖာခေါင်း အထိန်းအသိမ်းနှင့် နေရသည်။ ဆရာကြီး၏ အမိန့်အရ အရာရှိကြီးငယ်တွေကို အသုံးတော် ခံရသည်။ ဆရာကြီး၏ ဘဏ္ဌာတော်အတွက် ကြေးရတတ်တွေကို အသုံးတော် ခံရသည်။

မတင်ရီမှာ ၆-လမျှ မျက်ရည်ကျပြီးနောက် ရန်ကုန် လူမိုက်ကွန်ယက်မှ မလွတ်နိုင်သည့် အတူတူ ပူနေလို့လဲ အပိုဘဲ ဖြစ်ရာဘဝမှာ ရင်စည်းခံတော့မည်ဟု အားတင်း ပစ်လိုက်ရလေသည်။

စိတ်အားကို တင်း၍ ရပါ၏။ သို့သော် လူကိုယ်ကာယမှာ သင်္ခါရ သဘောတရား အရ တင်း၍ မရ၊ ကာမ အလုပ်ကိုလဲ လူ့ကိုယ်မှာ လိုသည်ထက် လွန်ကဲ၍ အသုံးအဖြုန်း ခံရသဖြင့် အကျမြန်လေသည်။ တနှစ်ရှိပြီ ဆိုလျှင်ဘဲ ထိုလူမိုက်ကြီး၏ လက်ထဲမှာ ဂုဏ်သရေရှိ အရာရှိကြီးတွေကို အသုံးတော် ခံရန်၄င်း၊ ငွေများများ ပေးနိုင်သော ကြေးရတတ်တွေ၏ အကြိုက်ကို ဖြစ်ရန်၄င်း၊ မသင့်လျော်တော့သဖြင့် ဒုတိယတန်းစား ဖာခေါင်းလက်ထဲသို့ အရောင်းခံလိုက်ရလေသည်။

ဤမှ စပြီးကား မတင်ရီ၏ ဘဝ ခရီးစဉ်ကို အကျယ် ဖော်ပြစရာ မလိုတော့ပြီ။ ဒုတိယတန်းမှ တတိယတန်း၊ တတိယတန်းမှ စတုတ္တတန်း စသည်ဖြင့် နတ်နန်းနတ်ဘုံ အဆင့်ဆင့်က ဆင်းလာမည်ကို မိတ်ဆွေ သိရှိပါချေပြီ။

ယခုအချိန် ကိုမြကြီးလက်ထဲ ရောက်နေ၍ ကျွန်တော်နှင့် သိကျွမ်းရသော အခါကိုကား မိတ်ဆွေ သဘောအရ ဆဋ္ဌမတန်းဘဲ ခေါ်ခေါ်၊ အဋ္ဌမတန်းဘဲ ခေါ်ခေါ်၊ သို့သော် ... ရှေ့တထစ် မစ်ထရစ် ဆိုတာတော့ မရှိနိုင်တော့ပါပြီ။ သူ့ဘဝလမ်း ဆုံးခန်းတိုင်နေပါပြီ။ အစွန်ဆုံးသော နံပတ်ကို ရောက်နေပါပြီ။ ယခု သူရောက်နေသော ဌာနမှာ "ဖာသင်းချိုင်းကုန်း" ဟု ခေါ်ပါသည်။ ဤမှ တဆင့်ကား ကြံတောသုဿာန် ကြွဘို့သာ ရှိပါတော့သည်။

မိတ်ဆွေ ... မှတ်မိလား၊ အောင်ဘအိမ်က အိပ်ရာထဲ လဲနေတဲ့ အသိန်းကလေး ဆိုတာ ...။

အေး ... မတင်ရီလဲ တနေ့မှာ ဒီလို ရောဂါနဲ့ ဒီလိုဘဲ လဲမှာဘဲ၊ ဒီတော့ ကိုမြကြီးကလဲ အောင်ဘလိုဘဲ "ဟဲ့ ... ကောင်မ နင် (...)နာကို အောင့်ခံစမ်း၊ ဧည့်သည်တွေ လာနေတုန်း နင့်အသံ မထွက်စေနဲ့" လို့ ပြောမှာဘဲ။

