Saturday, August 20, 2022

သူစောင့်တဲ့ဥပုသ်

သူစောင့်တဲ့ ဥပုသ်         
--------------------------
စာရေးဆရာမ-မစန္ဒာ
===============
        အမေပေးထားသော သူ့အမည်ရင်းက မလေးခင်ဖြစ်သည်။ မြို့တော်ဈေးထဲက အကြော်စုံဆိုင်လေးကို ဆိုင်းဘုတ်တင်မည်ဟု အမည်စဉ်းစားတော့ သူကနည်းနည်းလေး ထပ်ဖြည့်လိုက်သည်။များများတော့မဟုတ်။ ရရစ်ကလေးတစ်ခုတည်းသာ ဖြစ်သည်။ ‘မ’ အက္ခရာဘေးတွင် ရရစ်ကလေး ထည့်လိုက်တော့ ‘မြလေးခင်’ ဟူသောအမည်လေးက ချစ်စရာဟုအထင်ရောက်သည်။ သူ၏တူမလေးနှစ်ယောက်က…..
 “အငြိမ့်အဖွဲ့နာမည်နဲ့ များ တူနေမလားမသိဘူး” ဟု စိုးရိမ်ကြသည်။ 
“အငြိမ့်လာငှားရင်တော့ ခေါင်းဆောင်မင်းသမီးက ဒေါ်လေးပဲနော်” ဟု ရယ်သွမ်းသွေးကြသည်။

          သို့သော် မြလေးခင်ဟူသောအမည်နှင့် သရက်လက်ဖက်၊ အကြော်စုံက ဘယ်ကနေ ဘယ်လို ဓာတ်တည့်သွားသည်လည်းမသိ၊ တစ်နေ့တစ်ခြား ဖောက်သည်တွေများကာ ရောင်းအား ကောင်းလာသည်ကတော့ အမှန်ပင်။ နောက်ပြီး အမြတ်ထွက်လာသည်က သူ့အမည်ရင်း မလေးခင် ပျောက်ကာ အားလုံးက မြလေးခင်ဟုခေါ်လာကြခြင်းဖြစ်သည်။ နောက် ပြီး ထပ်၍ ကောင်းပြန်တာက ‘မြလေးခင်’ ဟူသောအမည်၏ရှေ့တွင် အသက်အ ရွယ်ကို ကိုယ်စားပြုသော ‘ဒေါ်’ ‘မ’ ဆိုတာတွေ ဖြည့်မလာ ကြခြင်းဖြစ်သည်။ထို့ကြောင့် လူကြီး၊ လူငယ်၊ ကလေးအားလုံးက သူ့ကို “မြလေးခင်” ဟုခေါ်ကြသည်။ သူတို့ကိုယ်တိုင်လည်း ဆိုင်နာမည်လား၊ လူ နာမည်လား ကွဲပြားပုံမရ။ ဆိုင်နှင့်တွဲ၍ မှတ်ထားကြပုံရလေသည်။ အခုတော့ တူမလေးနှစ်ယောက်လည်း အသီးသီးဘွဲ့ရကာ အသက် သုံးဆယ်နား နီးလာကြပြီဖြစ်သည်။ သူကရော ... အင်း သူကလည်း လေးဆယ်မှတော်တော်စွန်းကာ ငါးဆယ်ထဲ ချဉ်းနင်းဝင်နေပြီဖြစ်သည်။ ဆံပင်ဖြူလာ၍ ဆေးဆိုးနေရပြီဖြစ်သည်။ မျက်စိတွေမှုန်လာ၍ မျက်မှန် လည်း တပ်နေရပြီဖြစ်သည်။ တူမအပျိုနှစ်ယောက်၊ အဒေါ်အပျိုကြီးတစ်ယောက်သုံးယောက်ပေါင်း လုပ်အားနှင့် သူတို့၏လက်ဖက်ဆိုင်လေးကတော့ ရောင်းအားကောင်း နေဆဲပင်။

“အင်း ... ငါ့မလဲ လက်ဖက်၊ လက်ဖက်နဲ့ လက်ဖက်တောထဲနစ်ပြီး လက်ဖက်ကိုပဲ ဘုရားထင်၊ လက်ဖက်ကိုပဲ တရားထင်နေတာ .... ကြာလှပါပေါ့လား ...”
              သတင်းစာထဲဖတ်လိုက်လျှင် ကိုယ့်ထက်ငယ်သူတွေ တန်းစီနေတော့ မြလေးခင် အတန်ငယ်တုပ်လှုပ်မိလေသည်။ သူကသာ သေမင်းကို မေ့ထားသော်လည်း သေမင်းကတော့ သူ့ကိုမေ့ထားလိမ့်မည်မဟုတ်သည်ကို သတိရသည်။
“ဘုရား .... ဘုရား”

*******************

“နက်ဖြန်ခါ ဥပုသ်နေ့”
သူကပြောတော့ တူမနှစ်ယောက်က ‘ဈေးပိတ်တယ်’ ဟု ထပ်၍ဖြည့် စွက်ကြသည်။ ဟုတ်သည်။ သူတို့၏ဈေးကြီးက ဥပုသ်နေ့တိုင်းပိတ် သည်မှာ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ခန့် သူစ၍ဈေးထွက်ကတည်းက ဖြစ်လေသည်။ ဟိုးအရင်တုန်းကတော့ ဥပုဉ်နေ့ဈေးပိတ်လျှင် သုံးယောက် သားရုပ်ရှင်ရုံဆီသို့ စိတ်တူကိုယ်တူပြေးလေ့ရှိကြသည်။ နောက်တော့ ဗီဒီယိုခွေငှားကြည့်ကြသည်။ ဗီဒီယိုကျတော့ မကြိုက်သောအခန်းကို ကျော်ပိတ်လိုက်၊ ကြိုက်သောအခန်းကို ပြန်ရစ်လိုက်နှင့် စိတ်ကူးပေါက်တိုင်း ပေါက်သလို လုပ်၍ရသောကြောင့် ပို၍နှစ်သက်ရပြန်သည်။
“ချစ်စံအိမ်ငှားထားတယ်၊ ရှစ်ခွေစာတဲ့၊ တစ်နေကုန်ကြည့်ရမယ်” တူမကြီးက ပြောသည်။ အငယ်မကတော့ 
‘ယောင်ဂျေးလေးကို လွမ်း နေတာကြာပြီ’ ဟုပြောသည်။ကိုရီးယားကားက ပြပြီးသွားပြီဖြစ်သော်လည်း သူတို့ညီအစ်မက တစ်ဆက်တည်း အပြတ်တောက်မရှိဘဲ ပြန်၍ကြည့်ချင် သေးသည်တဲ့။ သူတို့ညီအစ်မတင်မကပါ သူလည်းပါသည်။ ဂျီအင်းကို လည်းချစ်သည်။ ယောင်ဂျေးကိုလည်းကြိုက်သည်။ ဒါပေမဲ့ အကြိုက်ဆုံး တော့မဟုတ်ပါဘူး။သူ့အသည်းစွဲက ‘ရင်ဒါရိုက်တာ’ တစ်ဦးတည်းသာ။

“ဒေါ်လေးက နက်ဖြန်ခါ ဥပုသ်စောင့်မှာ”
“ဟင် ... တကယ်” တူမနှစ်ယောက် အံ့ဩသွားကြသည်။ အင်းလေ ... အံ့ဩကြပေမှာ ပေါ့။ သူက ဘုရားမေ့၊ တရားမေ့ နေခဲ့တာကြာခဲ့ပြီဟာကိုး။
“ဟုတ်တယ် နောက်ဆိုရင်လည်း ဥပုသ်နေ့တိုင်း ဥပုသ်စောင့်မယ်” ဥပုသ်စောင့်မယ်ဟု မိမိကိုယ်မိမိ ကတိပေးသလိုပြောရင်း၊ ပထမဆုံး သတိတရတွေးမိသည်က ….
“ဒီလိုဆို နက်ဖြန်ခါ ဘာဟင်းချက်စားရပါ့မလဲ” ဟူ၍ဖြစ်သည်။ ထမင်းနှစ်နပ်ကို တစ်နပ်လျှော့ရမည်ဆိုတော့ စားရမည့်တစ်နပ်က အရာသာရှိရှိလေးဖြစ်ရန် အရေးကြီးသည်မဟုတ်ပါလား။
“မနက်စောစောကတော့ ခါတိုင်းလိုပဲ။ မုန့်ဟင်းခါးလေးဝယ်စားချင် စား၊ပဲထမင်းကြော်လေး စားချင်စားအရေးမကြီးပါဘူး၊ ထမင်းကြီးကျရင်တော့ ကြက်သားကလည်းရိုးနေပြီ။ ဝက်သားကိုပုန်းရည်ကြီးနဲ့ချက် စားရရင်ကောင်းမလား၊ ငါးပတ်မွှေရရင်ကောင်းမလား၊ ငါးရံ့နဲ့ဘူးသီးနဲ့ ချက် ပြီး မရမ်းသီးလေးသုတ်ရရင်ကောင်းမလား၊ ဒါမှမဟုတ်လည်း ခရမ်းသီး ချိုချိုလေးနှပ်၊ ချဉ်ပေါင်ဟင်းပျစ်ပျစ်လေးချက်ပြီး ငါးရံ့ခြောက်ဖုတ် စားရရင်လည်း မြိန်မှာပဲ၊ ဟင်း ... တွေးရင်းတောရင်း ထမင်းတောင် ဆာလာပြီ”
မြလေးခင်က တံတွေးကိုပင် မသိမသာမြိုချမိသည်။
“ကိုသံပုရာ ကလိုင်ထိုးခါနီးရင်တော့ သားဈေး၊ငါးဈေးလေးတစ်ပတ် ပြေးလိုက်ဦးမယ်”
              ကိုသံပုရာဟူသည်မှာ မျက်နှာပေါက်ဆိုးလှသော ဈေးစောင့်ကြီး ဖြစ်သည်။ သူ့ခမျာ မျက်နှာပေါက်ဆိုးရုံသာမက အပြောလည်း တစ်စက်က လေးမှမချိုတော့ သံပုရာဟူသောဘွဲ့ထူးကို ဈေးသူဈေးသားအားလုံးက တညီတညွတ်တည်း ချီးမြှင့်ထားကြလေသည်။ ဈေးက ခြောက်နာရီပိတ်ရ သည်မို့ ငါးနာရီခွဲလျှင် ကိုသံပုရာက ကလိုင်ထိုးရင်း ဈေးပတ်ပြီ ဖြစ်လေသည်။ ကိုသံပုရာ ဂလိုင်ထိုးလျှင် မြလေးခင်တို့ကလို ကုန်ခြောက်ဆိုင်တွေက ဣနြေ္ဒရရ ပစ္စည်းသိမ်းကြရသော်လည်း သားတန်းငါးတန်းက အမေပု တို့ ဒေါ်ဒေါ်အေးတို့ ဒေါ်တရုတ်မတို့ကတော့ ပျာယာခတ်ကုန်ကြသည်။ နောက်တစ်နေ့အတွက်သိမ်းရလျှင် ရေခဲဖိုးကုန်ရဦးမည်မို့ ဈေးခုံပေါ်တွင် ကျန်နေသမျှ အသားငါးများကို လျှော့ပေါ့ပေးပြီး တွန်းတွန်းထိုးထိုးလေး ရောင်းကြရရှာသည်။ မြလေးခင်တို့ကလည်း ထိုအချိန်ကို စောင့်နေကြ ခြင်းဖြစ်လေသည်။
“ဟော ... မြလေးခင်လာပြီ။ ကြက်နှစ်ခြမ်းလုံးယူတော့မယ် မဟုတ်လား”
ကြက်သားသည်က ဆီး၍နှုတ်ဆက်သည်။ အခါတိုင်းကတော့ ကြက်သားကို ခုတ်ထစ်ပြီးယူသွားရုံပင်။ အိမ်ကျတော့ ရေနိုင်နိုင်ဆေးပြီး ပြုတ်ကြော်လုပ်ထားလိုက်ရုံပင်။ လွယ်တော့လည်း ကြက်သားပြုတ်ကြော်ချည်း နေ့တိုင်းစားနေရသည်မှာ ငြီးငွေ့စရာပင် ကောင်းနေပြီဖြစ်လေသည်။

“ဝက်သားငါးဆယ်သားလောက်ပဲ ကျန်တော့တယ်။ လျှော့ပေးမယ်”
“ပုစွန်လေး နည်းနည်ကျန်တာ၊ အကုန်ယူသွား တစ်ထောင့်နှစ်ရာပဲပေး”
“ငါးတန်ဗိုက်သားနော်၊ ဝယ်သူရှိရင် ရောင်းမယ်၊ ဝယ်သူမရှိရင်အိမ် က ကလေးတွေကို အချဉ်ဆီပြန်ချက်ကျွေးမယ်”
ကြက်တွေ၊ ဝက်တွေ၊ ပုစွန်တွေကိုကျော်ပြီး မြလေးခင် အာရုံကျသွားသည်က ငါးခူဖြစ်သည်။ ငါးခူက စားရခဲသည်။ အညှီ၊ အညှီကိုစင်အောင် မန်ကျည်းသီး နှင့်နာနာတိုက်ဆေးရသည့် အတွက်လက်ဝင်လှသည်မို့ မဝယ်ဖြစ်၊ မစားဖြစ်သည်မှာ ကြာလှပေပြီ။
“ရွှေလက်ကောက်ကြီးတွေ တစ်ထောင်လောက်ဝတ်လို့ များများယူ မယ်ထင်ပြီး ရိုက်လိုက်တာ များသွားတယ်အစ်မရယ်၊ ယူသွားတော့ လေးကောင်ထဲ၊ ဟောဒီလေးကောင်က ကျန်ခဲ့ရော ....”
            မြလေးခင်က ဦးခေါင်းတွေ မကြေ့တကြေနှင့် ခပ်လှုပ်လှုပ်အကြော ဆွဲနေသော ငါးခူများကိုငုံ့ကြည့်ရင်း “အမူမှာ ငါးခူကရှုံးရဲ”  ဟူသော စကားကို သတိရသည်။ ငါးခူတို့သည် ဘယ်အချိန်မှာ ဘယ်လိုများ မူကြပါလိမ့်ဟု ဖျတ်ခနဲစဉ်းစားမိရင်း ….
“ဟင် ... နင့်ဟာကလည်း အရှင်ကြီး တွေ”  ဟုပြောကာ မျက်နှာကိုမသိမသာလွှဲထားလိုက်သည်။ ဟိုဖက်ဆိုင် က မလတ်တလတ် ပုစွန်ဘောချိတ်လေးများကို လှမ်းကြည့်ပြီး ခြေလှမ်းပြင်သည်။
            ထိုအချိန်တွင် ငါးသည်က သူ့လက်ထဲက ဓားမကိုမြှောက်ကာ ဓားနှောင့်နှင့်တဂွတ်ဂွတ် ထုချလိုက်သည်မှာ စက္ကန့်ပိုင်းမျှသာ။ ထို့နောက်
“မရှင်ပါဘူး အစ်မကလဲ၊ ဟောဒီမှာ” ဟု တဆက်တည်း ပြောသည်။ စင်းစင်းသေသွားပြီဖြစ်သော ငါးများကို ဇိုးဇိုးဇတ်ဇတ် ကောက်ယူကာ ချိန်ခွင်ထဲ ပစ်ထည့်လိုက်သည်။
“ငါးဆယ့်ငါးကျပ်သား၊ ငါးကျပ် သားဖြုတ်၊ ငါးဆယ်သားဖိုးပဲပေး၊ နှစ်ထောင့်ခြောက်ရာဈေးနနဲ့ ငါးဆယ် သား တစ်ထောင့်သုံးရာ။ တစ်ရာလျှော့။ တစ်ထောင့်နှစ်ရာပဲပေး”  ဟု ခပ်သွက်သွက် ခပ်ကျယ်ကျယ်ပြောသည်။ မြလေးခင်က …..
“ ဟဲ့နေပါဦး၊ ဘယ်သူက ယူမယ်ပြောလို့လဲ၊ တကတည်း ဒီလောက်ဈေးကြီးနဲ့များ”  ဟု ပြောကာ လှည့်ထွက် မည့်ဟန်ပြင်တော့ နောက်ထပ်နှစ်ရာ ထပ်ပြီးပြုတ် ကျသွားသည်။ 
“အင်း .... အမှုမှာ ငါးခူက ရှုံးလောက်ရဲ့ဆိုတာ ငါးကို ပြောတာမဟုတ်ဘူး။ ဝယ်တဲ့သူပြောတာထင်ပါရဲ့” ဟုစဉ်းစားရင်း မြ လေးခင်က ပြုံးမိသည်။
အလေးလည်းလျှော့ ဈေးလည်းလျှော့ဆိုတော့ ဝယ်သူဘက်မှတန်တာက အတော်ပင်တန်နေပြီဖြစ်သည်။

“အင်း ... ငါးခူကြော်နှပ်လေးစားရရင် ကောင်းမလား၊ စင်းကော လေးလုပ်ရရင်ကောင်းမလား၊ ဆီပြန်ချက်ပြီး ရဲယိုရွက်လေးအုပ်ရရင် ကောင်းမလား၊ ငါးခူငါးဆုပ် မန်ကျည်းရေလေးနဲ့ချက်ရမလား”
                 မြလေးခင်က စိတ်ကူးထဲတွင် ငါးခူလေးကောင်ကို ကြော်ကြည့်လိုက် အသားလွှာကြည့်လိုက်၊ ဗတာက်တောက်စင်းပစ်လိုက်၊ ငါးဆုပ်လုံး ကြည့် လိုက်နှင့်ရှုပ်ယှက်ခတ်သွားသည်။ ဟင်းရွက်တန်းထဲတွင် ပုတတ်စာနှင့် ကင်ပွန်းချဉ်ရွက်တိ့ကိုတွေ့တော့မှ စင်းကောလုပ်ရန် အတည်ပြုလိုက် သည်။ ချဉ်ရည်ချက်မည်။ အသားကို စဉ်းကောလုပ်ပြီး ရဲယိုရွက်ကလေး အုပ်မည်။ အရိုးနှင့်ခေါင်းကိုတော့ ချဉ်ရည်ချက်မည်။ကင်ပွန်းချဉ်ရွက်နှင့်ပုတ်တတ်စာကို ရောပြီးချက်လျှင် အရသာက ထူးကဲလှသည်။ ငါး၏ အချို၊ ကင်ပွန်းချဉ်၏အချဉ်နှင့် ပုတတ်စာနံ့မွှေးမွှေါ်သည် အချိုးညီညီ နှင့် သမမျှတနေသည်ဟု သူထင်သည်။

              မြေကြီးပေါ်တွင် ဗန်းကလေးချကာ ရောင်းနေသော ကောင်မလေး ဆီက ဖရဲဦးနုနုလေးသုံးလုံးနှင့် ခရမ်း ြွကပ်သီးငါးလုံးဝယ်သည်။ အသီးမအောင်သော ဖရဲသီးပေါက်စလေးများကို ပြုတ်ပြီးတို့စရာလုပ်စားရသည်မှာ ဗူးသီးပုတ် ကလေးများထက်ပင် ချိုနေသေး၍ သူတို့ တူဝရီးသုံးယောက်လုံးအကြိုက် တွေ့နေကြသည်။
“အင်း .... အရေးကြီးတာတစ်ခု ကျန်နေသေးတယ် ရဲယိုရွက် အင်း ရဲယိုရွက်မပါရင် မပြည့်စုံဘူး”
ရဲယိုရွက်က ရှားပါးပစ္စည်းဖြစ်သည်။ ဈေးတွင်ရောင်းသည်ကို တစ်ခါတလေတွေ့ရသော်လည်း အမြဲတမ်းတော့ တွေ့ရသည်မဟုတ်ချေ။ မနုမရင့် အရွက်ပြန့်ပြန့်ကားကားကြီးတွေကိုသာ ရလျှင်တော့ သူ၏ငါးခူ ဟင်းအတွက် ပြီးပြည့်စုံပြီဖြစ်ပေသည်။ ညနေအိမ်ပြန်တော့ မြလေးခင်သည် ခါတိုင်းလိုအိမ်အထိ ဆိုက်ကား မစီးဘဲ လမ်းခုလတ်တွင် ဆင်းသည်။ အံ့ဩသလိုကြည့်နေသော တူမ အငယ်၏ လက်ထဲသို့ဈေးဝယ်လာသော ကြွပ်ကြွပ်အိတ်ကိုထည့်ကာ
“အိမ်ကျရင် ငါးကိုင်ထားနှင့်နော် ဒေါ်လေး ဒီနားခဏဝင်စရာရှိလို့” ဟု ပြောသည်။

လမ်းထိပ်ဂုတ်ခြံက ဦးလှမောင်ဝင်း၏ခြံဖြစ်သည်။ သူတမင်စိုက် ထားသည်တော့ ဟုတ်ပုံမရ။ ရဲယိုပင် ခွေးတောက်ပင်၊ ဆူးပုတ်ပင် စသည်တို့ အလေ့ကျပေါက်နေသည်။ သူကမျက်စိလည်းမှုန်၊ နားလည်းလေးပြီး အပြောကလည်း တော်တော်ဆိုးသည်။ သူ့ဆီ ခွေးတောက်ရွက် ကလေးတစ်ခါတောင်းဖူးသည်။ ငါးရွက်ခန့်ခူးပေးပြီး ……  
“ကိုယ်တိုင်စိုက်ထားရင်တော့ တောင်းစရာဘယ်လိုပါ့မလဲဗျာ”  ဟုပြောသည်။ မြလေးခင်က စိတ်ထဲမှနေပြီး 
“ကိုယ်တိုင်လည်း မစိုက်ဘူး။ တောင်းလည်းမတောင်း တော့ပါဘူးတော်” ဟု ခပ်စွာစွာပြန်ပြောခဲ့သည်။
“မတောင်းဘူးဆိုတာ မယူဘူးလို့ပြောတာမှ မဟုတ်ဘဲ။ တစ် ယောက်တည်း နိုင်အောင် စားနိုင်တာလည်း မဟုတ်၊ ဒီအရွက်တွေကို ဈေးတင်ရောင်း  နေတာလည်းမဟုတ်၊ အလကား တိုတိုထွာထွာလုပ်နေတာ ခြံ အပြင်ကနေ လှမ်းဆွဲပြီးခူးတော့လည်း သိတာတောင်မှ မဟုတ်”
             မြလေးခင်က ခြံအပြင်ဘက်ယိုင်နေသော ရဲယိုရွက်၊ ခွေးတောက် ရွက်များကို လှမ်းဆွဲပြီးခူးနေသည်မှာ သုံးလေးခါရှိပြီဖြစ်သည်။ ယခုလည်း ရဲယိုရွက်နုနုပြန့်ပြန့်ကြီးတွေ တွေ့ထားသည်။ လှမ်းဆွဲလိုက်လျှင် မှီသည်။ သူလည်း ခြံနားအရောက် အဘိုးကြီးလည်း အိမ်ထဲပြန်အဝင်မို့ တော်တော်လေး အဆင်သင့် သွားသည်။ ခြံဘေးနား မယောင်မလည်ကပ် သွားပြီး အားရှိပါးရှိလှမ်းဆွဲလိုက်သည်မှာ ရဲယိုရွက်သာမက အကိုင်းပါ ကျိုးကျလာသည်။ ကိုင်းကျိုးသောအသံက အတော်ကျယ်လေသည်။ ဦးလှ ဝင်းမောင်က နားလေးလို့သာ တော်တော့သည်။
“အဲတော့... အသီးကင်းတွေပါ ကိုင်းထဲပါလာတာကိုး၊ ဘယ်တတ် နိုင်မှာလဲဟယ်၊ ငါက ကျိုးစေချင်တဲ့စေတနာနဲ့ ခိုးတာမှမဟုတ်... အဲ အဲ….... ခူးတာမှ မဟုတ်တာ”
            မြလေးခင်က သူ့ကိုယ်သူ ချက်ချင်းခွင့်လွှတ်လိုက်သည်။ ဟုတ်တယ်လေ။ ကိုယ့်ကိုကိုယ်မှ ခွင့်မလွှတ်ရင် ဘယ်သူက တကူး တကန့်လာပြီး ခွင့်လွှတ်ပါ့မလဲ။ လိုချင်သောအရွက်နုများကို ခပ်ခွက် သွက်ခြွေယူလိုက်ပြီး အကိုင်းကြီးကို မြောင်းထဲပစ်ချပြီးလျှင် ဒီအကြောင်း ကို ထပ်မံသတိရစရာမှ မလိုတော့တာပဲ။

“ဟောတော့၊ ရဲယိုရွက်တွေ သန့်မှသန့် ကောင်းမှကောင်း၊ ငါးခူလေး နဲ့တော့ အဆင်ကိုပြေလို့၊ ဒေါ်လေး ဘယ်ကရလာတာလဲ"
“လမ်းထိပ်မှာ အဆင်သင့်တွေ့လို့လေ၊ ငါးခူဝယ်ထားတာလည်း သတိရတာနဲ့”
            မြလေးခင်က ခပ်အေးအေးပြောသည်။ လမ်းထိပ်မှာ အဆင်သင့်တွေ့ သည်ကလည်း အမှန်ပင်။ ငါးခူလေးတွေကို သတိရသည်ကလည်း အမှန်မို့ သူ့စကားထဲတွင် အမှားတစ်ခွန်းမှ မပါကြောင်းတွေးပြီး ကျေနပ်၍ပင် နေမိသည်။

“နက်ဖြန်ခါကျရင်တော့ မနက်စောစောစီးစီး ရေမိုးချိုးသနပ်ခါးလိမ်းပြီးမှ သီလယူရမယ်။ မျကနှာပြောင်ပြောင်ကြီးနဲ့ကလည်း မနေတတ် သီလယူပြီးမှ လိမ်းနေပြန်ရင်လည်း မကောင်း”
           သူကတော့ သနပ်ခါးလိမ်းရုံသာမက မျက်ခုံးမွှေးလည်းဆွဲဖို့ လို သည်။ သူ့မျက်ခုံးက ပါးလည်းပါး၊ ကျဲလည်းကျဲဆိုတော့ ဆေးလေးမှ တင်မထားလျှင်၊ ကူမထားလျှင် မျက်ခုံးမွှေးမပါသော မျက်နှာက ပြောင်ဖြဲဖြဲ ဖြစ်နေတတ်သည်ဟုထင်သည်။ ဪသာ် .... မျက်ခုံးမွှေးသာမက နှုတ် ခမ်းနီလေးလည်း လိုသည်။ ကလေးတွေလို အနီရင့်ရင့် အရောင်ရဲရဲမျိုး တွေ မသုံးသော်လည်း ပန်းရောင် ပြေပြေလေး လောက်တော့ ဆိုးထားနေကျ ဖြစ်သည်။ သူ့နှုတ်ခမ်းရောင်က ခပ်ဖြူဖြူ ခပ်ဖျော့ဖျော့နှင့် ဒီနှုတ်ခမ်းကို အရောင်တင်မထားလျှင် လူမမာနှင့် တူနေတတ်သည်ဟု ထင်မိလေသည်။
        ထို့ကြောင့် နောက်တစ်နေ့ကျတော့ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်း ကာမျက်ခုံးမွှေးပါးပါးဆွဲ၊ နှုတ်ခမ်းနီပြေပြေဆိုးထားသော မြလေးခင်သည် ယောဂီတဘက်ကလေးကို ပခုံးပေါ်တင်ရင်း ကျုံ့ကျုံ့ယုံ့ယုံ့ထိုင်ကာ သီလယူလေသည်။ သူတို့ တူဝရီးသုံးယောက်လုံးက ဈေးသမားတွေဆိုတော့ အိမ်မြဲကြသူများမဟုတ်။ အိမ်မှာ ဆွမ်းခံကိုယ်တော်လည်း မရှိ။ ဒီတော့လည်း ဘုရားကျောင်းဆောင်ရှေ့တွင် ကျုံ့ကျုံ့ထိုင်ကာ ဘုရားရှင် ကိုယ်တော်တိုင်၏ ရှေ့မှောက်တွင် သီလယူနေသည်ဟု နှလုံးသွင်းထားရသည်မှာ ပို၍ပင် ကျေနပ်စရာကောင်းသေးသည်။ သို့ပါသော်လည်း ရှစ်ပါးသီလ ကို အလွတ်မရ၍ စာအုပ်ကြည့်ရွတ်ရသည်ကိုတော့ 
“သည်းခံ ခွင့်လွှတ် တော်မူပါ အရှင်မြတ်ဘုရား”  ဟု စိတ်ထဲမှ တောင်းပန်ရသည်။
                           
      တကယ့်တကယ်ကတော့ သူ့ကိုဒုက္ခပေးသည်မှာ ခုနစ်ပါးမြောက် သီလဖြစ်သည်။
“နစ်စ၊ ဂီတ၊ ဝါဒိတ၊ ဝိသုက၊ ဒဿန၊ မာလာဂန်ဓ၊ ဝိလပေန၊ ဓာရဏ၊ မဏ်ဍာန၊ ဝိဘူတနဌာနာ၊ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ”
ဟူသောအပိုဒ်ဖြစ်သည်။ ထိုသီလကို အစီအစဉ်တကျ မရွတ်တတ်ရုံမျှမက မည်သည့် ပါဠိစကားသည် မည်သည့်အဓိပ္ပါယ်ကို ရည်ညွှန်းကြောင်း ကောင်းစွာမသိ။ အကြမ်းအားဖြင့်တော့ သနပ်ခါးမလိမ်း၊ ပန်းမပန်၊ သီချင်းမဆို၊ ရုပ်ရှင်မကြည့်ဟု သဘောပေါက်ထားသည်။ ရှစ်ပါးသီလယူပြီးတော့ မြလေးခင်သည် သူ့ကိုယ်သူ သီလစောင် လုံလုံခြုံထားသလို လုံခြုံသွားသည်ဟု ခံစားရသည်။ သီလယူပြီးတော့ မီးဖိုချောင်ဝင်သည်။ ရေခဲသေတ္တာထဲတွင် ဆား၊ နနွင်း နယ်ပြီးနှပ်ထားသော ငါးကိုထုတ်ယူကာ သူကိုင်တိုင်ချက်သည်။

              သူ့တူမနှစ်ယောက်က ကြက်သားပြုတ်ကြော်မှလွဲ၍ သိပ်ပြီးစိတ်ချရ သည်မဟုတ်။ တူမနှစ်ယောက်ကတော့ ကင်ပွန်းချဉ်ရွက်ချွေရင်း ရုပ်ရှင်မင်းသား မင်းသမီးတွေအကြောင်း စုံအောင်ပြောကြသည်။ မြန်မာပြည်က မင်းသား၊ မင်းသမီးတွေအကြောင်းလည်းမကျန်။ အခုလက်ရှိ သူတို့အသည်းစွဲနေ သည်က ချစ်စံအိမ်ထဲက မင်းသားလေး ‘ယောင်ဂျေး’ ဖြစ်သည်။ သူ့အမည်ရင်းက ‘ရိန်း’ ဆိုလား။
“ဟဲ့ သူကသီချင်းဆိုလည်း အရမ်းကောင်းတယ်တဲ့။ ငါအခွေငှား ထားသေးတယ်”
 “အရပ်ကလည်း အမြင့်ကြီးပဲနော်”
“ဘော်ဒီကလည်း တောင့်တယ်ဟ”
အင်း ‘ရိန်း’ ဘယ်လောက်ကောင်းကောင်း၊ မြလေးခင်ကတော့ ‘ရင်ဒါရိုက်တာပဲ’ ဟုတွေးရင်း မသိမသာပြုံးမိသည်။ ချစ်ရသူကို အလိုလိုက် အကြိုက်သိပြီး ကြင်နာနိုင်လွန်းသော ရင်ဒါရိုက်တာကို သူအခုထိမမေ့။
“ရင်ဒါရိုက်တာကတော့ အကောင်းဆုံးပါပဲဟယ်”
“ယောင်ဂျေးလည်း ကောင်းပါတယ်”
“အေး ...ကောင်းပါတယ်၊ ဒါပေမဲ့ ရင်ကပိုကောင်းတာကို ပြောတာပါ”
“ဒါကတော့ ဒေါ်လေးရယ်၊ ‘ရင်’ က အသက်ပိုကြီးတာကိုး၊ ယောင်ဂျေးလေးက မနူးမနပ်ကလေး”
             
         ထိုနေ့က ထမင်းမြိန်လှသည်။ ငါးအချိုရည်ဝင်ကာ နူးညံ့ပျော့အိနေ သော ရဲယိုရွက်က မခါးဘဲ အချိုဘက်လုနေသည်။ ချဉ်ပြေပြေလေးနှင့် မွှေးနေသော ကင်ပွန်းရွက်ချဉ်ရည်ဟင်းလေးက သောက်၍ပင်မဝ။ ဖရဲသီး နုလေးတွေကလည်းချို၊ ခရမ်းကပ်သီးကလည်း ကြွပ်ဆိုတော့ ခါတိုင်း ထက် နှစ်ဆလောက် ပိုပြီးစားဝင်နေသည်။
“ဒေါ်လေးက ဥပုသ်သည်ဆိုတော့ ပေါင်မုန့်မီးကင် ထောပတ်သုတ်လေးတော့ စားဦးမှပေါ့၊ ကော်ဖီလေးလည်း သောက်ဦးမှဖြစ်မှာပေါ့”
ဗိုက်အင့်နေပြီဖြစ်သော်လည်း တူမတွေက ပေါင်မုန့်ကင်နေကြပြန်သည်မို့ စားရပြန်သည်။
 “တော်ကြာ ညနေကျမှ ဆာနေရင်ခက်မယ်” ဟု စိုးရိမ်စိတ်နှင့် ကော်ဖီနှင့်ပေါင်မုန့်တို့ကိုသာမက သီးမွှေးငှက်ပျောသီး တစ်လုံးကိုပါ အတင်းဖိနှိပ်ပြီး ဗိုက်ထဲသို့သိပ်ထည့်လိုက်သည်။ ဆယ့်နှစ် နာရိဒေါင်ဒေါင်ထိုးတော့ ဝမ်းဗိုက်တစ်ခုလုံးပြည့်တင်းဖောင်းကားပြီး မျက်တောင်တွေ စင်းနေပြီ ဖြစ်‌လေ‌သည်။

ဒီတော့ ....။

အင်း ... ဒီတော့လည်း ဘာလုပ်စရာရှိလို့လဲ။ ဆယ့်နှစ်နာရီလည်း ထိုးသွားပြီပဲဟာ။ အိပ်ရုံပဲ ရှိတော့တာပေါ့။ ဖျာချောလေးခင်း ခေါင်းအုံးလေးချပြီး အသာလှဲချလိုက်ရသည်မှာ အရသာရှိလှသည်။ လေကြောင်းကျနေသဖြင့် လေကလေးကလည်း တဖြူးဖြူးနှင့်မို့ စင်းနေသောမျက်တောင်သည် ချက်ချင်းလိုလိုပင် မှိတ်ကျသွားသည်။ အိပ်၍ကောင်းလိုက်သည်မှာ နှစ်နှစ်ခြိုက်ခြိုက်ပင်။ ညဘက်အိပ်ရသ လို အိပ်မက်တွေပင် မက်နေသေးသည်။ အိပ်မက်ထဲတွင် ….
‘ဆည်းဆာ ရင်ခုန်သံ’  ကိုရီးယားကားကို ပြန်ကြည့်နေရသည်။ တစ်ခုပဲပြောင်း သွားသည်။ ဆန်းမီနေရာတွင်တော့ မြလေးခင်ဖြစ်နေသည်။ ရင်ဒါရိုက်တာ နေရာကတော့ ဪသာ် .... ရင်ဒါရိုက်တာနေရာကတော့ ဘယ်ပြောင်းပါ့ မလဲ၊ ရင်ဒါရိုက်တာပဲပေါ့ကွယ်။

          နည်းနည်းနိုးလာလိုက်၊ မျက်တောင်ပြန်စင်းလိုက်၊ အိပ်မက်ဆက် မက်လိုက်၊ ပြန်နိုးလာလိုက်၊ ပြန်အိပ်လိုက်နှင့် မြလေးခင် အသေအချာနိုး လာတော့ ညနေသုံးနာရီကျော်ပြီဖြစ်သည်။ တင်းကားနေသော ဗိုက်က အတန်ငယ်လျော့သွားသော်လည်း ဆာတော့မဆာသေးချေ။
“ဥပုသ်သည်ဆိုတာ တရားစာအုပ်လေး ဖတ်ရမှာပေါ့လေ”
မြလေးခင်က ဆရာတော်ဦးဇောတိက၏ ‘အရှုပ်ထဲမှာ ရှင်းအောင်နေ’  ဟူသောစာအုပ်ကိုဖတ်သည်။ ထို့နောက် မဟာစည်ဆရာတော်ဘုရားကြီး၏ ‘အရိယာဝါသတရားတော်’  ကို ဖတ်သည်။ စာထဲတွင် စိတ်နှစ် ထားရန်ကြိုးစားသော်လည်း တီဗွီဖန်သားပြင်ထက်တွင် ဂျီအင်းက ‘ဝက်ဝံ လေးကောင်’  သီချင်းဆိုနေသည်။ 
                        သူ့အရွယ် သူ့အရပ် သူ့ရုပ်ရည်လေး နှင့် သီဆိုနေပုံမှာချစ်စရာကောင်းနေသည်မို့ တရားစကားတွေထဲမှ ရုန်းထွက်ကာ ဂျီအင်းတို့ ယောင်ဂျေးတို့နောက်သို့ စီးမျောပြီး ရောပါသွား လေသည်။ ဘယ်အထိများ မျောပါသွားသလဲဟု မေးလာလျှင်တော့ ရုပ်ရှင်ပြီးတဲ့ အထိပါသွားတာပါရှင်ဟု မရှက်တရှက် မပြုံးတပြုံးနှင့် ဖြေဖြစ်လိမ့်မည်ဟု ထင်ပါသည်။
“တမင်တကာ ရုံမှာသွားကြည့်တာမှ မဟုတ်တာ၊ ကိုယ့်အိမ် ကိုယ်နေရင်း မျက်စိရှေ့ရောက်နေလို့ အလိုလိုမြင်ရတာပဲဟာ” ဟုလည်း မိမိကိုယ်မိမိ ဆင်ခြေကန်နေမိသည်။
“ကြည့်ပြီးမှတော့ မထူးပါဘူးဟယ်”

ညနေခုနစ်နာရီထိုးတော့ မြန်မာ့အသံကရော မြဝတီကပါ ကိုရီးယား ကားတွေ ပြလာပြန်သည်။ တူမနှစ်ယောက်က ကြည့်တော့ သူကလည်း မကြည့်ဘဲ မြင်နေရပြန်သည်။ ရှစ်နာရီ သတင်းလာတော့ ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထား သောထန်းလျက်နှင့်မန်ကျည်းဖျော်ရည်ကိုသောက်သည်။ ထို့နောက် ‘အရိ ယာဝါသ’  စာအုပ်ဆက်ဖတ်သည်။ သို့သော် တူမအကြီးက တူမအငယ်ကို မြို့ထဲလမ်းမတော်မှ လူသတ်မှုအကြောင်းပြောပြနေသည်။ ဒီတော့လည်း စိတ်ဝင်စားစရာမို့ အရိယာဝါသကို ဘေးချထားရပြန်သည်။
“မသိရင် ဘယ်သူ့ကိုမှ တံခါးဖွင့်မပေးနဲ့”
“သိတော့ရော ယုံရလို့လား”
“ဟုတ်တယ်လေ ... ဟို ..ယုဇနပလာဇာနားက ဆိုင်ထွက်တဲ့သူဆိုရင် သူ့အသိတွေက သတ်တာ”
“အဲဒါ အကုသိုလ်ကို မကြောက်တာပေါ့”
သူတစ်ခွန်း ငါတစ်ခွန်းပြောရင်း ရင်ထဲဟာလာပြန်သောကြောင့် မန် ကျည်းဖျော်ရည်ကို ထပ်ပြီး သောက်ရပြန်သည်။ ကိုးနာရီခွဲလောက်ရှိတော့ တူမတွေက တီဗွီဖွင့်ကြပြန်သည်။ တရုတ် ကားကြည့်ရဦးမယ်တဲ့။

“တော်ပါပြီကွယ် ဒေါ်လေးတော့ ဘုရားရှစ်ခိုးတော့မယ်”
            သူကယောဂီတဘက်ကလေးပခုံးတင်ကာကျုံ့ကျုံ့လေးထိုင်ပြီးဘုရား ရှစ်ခိုးသည်။ စိတ်တွေက ဟိုရောက်လိုက်ဒီရောက်လိုက်နှင့် ပျံ့လွင့်နေတော့ သံဗုဒ္ဓကိုပင် အမြီးအမြောက်မတည့်ချင်။ နှစ်ခါပြန်ပြီး ဆိုရလေသည်။
“ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ်၊ ဒီနေ့တစ်ရက်တော့ ငါဥပုသ်ရသွားပြီ”
မြလေးခင်က ကျေနပ်ပီတိစိတ်နှင့်သူ၏ ကုသိုလ်ကောင်းမှုအစုစုတို့ ကို ၃၁ဘုံသားတို့အား အမျှဝေသည်။

“ယနေ့ဆောက်တည်ခဲ့ရသောဥပုသ်သီလကုသိုလ်” ဟုလည်းရည်စူးကာ သီးခြားအမျှပေးဝေသည်။

“အမျှ .... အမျှ .... အမျှ ...ယူတော်မူကြပါ”

သူက လေးနက်သောအသံနှင့် အမျှဝေသည်။ သူ၏တူမနှစ်ယောက် က ရုပ်ရှင်ကြည့်ရင်း ရယ်နေကြသည်။ ကြားပုံမရ။
“သူတော်ကောင်း သူမြတ်လောင်းတွေတော့ သာဓုခေါ်မှာအမှန်ပါပဲ”
သာဓုခေါ်သံများကြားလိုက်ရလေမလားဟု မြလေးခင် မသိမသာနား စွင့်ထားမိသည်။ ဘာသံမျှမကြားရ၊ ခဏနေတော့ ဘုရားကျောင်းဆောင် ထောင့်ကြားထဲတွင် ကပ်နေသော အိမ်မြှောင်လေးတစ်ကောင်က ….
“ကျွတ်... ကျွတ် .. ကျွတ်”  ဟု စုတ်သပ် ......အဲ စုတ်ထိုးလိုက်လေသည်။


မစန္ဒာ

ဝါးခယ်မ အထက-၁ ရာပြည့်မဂ္ဂဇင်း။
ဝတ္ထုတိုများ(၇)။

ကူးယူ၍  ဖော်ပြခြင်းသာ ဖြစ်ပါသည်။
( လေးစားလျက် )

No comments:

Post a Comment

ကင်းစောင့်

  ကင်းစောင့် “ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေ...