ယောက္ခမကြီးက မျက်နှာညိုသဗျ
------------------------------------------------
စာရေးဆရာ-သုမောင်
=================
“ယောက္ခမရိုသေ အသက်ရှည်” ဆိုရိုးစကားဟာ မှန်ခဲ့သည်ရှိသော် ကျွန်တော်သည် “ဇာတာ” ပါ အညွှန်းအတိုင်း အသက် (၁၂၀) ကျော်ရှည်မှာ သေချာပါသည်။ အကြောင်းမှာ (ဘာရယ်ကြောင့်မသိ) ကျွန်တော်သည် ကျွန်တော့်ယောက္ခမ (မိန်းမသူ) အား အလွန်ရိုသေ သောကြောင့်ပင်။ ခုနေခါ ကျွန်တော့်ယောက္ခမကြီးသည် သီလရှင် အပြီးတိုင် ဝတ်သွားပြီ ဖြစ်သဖြင့် ပို၍ပင် ရိုသေနေရသည်ကို အသာထားပြီး အေးဘုံနှင့် ညားကထဲက ကျွန်တော်သည် ယောက္ခမကြီးအား ချစ်ကြောက်ရိုသေ ခဲ့သောသူ ဖြစ်ပါသည်။
ဤစကားကို ဆိုရာ၌ ကျွန်တော့်တွင် ဟန်လုပ်ခြင်း၊ ဂုဏ်ဖော်လိုခြင်း၊ ပြက်ရယ်ပြုလိုခြင်း စသော အပိုဆာဒါးများ လုံးဝမပါကြောင်း ဝန်ခံပါသည်။ ကျွန်တော်က တစ်ကယ်ပင် အေးဘုံမိခင်ကြီးကို ချစ်ကြောက်ရိုသေခဲ့ရိုး အမှန်ဖြစ်ပါသည်။ ထိုသို့ ကျွန်တော့်ဘက်က ချစ်ကြောက် ရိုသေရသည်မှာ ယောက္ခမကြီးက ချမ်းသာလို့၊ အရှိန်အဝါကြီးလို့ ယောက္ခမပီသစွာ နေထိုင်တတ်လို့ စသည်ဖြင့် မဟုတ်ရပါ။ ယောက္ခမကြီးသည် အများသူငါ ယောက္ခမမျိုးကဲ့သို့ပင် သမရိုးကျ အမျိုးအစားပင် ဖြစ်ပါ သည်။ သားမက်အပေါ်၌ အထက်စီးဖြင့် မောက်မာခြင်းမျိုး၊ သမက်ဖမ်းပြီး ဖူးဖူးမှုတ်ထားတတ်သည့် အမျိုးလည်း မဟုတ်ပါ။ သူလိုငါလိုပင် အစပိုင်း၌ (ကျွန်တော် ရုပ်ရှင်မင်းသားမို့) သဘောမတူချင် သလိုလိုရှိခဲ့ပြီး နောက်ပိုင်း ကျွန်တော့်စိတ်ရင်းကို သိလာသောအခါ ပိုနေမြဲ ကျားနေမြဲ သားမက်နှင့် ယောက္ခမပုံစံ ဝင်သွားပါသည်။
သို့ဆိုလျှင် ကျွန်တော် ယောက္ခမကြီးအား ဘာ့ကြောင့် ချစ်ကြောက်ရိုသေကြောင်း စကားပိုပြောရ ပါသနည်း။ ယောက္ခမပဲဟာ ချစ်ရမည်၊ ကြောက်ရမည်၊ ရိုသေရမည်ဆိုတာတော့ ဓမ္မတာမဟုတ်ပါလား။ ဘာကြောင့် ဒါကိုပင် ကျွန်တော်က တဖွဲ့တနွဲ့ ရေးနေရသနည်း။ အကြောင်းကား ... ကျွန်တော်သည် အနန္တဂိုဏ်းဝင် များအပေါ် ချစ်ကြောက်ရိုသေရာ၌ မိဘရင်းထက် ယောက္ခမအပေါ် ပိုသောကြောင့်ဟု ရိုးသားစွာဆိုရပါမည်။ ဘာကြောင့်ရယ်တော့ ခုတိုင် စဉ်းစားမရပေ။ တစ်ခုတော့ရှိသည်။ ချစ်၊ ကြောက်၊ ရိုသေ သုံးမျိုးရှိရာ “ချစ်” ဆိုသော နေရာ၌ကား ကျွန်တော့် မိဘရင်းများကို ပိုမှာသေချာပါသည်။ မှန်ပါသည်။ ကျွန်တော်သည် မိဘရင်းထက် ယောက္ခမကြီးကိုပို၍ ကြောက်ပါသည်။ ရိုသေပါသည်။ မိဘရင်းက ပို၍ သွေးနီးသဖြင့် အချစ်ပိုပြီးပေါ့ပေါ့တန်တန် ဖြစ်သွားသလားတော့ မပြောတတ်ပေ။
လူ့သဘာဝကား သွေးအေးပြီး အနေဝေးလေလေ တလေးတစား ရှိလေလေ မဟုတ်ပါလား။ အနီးစပ်ဆုံး ဥပမာပြရလျှင် ကျွန်တော်သည် အရက်သေစာ သောက်သုံးရာ၌ ဘယ်သူ့ရှေ့မှ ရှောင်သူ မဟုတ်ပေ။ ကိုယ့်သိက္ခာကိုမျှ မငဲ့ဘဲ လမ်းဘေး ခွေးခြေပုကလေးများဖြင့် ရောင်းသော အရက်ဖြူဆိုင်မှာပင် မော်တော်ကား ရပ်ပြီး သောက်တတ်သော အရှက်မဲ့ အရက်သမား ဖြစ်ခဲ့ဖူးပါသည်။ မင်းပွဲစိုးပွဲမှာလည်း ဟန်မလုပ်တမ်း သောက်တတ်ပါသည်။ လူကြားသူကြား ပုလင်းလိုက်မော့ခြင်း အမှုကိုလည်း ပြုတတ်ပါသည်။ အဖေ့ကို ကြောက်သဖြင့် ခိုးသောက်သော်လည်း အရက်သောက်ပြီးစ အနံ့သတ်နည်းမျိုးစုံကို သုံးပြီးမှ အဖေ့နား ကပ်ရဲပါသည်။ သိသာသိစေ မမြင်စေနဲ့ သဘောမျိုး ထားနိုင်ရဲခဲ့ပါသည်။ အမေ့ရှေ့မှာ မသောက်သော်လည်း အရက်မူးမူးနှင့် အမေ့ရင်ခွင်ထဲ ဝင်တိုးဝှေ့ဖူးပါသည်။
သို့သော် ကျွန်တော်သည် အရက်သောက်ထားပြီဆိုလျှင် ယောက္ခမကြီး အိမ်ရိပ်သို့ပင် မနင်းရဲချေ။ သောက်ပြီး သူ့ထံသွားဖို့ဆိုတာ ဝေလာဝေး ကျွန်တော် အရက်သောက်ထားကြောင်း ယောက္ခမကြီး မသိအောင် တစ်အိမ်လုံးကို ဖုံးဖိထားခိုင်းတတ်သည်။ ကုန်ကုန်ပြောကြေး အရက်သောက်ထားလျှင် ယောက္ခမကြီးထံ တယ်လီဖုန်းမဆက်။ သူကဆက်လျှင်လည်း ဖုန်းမကိုင်။ ဤမျှအထိ အရက်နှင့်ပတ်သက်လျှင် ယောက္ခမကို ရှောင်သည်။
ကျွန်တော် သောက်တတ်တာ သူမသိမဟုတ် သိသည်။ သို့သော် သူဘာမှမပြောချေ။ သူမပြောလေ ကျွန်တော်က ဂရုစိုက်လေ။ နောက်တစ်ခုက ကျွန်တော့် ယောက္ခမကြီးသည် (ကန်တော့ပါရဲ့) အနံ့ခံ အလွန်ကောင်းသည်။ တစ်ခါသား ... ဘီယာလေး တစ်ခွက်သောက် မြေပဲလေးဝါးပြီး သူ့အိမ်သွားရာ တံခါးဝ ရောက်ခါစ ရှိသေး “ဟဲ့ ဗလ ဘီယာသောက်လာသလား” ဟု ဧည့်ခန်းမှာ ထိုင်နေရင်းက လှမ်းပြောသဖြင့် ကျွန်တော် တော်တော် လန့်သွားရသည်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်သည် အရက်ကိစ္စ တစ်ခုတည်းနှင့်ပင် ယောက္ခမကြီးအား ချစ်ကြောက်ရိုသေခဲ့ရရိုး အမှန်ပင် ဖြစ်ပါတော့သည်။
၁၉၈ဝ ဝန်းကျင်ကဖြစ်ပါသည်။ ထိုစဉ်က ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူပွဲကဲ့သို့ပင် မော်လမြိုင် သင်္ကြန်သည်လည်း အလွန်စည်ကားပါသည်။ ကျွန်တော်ကလည်း ခေတ်ကောင်းတုန်းမို့ မော်လမြိုင်သင်္ကြန် နှစ်တိုင်းသွားပြီး ဖျော်ဖြေရသည်။ တစ်နှစ်တော့ မှတ်မှတ်ရရ မင်းသားကြီး ဝင်းဦးနှင့်အတူ မော်လမြိုင်သင်္ကြန် ဖျော်ဖြေရန် ဖိတ်ကြားခံရသည်။ မင်းသားကြီးဝင်းဦး နှင့်အတူ ဖျော်ဖြေရမည်မို့ ကျွန်တော်ကလည်း သွားချင်သည်။ ဝင်းဦးကြိုက်သော အေးဘုံကလည်း လိုက်ချင်သည်။ သည်လိုနှင့် မိသားစုအလိုက် အိမ်က ကားဖြင့် မော်လမြိုင်သင်္ကြန် သွားရန်စီစဉ်သည်။ ဖြစ်ချင်တော့ ကျွန်တော့် သမီးဦးမှာ အခါလည်သားမျှသာ ရှိသေးရာ ကလေးကိုပါ ခေါ်သွားမှဖြစ်မည်။ ထိုအခါ... “ဟဲ့ကလေးပါခေါ်ရင် ငါလည်းလိုက်မယ်” ဖြစ်ပါလေရော။
ယောက္ခမကြီး ပြောပါတယ်။ တကယ်တော့ သူသည် ဘုရားဖူးမှအပ အပျော်အပါးခရီး လိုက်တတ်သူ မဟုတ်ချေ။ ထိုသို့ အဆိုတင်လာသောအခါ ကျွန်တော့်မှာ မငြင်းသာတော့ပေ။ ခက်တာက သူပါလျှင် အရက်သောက်ရခက်မည် ဆိုတာဘဲဖြစ်သည်။ သည်ကြားထဲ...
“ငါနဲ့ အဖေါ်ရအောင် ဒေါ်ခင်ညိုပါ ခေါ်ပါလား”
ဟု ယောက္ခမကြီးက ကျွန်တော့်မိခင်ကိုပါ အဖေါ်ညှိ တော့သည်။ အမေကလည်း လိုက်မည်ဟု ကတိပြု တော့သည် ကျွန်တော့်မှာ အမေနှင့် ယောက္ခမကြား အရက်ကိစ္စကိုသာ အကြီးအကျယ် ပြဿနာအဖြစ် စဉ်းစားရတော့သည်။ ထိုစဉ်က ကျွန်တော်သည် (၂၄) နာရီသောက်သူဖြစ်သည်။ ကြားဖြတ်ပြောပါမည်။ ကျွန်တော် သောက်ကောင်းစဉ် ကာလက သောက်နှုန်း၊
သောက်သော အရက်အမျိုးအစား၊ သောက်ပုံ သောက်နည်းသည် လက်လန်လောက်သည်။ ပြောလျှင်ယုံ မလား မသိ။ ကျွန်တော့်အိမ်တွင် ဘုရားစင်မှလွဲ၍ နေရာတိုင်းမှာ အရက်ပုလင်း ရှိပါသည်။ မိုးလင်းလင်းချင်း သောက်ဖို့ ရေခဲသေတ္တာထဲမှာ တစ်ပုလင်း၊ ပြီးလျှင် အမြည်းစားဖို့ ကြောင်အိမ်ထဲမှာ တစ်ပုလင်း၊ မျက်နှာသစ်ရန် ရေချိုးခန်းထဲမှာ တစ်ပုလင်း၊ အိမ်သာထဲမှာ တစ်ပုလင်း၊ အဝတ်အစားလဲရန် ဘီဒိုထဲမှာ တစ်ပုလင်း၊ အဝတ်ထည့် ခြင်းထဲမှာ တစ်ပုလင်း၊ ညအိပ်ရာဝင်သောက်ရန် ကုတင်အောက်မှာ တစ်ပုလင်း၊ တစ်ရေးနိုး ထသောက်ရန် ခေါင်းအုံးအောက်မှာ ပုလင်းပြား၊ အပြင်ထွက်တော့ မော်တော်ကားထဲမှာ တစ်ပုလင်း။ ဒါတောင် လမ်းတွင် တွေ့သမျှဆိုင်တွေ စွတ်ကယ်စွတ်ကယ် ဝင်သောက်သေးသည်။
ကျွန်တော်က အရက်ကို တစ်နေရာထဲမှာ တစ်ဝကြီး ထိုင်သောက်တတ်သူမျိုးမဟုတ်ပေ။ ရောက်လေရာရာမှာ အာစွတ်ရုံ တစ်ငုံမျှ ငုံတတ်သူဖြစ်သည်။ ဘယ်လို အကျင့်မှန်းတော့မသိပါ။ စောစောက ပြောသလို အိမ်မှာနေရာအနှံ့ ပုလင်းတွေထားတာလည်း ထိုကဲ့သို့ အာစွတ်ရန်ဖြစ်သည်။ ကန်တော့ပါရဲ့ အိမ်သာတက်ရင်းပင် အာစွတ်လိုက်ရမှ ကျေနပ်သည်။ မူးအောင် သောက်သည်လည်းမဟုတ် မော်တော်ကား ဓါတ်ဆီချူသလို အဆက်မပြတ်လည်ပတ် နေရုံမျှသာဖြစ်သည်။ တကယ်တော့ ကျွန်တော်သည် စိတ်ညစ်လို့လည်း မဟုတ်၊ စိတ်ပျော်လို့လည်း မဟုတ်။ အရက်ကိုကြိုက်လို့ သောက်ခဲ့သူသာတည်း။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမေရော ယောက္ခမကြီးပါ မော်တော်ကားနှင့် ခရီးအတူလိုက် မည်ဆိုသောအခါ ကျွန်တော်ဘယ်လောက် ဘေးကြပ်နံကြပ်ဖြစ်လိုက်မည်ကို စဉ်းစားသာ ကြည့်ကြပါတော့။
ကျွန်တော့် မော်တော်ကားက ဆန်နီပစ်ကပ်ဖြစ်သည်။ ထို့ကြောင့် နောက်ခန်းနှင့် ရှေ့ခန်း ခြားနေသည်မှာ မှန်ပါသည်။ သို့သော် သမီးက ငယ်သေးသဖြင့် နောက်ခန်းမှာ ခေါင်မိုးတွင် ပုခက်ချိတ်၍ ထားရပါသည်။ ကားနောက်ခန်း ခုံများကို ဖြုတ်ပြီး အမေနှင့် ယောက္ခမကြီး ထိုင်ရန် မွေ့ရာခင်းရသည်။ ကလေးအနှီးထုပ်၊ အိုးခွက်ပန်းကန် စသည်တို့ကို တောင်းပုလုံးများတွင် ထည့်၍ နောက်ခန်းတွင် ထားရသည်။ ကျွန်တော်က ကားမောင်းမည်။ အေးဘုံက နံဘေးမှထိုင်မည်။ အစီအစဉ်က ဤသို့ဖြစ်သည်။
“ရှေ့ခန်းမှာပဲ ပုလင်းဝှက်ပြီး မသိမသာ ခိုးသောက်ပေါ့ အကိုရယ်”
ဟု အေးဘုံက ကရုဏာသက်စွာ အကြံပေး ရှာပါသေးသည်။ သို့သော် နောက်ခန်းတွင် ရှေ့ဘက်မျက်နှာမူ ထိုင်နေအံ့သော အမေနှင့် ယောက္ခမက ဘယ်လိုနည်းနှင့်မဆို မြင်မှာ သေချာသည်။
“လမ်းမှာ ရပ်ရပ်ပြီး စားသောက်ဆိုင် ဝင်သောက်ပေါ့”
ဟု အေးဘုံက ဒုတိယအကြံပေး သော်လည်း စွတ်ကယ်စွတ်ကယ် သောက်တတ်သော ကျွန်တော့်အတွက် လမ်းမှာ ခဏခဏ ရပ်ရမည်မှာ ယုတ္တိ မတန်သဖြင့် ထိုအကြံကိုလည်း လက်လျှော့ရသည်။ ကျွန်တော့်မှာ စွတ်ကယ်စွတ်ကယ် သောက်ရင်း ရန်ကုန် မော်လမြိုင် ခရီးသွားဖို့ အရေးကို ရေးကြီးခွင်ကျယ် တွေးရသည်မှာ မောလှပါဘိ။
သည်လိုနှင့် ခရီးထွက်မည့်နေ့သို့ ရောက်လာပါပြီ။ ထွက်မှာက နံနက်လေးနာရီ။ ကျွန်တော့်မှာ လမ်းခရီးအတွက် မော်တော်ကား စိတ်ချရအောင် ပြင်ဆင်ရသည်က တစ်မျိုး။ လမ်းမှာ ဘယ်လိုနည်းဖြင့် စွတ်ကယ်စွတ်ကယ် သောက်ရမည်ကို စဉ်းစားရသည်က တစ်မျိုးနှင့် ဗျာများလှပါသည်။
“ရေနွေးကြမ်းယောင် ဆောင်ပြီး ဓာတ်ဗူးနှင့် ထည့်သွားရအောင်ကလည်းတဲ့ တို့လည်းတစ်ခွက် လောက်ပေးစမ်း ဆိုပြီး အဘွားကြီးတွေ လှမ်းတောင်းရင်ဒုက္ခကွ”
ဟူ၍လည်းအေးဘုံကို ပြောရသေးသည်။ သည်လိုနှင့် ခရီးဝေး ကားမောင်းရမည့် ကျွန်တော့်မှာ တစ်ညလုံး မအိပ်နိုင်ပဲ နံနက်(၂) နာရီသာ ထိုးသွားခဲ့သည်။ ထိုစဉ် အရက်နတ် (ကိုကြီးကျော်သည်) ကျွန်တော့်ကို ကိုယ်ထင်ပြ၍ အကြံပေးလေတော့ သည်။ အခြားမဟုတ်။ မော်တော်ကားများတွင် ရှေ့လေကာမှန်အတွက် မိုးတွင်းသုံး ရေယက်တံများပါသည်။ ထိုကိရိယာတို့က မှန်ပေါ်သို့ ကျလာသော ရေများကို သုတ်သင်ဖယ်ရှားပေးသည်။ သို့သော် မိုးရွာစ မှန်မှာ ဖုံတွေရှိနေလျှင် ရွှံ့ကဲ့သို့ ဖြစ်ပြီး မှန်နောက်ကျိသွားတတ်သည်။ မှန်အစင်းထင်မည်။ ထို့ကြောင့် မှန်ပေါ်သို့ အလိုအလျှောက် ဆပ်ပြာမြုပ် ဖျန်းပေးသော ကိရိယာပါသည်။ ခလုပ်နှိပ်လိုက်လျှင် မှန်ပေါ်သို့ “ရှူး” ခနဲ ဖြန်းပေး ပန်းပေးသည်။ ထိုကိရိယာနှင့် ဆပ်ပြာရည်ဗူးကို ကျွန်တော် သတိသွားရသည်။ ချက်ချင်းပင် အိပ်ရာမှထပြီး မော်တော်ကားစက်ဖုံးကို ကျွန်တော် ဖွင့်တော့သည်။ ထိုကိရိယာနှင့် ဆပ်ပြာဗူးကို ဖြုတ်သည်။ ဆပ်ပြာများ ကုန်စင်အောင် သေချာစွာ ဆေးကြောလိုက်သည်။ ပြီးတော့ ပြန်တပ်သည်။ ဆပ်ပြာရည် ဗူးထဲသို့ အရက်ထည့်ကြည့်သည်။ တစ်ပုလင်းခွဲ ဝင်သွားသည်။ ဒါဆို ရန်ကုန် မော်လမြိုင် ခရီးအတွက် စွတ်ကယ်စွတ်ကယ် လုပ်ဖို့ အတော်ပဲ။ ပြီးတော့ မှန်ပေါ်သို့ ဆပ်ပြာရည်ဖြန်းသော ပိုက်ဆက်ကို ဖြုတ်သည်။ ထိုနေရာတွင် လူမမာများ 'ဒရစ်' သွင်းသော ပိုက်ကို တပ်ကြည့်သည်။ အတော်ပဲ။ ပလာစတာဖြင့် အရည်လုံအောင် ပိတ်ကပ်လိုက်သည်။ ထို 'ဒရစ်' ပိုက်ကို ကားအတွင်းခန်းသို့ သွယ်ယူပြီး ကား လက်ကိုင်ခွေ အနီးမှ ခလုပ်တစ်ခုမှာ သားရည်ကွင်းဖြင့် အသာချိတ်ထားလိုက်သည်။
ဆပ်ပြာရည်ပန်းသော ခလုတ်ကို နှိပ်ကြည့်သည်။ ဟော... အရက်များ ''ဒရစ်" ပိုက်မှ ပန်း ထွက်လာတော့သည်။ ထို ပန်းထွက်လာသော အရက်များကို အသာလေး ပါးစပ်ဝမှာ စွပ်လိုက်တော့ ဟန်ကိုကျလို့။ ခလုတ်နှိပ်လိုက်လျှင် မျိုးချစရာပင်မလို။ ရှူးခနဲ ပန်းပြီး လည်ချောင်းထဲ တန်းဝင်သွားတော့၏။ ဤနည်းအားဖြင့် ပုလင်းမလို၊ ဖန်ခွက်မလိုဘဲ ဂျက်ပိုက်ကလေး ပါးစပ်မှာစွပ်ပြီး ခလုပ်နှိပ်လိုက် ရှူးခနဲ ပန်းလာကာ အရက်များကို မျိုချလိုက်နှင့် ရန်ကုန်မော်လမြိုင် ခရီးစဉ်၌ အမေနှင့် ယောက္ခမကြီး မသိအောင် ကျွန်တော် အရက်သောက်နိုင်ခဲ့ ပါတော့သည်။
(မှတ်ချက် - ကျွန်တော့်နည်းကို နာမည်ကျော် ရုပ်ရှင်မင်းသားကြီး သုံးလေးယောက်အား ကျွန်တော်က ဒါနမျှဝေပေးခဲ့ရာ သူတို့လည်း ဟန်ကျနေပြီဟု သတင်းကြားရပါသည်။)
ပြဿနာမှာ ခရီးလမ်းမှာမဟုတ်။ မော်လမြိုင်ရောက်မှ ဖြစ်တော့သည်။ ခရီးရောက်မဆိုက် ဆိုသလိုပင်.... တည်းခိုဆောင်ရောက်ရောက်ချင်း ကျွန်တော့်အား... (မင်းသားကြီးတစ်ဦးလည်း ပါသဖြင့်) တာဝန်ရှိသူများက ဝီစကီဖြင့် ဧည့်ခံရန် ဖိတ်ကြားလေတော့သည်။ တစ်လမ်းလုံးလည်း သောက်ထားသဖြင့် အရှိန်ကလေးကလည်း ရနေလေရာ ချစ်ကြောက်ရိုသေရသော ယောက္ခမကြီးအား မျက်နှာချိုသွေးပြီး ဧည့်ခံပွဲသို့ ကျွန်တော် လိုက်သွား ဖြစ်တော့သည်။
ဟိုမှာက ဝင်းဦးနှင့်သုမောင် ထူးထူးခြားခြား တွဲမည့်ပွဲမို့ အထူးတလည် စီစဉ်ထားကြလေရာ ဝီစကီ မျိုးစုံသည် အဆင်သင့် ဖြစ်နေပါသည်။ လူကြီးလူကောင်း ပွဲပင်ဖြစ်သော်လည်း သင်္ကြန်တွင်းမို့ သိပ်ပြီး ဟန်မဆောင်နိုင်ပါ။ သောက်ကောင်းကောင်းနှင့် သောက်လိုက်ရာ ညမိုးချုပ် သန်းခေါင်ကျော် ကျွန်တော့်ကို တာဝန်ရှိသူများက တွဲပြီး တည်းခိုဆောင်သို့ လိုက်ပို့ရသောအဖြစ်သို့ ရောက်တော့သည်။ ဤတွင် ကျွန်တော် အမှုးသမား သုမောင်ကို အမေရော ယောက္ခမကြီးပါ ပက်ပင်းမိသွား ပါတော့သည်။ အစတည်းက သိထား နှင့်သော အမေက ဘာမျှသိပ်မပြောချေ။ နဖူးတွေ့ ဒူးတွေ့ ကြုံရသော ယောက္ခမကြီးခမျာ တော်တော် စိတ်မချမ်းမသာ ဖြစ်သွားပုံရပါသည်။ ကုတင်ပေါ် ပက်လက်လန်ပြီး ထုံးစံအတိုင်း မူးလျှင် ညည်းညူနေကျ "ဘုံရေ'' ''ဘုံရေ'' ''အေးဘုံ" ဟူသောသီချင်းမကျ၊ ကဗျာရွတ်သံမကျသော ကျွန်တော့အသံကို ယောက္ခမကြီး ကြားသွား လေတော့သည်။
ညဉ့်လယ်ရောက် ကျွန်တော် တရေးနိုးချိန်တွင် ကျွန်တော့် ကုတင်ပေါ် တင်ပါးလွှဲထိုင်နေသော ယောက္ခမကြီးကို ပထဆုံး မြင်လိုက်ရပါသည်။ အမူးကတော့ မပြေသေးပေ။ ပြီးတော့ ကျွန်တော့် ရင်ဘတ်ကို သူ့လက်ကလေးဖြင့် ဖိရင်း တတွတ်တွတ် ပြောနေသော ယောက္ခမကြီး၏ အသံကိုလည်း ကောင်းစွာ ကြားနေရပါသည်။
“သားရယ်... အမေ့မှာ သမီးလေးယောက်ရှိတော့ သမက်လည်း လေးယောက် ရှိတာပေါ့ကွယ်။ ဒါပေမယ့် သမက်တွေ အားလုံးထဲမှာ မင်းကိုအမေက အချစ်ဆုံးပါ။ ဒါက မင်းပိုက်ဆံရှာနိုင်လို့ နာမည်ကြီးလို့၊ အေးပုံကို ဂရုစိုက်လို့ ဆိုတာတွေကြောင့် မဟုတ်ပါဘူး။ မင်းဟာ စာရေးဆရာတစ်ယောက် ဖြစ်နေလို့ပါ။ အမေတို့ အမျိုးထဲမှာ စာရေးဆရာ တစ်ယောက်ရှိတာကို အမေကဂုဏ်ယူလို့ပါ။ အရက်မသောက်ပါနဲ့လားကွယ်”
စာဖတ်သူယောက္ခမ၏ စကားသည် ဘယ်လောက်လှပါသနည်း။ ဘယ်လောက် တန်ဖိုးရှိပါသနည်း။ သို့သော် တစ်ခါသောက် တစ်ခါ မှားတတ်သော ကျွန်တော်သည် ထိုအခါ၌လည်း အရက်မူးလွန်ပြီး စကားမှားခဲ့ ပြန်ပါသည်။
“ဟုတ်ကဲ့ပါအမေ၊ ကျွန်တော်ကလည်း ယောက္ခမတွေအားလုံးထဲမှာ အမေ့ကိုအချစ်ဆုံးပါ”
ကျွန်တော့်စကား ဘယ်ရောက်သွားသည်ကို စဉ်းစားကြည့်ကြပါ။ သင်္ကြန်ပြီး၍ ရန်ကုန်ပြန်ရောက်သည်အထိ ချစ်သောယောက္ခမကြီး ကျွန်တော့်ကို စကားမပြောတော့ချေ။
-----------
No comments:
Post a Comment