ဒီကုန်းပေါ်က လူတွေက "ဟေ့ ... မြကြီး၊ တင်ရီ ဘယ့်နှယ်လဲဟေ့" ဟု မေးလျှင် "ဟာ ... သောက်ကမြင်းမ သေမှာပါဘဲ" ဟု ပြန်ပြောမှာဘဲ။ ဤအဖြေကို ကြားရတော့ မေးတဲ့လူကလဲ ဝမ်းသာမှာပါဘဲ။

ဟော ... ဤပြဿနာ ပြန်ရောက်လာပြန်ပြီ။ လူသေမှာကို အဘယ်ကြောင့် ဝမ်းသာပါသနည်း။ ဤကံဆိုးမမျိုးကလေးတွေ ဤဘဝဆိုးမျိုးက လွတ်သွားတာမို့လား။

မဟုတ်ပါ ... မဟုတ်ပါ ... လုံးဝ မဟုတ်ပါ။ သူတို့ ဒီသဘောတရားမျိုး နည်းနည်းမှ ထည့်ပြီး စဉ်းစားသည် မဟုတ်ပါ။ သူတို့အတွက် အာဝါဒေးပွဲကြီး ကျင်းပရမည် ဖြစ်သောကြောင့်ပါ ခင်ဗျာ။

အစက ဖော်ပြခဲ့သည့် အတိုင်း ညက ပိုက်ဆံအရနည်း၍ ဖဲရှုံးလာသော ကိုမြကြီးက မတင်ရီကို ရိုက်နှက်သောနေ့ ညနေမှာဘဲ အသိန်းကလေး သေဆုံးလေသည်။ သူတို့ ကုန်းတခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်လေပြီ။ လူနာမေးဆို၍ အရေးတယူ ဘယ်သူမှ မလာခဲ့သော ဖာအိမ်စုတ်မှာ လူတွေ စည်လေပြီ။ ဆေးဖိုးဝါးခ ကူညီရန် ဆို၍ လုံးလုံး မစဉ်းစားခဲ့သော လူနာ၏ မသာပွဲမှာ တညကို ငါးကျပ်, တဆယ် ပေးရသော အောက်လင်း ဓာတ်မီးကြီးတွေ ငှားလေပြီ။ အဘယ်ကြောင့် ဟူမူကား ဖဲဝိုင်းများ ကျင်းပရမည် ဖြစ်သောကြောင့်တည်း။

ထိုခေတ်က ရန်ကုန်ထုံးစံကို မိတ်ဆွေ သိထားပါ။ မသာဖြစ်လျှင် ခုနစ်ရက်တိတိ ဖဲရိုက်နိုင်ခွင့် ရှိသည်။

ကဲ ... ယခုညက စပြီးသကာလ အောင်ဘ အိမ်မှာ ဝိုင်းကြီး ဝိုင်းကောင်းများ လက်ခံရတော့မည်။ အောင်ဘ ကံထသည်ဟု ခေါ်ရမည်။ အောင်ဘသာ မဟုတ်ပါ၊ သူတို့ကုန်း တခုလုံးပါ။ ည ဖဲရိုက်လာမည့် လူတွေအတွက် ချက်အရက် ရောင်းသူ များများ ပိုယူထားသည်။ ဖာခေါင်း ဖာဆွယ်တွေက အခြားအကွက်က ဖာတွေကိုပင် ဖြည့်စွက် ဖိတ်ခေါ်ထားသည်။ ကျွန်တော်လည်း ယနေ့ညနေ နို့ကုလား ပြန်သွားမှ အသိန်းကလေး ဆုံးသည်ဖြစ်၍ နို့အိုးကို ပါနီဘဲ များများ ထိုးရတော့သည်။

ယင်းည၌ မတင်ရီတို့၊ မကြင်မြိုင်တို့၊ လှလှတို့၊ သန်းသန်းတို့သည် အတော် ဟန်လေသည်။ ဒါတောင် ပထမညမို့ ဆိုင်းမပါသေးလို့ ရပ်ဝေးလူ သိပ်မကျပါ။

နောက်တနေ့ နံနက်၌ ဤကုန်း အစုအအုပ်မှ လူကြီး လုပ်သူတို့သည် အရပ်ထဲ ထွက်ကာ သူတို့ထုံးစံအတိုင်း ပိုက်ဆံရှိသော အိမ်များကို လိုက်၍ အလှူခံလေသည်။

"ကဲ ... အရပ်ထဲတော့ ဒီလို ဖြစ်ပြန်ပြီ၊ ဆရာကြီးအိမ်က ဘယ်ရွေ့ ဘယ်မျှတော့ ထည့်ပါ၊ ဒါမှ ဒီမသာ ချဖြစ်တော့မယ် ..."

စင်စစ် ဤခေတ်၊ ဤအခါ၊ ဤနေရာတွင် မသာဖြစ်ပါက ရတနာပင် ပေါက်ခြင်း ဖြစ်သည်။ ဤ အလှူခံသော လူစုမှာ အဆင်သင့်လျှင် အခြားက သေခါနီး လူနာတောင် ယူလာကာ မသာချပွဲ ကျင်းပသူများ ဖြစ်သည်။

ယင်းသို့ အလှူခံရသော ငွေနှင့် ဤ ဖာ, မသာကို ကန္နားဖျင်းကြီး ထိုးလိုက်သည်။ ရန်ကုန်တွင် နာမည်ကျော် စိန်သွဲ့-စိန်နွဲ့ ဆိုင်းဝိုင်းကို စရံပေးခေါ်သည်။ ခေါင်းကို အကြွေးယူကာ ဘုန်းကြီးကျောင်းက မသာကုတင်နှင့် အလောင်းကို ကျကျနန ပြင်ဆင်သည်။

အနှီလို မသာတခု အရင်းပြု၍ ကန္နားဖျင်း မဏ္႑ပ်ကြီးနှင့် အောက်လင်း ဓာတ်မီးကြီးတွေနှင့် စိန်စီရွှေချ နဂါးရုပ်တပ်တဲ့ ပတ်လုံး၊ ပတ်ဝိုင်း၊ မောင်းဆိုင်း အစုံနှင့် ဤခေတ်၊ ဤအခါ၊ ဤနေရာ၊ ဤဒေသတွင် ဤသို့ စုမိပြီ ဆိုပါက ဤလူစု အဖို့တွင် ရတနာမိုး သွန်းဖြိုး ရွာခြင်းပင် ဖြစ်ပေတော့သည်။

ညအချိန် ဆိုင်းဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လက်သံပြောင်လိုက်တော့ "ဟာ ... မသာဘဲဟေ့ ..." ဆိုပြီး ကြားရာ အရပ်က လာလိုက်တဲ့ ဖဲသမားတွေ ကန္နားဖျင်းအောက်မှာ ကျိတ်ကျိတ်တိုးကြတော့သည်။

အကြောင်းမှာ ဤခေတ်၊ ဤအခါသည် လခစားများ၊ လူရိုး လူကောင်းများ ကျပ်တည်း၍ ဂျပိုး, သူခိုး, လူလိမ်, လူလည်များ လက်ထဲတွင် ငွေကြေးရွှင်သောကြောင့်တည်း။

ထိန်ထိန်ညီးနေသော အောက်လင်း ဓာတ်မီးရောင် အောက်မှာ ပိုကာဝိုင်း၊ ကိုးမီးဝိုင်း၊ ဘန်လတ်ဝိုင်း၊ ကက်ဝိုင်း။

အောင်ဘနှင့် ဤမသာ အမှူးပြုသော လူတစုက အကောက်ကို မလစ်ဟင်းရအောင် ဂရုပြုကြ၏။

"ဟေ့ ... အကောက်တော့ မှန်မှန်ထည့်ကြပါကွာ၊ ဒီကောင်မလေး မသာ လှပ သွားရအောင် ငါတို့ စီမံရတာ၊ ခေါင်းဖိုး ပေးရအုံးမှာနဲ့၊ မသာ မြင်းလှည်းခနဲ့၊ ဆိုင်းဝိုင်းခနဲ့၊ ဓာတ်မီးဖိုနဲ့ ရက်လည်ဆွမ်း သွတ်ရအုံးမှာနဲ့"

ဟုတ်ကဲ့ ... သုံးစရာတွေ အဝဝ ရှိပါသည်။ သို့သော် မပူနဲ့၊ ဖူလုံရုံမက နောက်ဆုံး၌ မသာရှင် အောင်ဘနှင့် အမှူးပြုသည့် လူကြီးတစုပင် ရှယ်ယာ ခွဲယူရပါဦးမည်။ 

ခုနစ်ရက်တိတိ နေ့ရော ညပါ ကစားဝိုင်းတွေ ဖွင့်ရတာ နည်းသလား။ တဝိုင်း တဝိုင်းမှာ အလောင်းအစား တထောင် ကိုးရာ ရှိသည်။ ထောင်ကိုးရာ ဆိုပေမယ့် ဂျပန်ငွေမို့ အလကားပါဟု အထင်မသေးနှင့်။ ၁၉၄၃-ခုနှစ် လက်ဖက်ရည်တခွက် တမတ်၊ ကူးဝါးစီးကရက် ၂၀-ဝင် တဗူး တကျပ်။

ဒီအခါ ဖဲသမားတွေကလဲ ဘယ်လောက် ရက်ရော ပျော်ရွှင်ကြသနည်း။ မိမိအိမ်မှာ ဖဲတကြော ထပြီဆိုလျှင် ငွေနှစ်ဆယ်မျိုး အစိတ်မျိုးကို ဆိုင်းဝိုင်း ပစ်ပေးကာ ...

"ကဲ ... ဟောဒီမှာ ဦးဟဝါက ရွာစားကြီး ဦးစိန်နွဲ့ကို ဆုတော်ငွေ တဲ့ဗျ"

ဒီအခါမှာ နောက်ထ နှစ်ယောက်က ဝါးလက်ခုပ် ဟပြဲကြီးတွေနှင့် ထပြီး ...

"ကျွန်တော်တို့ ရွာစားကြီး ဦးစိန်နွဲ့ကို ဆုတော်ငွေ ချတဲ့ ဦးဟဝါမှာ ယခုအခါ အမြတ်နဲ့ ထပ်ထိုးတော့ လတ်နဲ့ ကိုးချည်း ဖြစ်လို့မို့ ဆထက်တပိုး နိုင်ပါစေဗျား" ဟု ဆိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် အဆိုအတီးနှင့် ဆုချသူ ဦးဟဝါကို ဂုဏ်ပြုလေသည်။

ယင်းအခါမှာ ဖဲသမားတွေဟာ အရက်ကလဲမူး၊ အလွန်ပင် အူမြူးလို့ သူ့ထက်ငါ အပြိုင် နိုင်လျှင် နိုင်သလို ဆုငွေချပြီး ဆိုင်းဝိုင်းထဲက မိမိနာမည်ကို ထုတ်ဖော်ခြင်း ဂုဏ်ကို ခံယူလေသည်။

ဆိုင်းဝိုင်းလာပြီး နားထောင်တဲ့ လူတွေ ပိုက်ဆံလေး အနည်းအကျဉ်းနဲ့ နဘေးက လာပွတ်တဲ့ လူတွေကလဲ ပျော်တပြုံးပေါ့ဗျာ။ မုံ့ဟင်းခါး၊ ကြက်သားကြော်၊ ငါးကြော် လာရောင်းတဲ့ ညဈေးသည်တွေလဲ ရှိသေးတယ်။ တကဲ့ ပွဲကြီးပွဲကောင်းပ ခင်ဗျာ။

ဤသို့ ၃-ရက်မြောက်သော အခါမှာ မသာကို ချပစ်လိုက်သည်။ နောက်ထပ် ၄-ရက် ဆက်၍ ပွဲတော်ကြီးကို ကျင်းပသည်။ ခုနစ်ရက်မြောက်၌ သပိတ်သွတ်သည်။ သပိတ်သွတ်တော့ သူတို့ အင်မတန် ဝါသနာပါသည်။ ပါမှာပေါ့။ ဘုန်းကြီးဆွမ်း နှစ်ပွဲစာလောက် ပင့်ပြီး သူတို့ကုန်း တခုလုံး တရုန်းရုန်း တအုံးအုံးနဲ့ ထမင်းကောင်း ဟင်းကောင်းတွေ စားရသကိုး။

ကဲ ... အသိန်းကလေး ဇာတ်လမ်းတော့ ဆုံးခန်းတိုင်သွားပြီ။ သူ့ မသာကလေးကို အကြောင်းပြုပြီး မည်သူတွေ မည်မျှ ပျော်လိုက်ပါးလိုက်၊ စားလိုက်သောက်လိုက်ကြသနည်း။ နောက်ဆုံးပိုင်းမှာ ဘုန်းကြီးများပင် ပါလာသည်ကို မိတ်ဆွေ သတိပြုပါ။ ဤအရာသည် အသိန်းကလေးရဲ့ ခန္ဓာကိုယ်ကို မြေသို့ချသော အစီအစဉ်မျှ ရှိသေးသည်။ သူ့ခန္ဓာကိုယ်တွင် သူ့ဝိညဉ်နှင့် ကာမ ကိလေသာ အသွေးအသားတွေ ဆူဖြိုးနေစဉ် အချိန်များတုန်းကတွင်ကား ...

ဘယ်သူတွေ ဘယ်လို စားခဲ့ကြသနည်း။

အသိန်းကလေး၏ နောက်ကြောင်းဇာတ်လမ်းကို ဖွင့်ရန် ရှိသည်။ သို့သော် မလိုပါ။ ကျွန်တော်တို့ သိပြီးဖြစ်သော မတင်ရီ၏ ဘဝလမ်းစဉ်ကို အစားသွင်းခြင်းဖြင့် ကျွန်တော်တို့ လိုရာသို့ ရောက်နိုင်ပါသည်။

ကဲ ... မတင်ရီရဲ့ လားရာ ခရီးကို ပြန်ကြည့်ကြစို့။ မောင်ဘမြင့် အမည်ခံ အောင်လှနှင့် ရန်ကုန်သို့ ရောက်ပြီး သုံးရက်မြောက်မှ စ၍ အရာရှိကြီးငယ်တို့နှင့် ကြေးရတတ်တို့၏ အသုံးတော် ခံရသည်။ ဤနည်းဖြင့် လူမိုက်ကြီး လက်ထဲမှာ တနှစ်ကျော် ကြာခဲ့သည်။ တနေ့မှ နားခဲ့ရမည် မဟုတ်။ ထိုနောက် ဒုတိယတန်းစား ဖာခေါင်း လက်ထဲမှ ဘုံအဆင့်ဆင့် ဆင်းခဲ့ကာ ယခု ဖာသင်းချိုင်းကုန်းစံ နတ်ထိန်း ကိုမြကြီး လက်ထဲ ဒုတ်ဒုတ်ထိ ဖာသက် ၇-နှစ် ရှိခဲ့ချေပြီ။

ဤခုနစ်နှစ်မှာ လူတန်းစား အမျိုးမျိုး ဦးရေမည်မှကို အကြိမ်မည်မျှ ကာမဆန္ဒ ဖျော်ဖြေခဲ့ရပါမည်နည်း။ မည်မျှလောက်သော ဖာခေါင်း၊ ဖာဆွယ်၊ ဖာကျွန်တို့ကို ထမင်းကျွေးခဲ့ပါသနည်း။

တောက သူ့မိခင်ကြီးက ၁၆-နှစ် တိတိ ကျွေးမွေးသုတ်သင် လွှတ်လိုက်တဲ့ သူ့ခန္ဓာကိုယ် အသွေးအသား ကလေးတွေကို ဝိုင်းဝန်းပြီး စားလိုက် သောက်လိုက်ကြတာ၊ ခုအခါမှာဆိုရင် ခပ်ယဲ့ယဲ့ဘဲ ကျန်တော့သည်။ နောက်များမကြာမီ အသိန်းကလေး၏ သွားရာလမ်းကို လိုက်ရတော့မည်။ ဤအခါတွင် ဤသင်းချိုင်းသားတွေသည် အသိန်းကလေး မသာမှာတုန်းကကဲ့သို့ပင် တိရစ္ဆာန်ထက် လိမ်မာသော လူများပီပီ ရသမျှ အခွင့်အရေးကို လက်မလွတ်စေဘဲ တတ်နိုင်သမျှ စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်ကြဦးမည် ဖြစ်ပါသတည်း။

မတင်ရီကို ကျွန်တော် လွမ်းပါသည်။


No comments:

Post a Comment

ကင်းစောင့်

  ကင်းစောင့် “ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေ...