သူ့ကုသိုလ်
----------------
(၁)
သူတို့မှာ မောင်နှမ ငါးယောက်ရှိသည်။ ပြောရမှာတော့ သိပ်မကောင်း။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုရှိမည်ကို သိသော်လည်း ခပ်သာသာ ခပ်ဖွဖွတော့ ထောင်းချင်သေးသည်။ တအူတုံဆင်း မောင်နှမအရင်းတွေဖြစ်သော်လည်း အသက်တွေကြီးလာတော့ တယောက်နဲ့တယောက် သိပ်ပြီး မတည့်ချင်တော့။ တစိမ်းတွေလည်း အသီးသီးဖက်လာကြပြီ မဟုတ်လား။
မောင်နှမငါးယောက်မှာ သူက အလယ် နံပါတ်သုံးဖြစ်သည်။ သူ့အထက်တွင် အစ်မတယောက်၊ အကိုတစ်ယောက်၊ သူ့အောက်မှာ ညီတယောက်၊ ညီမတယောက် ပေါင်းတော့ ငါးယောက်။ ထိုငါးယောက်ရဲ့ယောက်ျားတွေ မိန်းမတွေ ထည့်ပေါင်းလိုက်တော့ ဆယ့်တယောက်။ တကယ်က ဆယ်ယောက်သာဖြစ်သင့်သော်လည်း သူ့ညီက မိန်းမနှစ်ယောက်ယူထားသောကြောင့် တယောက် ထပ်တိုးပြီး ဆယ့်တယောက်ဖြစ်သွားခြင်းဖြစ်သည်။
ထိုဆယ့်တယောက်က ပါးစပ် ဆယ့်တပေါက်၊ လေသံ ဆယ့်တမျိုး ထွက်လေသည်။ မယားညီအစ်ကိုချင်း၊ လင်ညီအစ်မချင်း၊ ယောက်ဖချင်း၊ ယောက်မချင်း စကားပြောအဆင်မပြေ မကျေနပ်တာလေးတွေရှိသည်မှအစ တခါတရံတော့ မောင်နှမချင်းပင် ခပ်တန်းတန်းဖြစ်ချင်သည်။
သူကတော့ ငါးယောက်တွင် အလယ်နေရာရထားသူမို့ အကြီးနှစ်ယောက်နဲ့လဲ မတွဲဖြစ် ၊ အငယ်နှစ်ယောက်နဲ့လဲ မတွဲဖြစ်ဘဲ ကြားတွင် ချောင်နေလေသည်။ စီးပွားရေးအားဖြင့်လည်း သူက မပြေလည်ဆုံးဆိုတော့ ကိုယ့်အားငယ်စိတ်နဲ့ကိုယ် ခပ်အေးအေးနေတာလည်း ပါမည်ထင်သည်။ မိန်းမချင်းယှဉ်လိုက်လျှင် သူ့မိန်းမက အရိုးသားဆုံး၊ အအေးဆုံးဖြစ်မည်ထင်သည်။ စကားလှအောင် ရိုးသည်ဟု ပြောရသော်လည်း အ သည် န သည်ဟု ပြောရလျှင် ပိုပြီးမှန်လိမ့်မည်။
အစ်ကိုကြီးမိန်းမက အလယ်တန်းပြဆရာမဖြစ်သည်။ ညီငယ်မိန်းမကြီးကတော့ ကြုံရင်ကြုံသလို ပွဲစားလုပ်သည်။ ဘာရောင်းမည် ကြားကြား သူက နားစွင့်ထားသည်။ ဘာလိုချင်ပြောပြော သူက ဆက်သွယ်ပေးတတ်သည်။ ဒါကလဲ တကယ့်ပညာတစ်မျိုးပင်။ ညီငယ့်မိန်းမအငယ်ကတော့ ငွေမရှာတတ်သော်လည်း အချက်အပြုတ်ကောင်းသည်။ ကြက်တမည်ထဲကို ဆီပြန်ဟင်း၊ အစိမ်းကြော်၊ ဆယ့်နှစ်မျိုးဟင်းချို ရအောင်ချက်တတ်သည်။ ကိုယ့်အင်္ကျီကို ချုပ်၀တ်သည်။ လင်လုဘက်ချင်းဆိုတော့ အကြီးနဲ့အငယ် တစ်ခါတစ်ရံ သတ်ကြပုတ်ကြသော်လည်း တခါတရံတော့ အကြီးအတွက် အင်္ကျီကို အငယ်က အကျအန ချုပ်ပေးတတ်သည်။
" မိန်းမကိုက ရှစ်စပ်ကလည်နေတာ " ဟု အစ်ကိုကြီးမိန်းမက ညီငယ်မိန်းမအကြီးကို ကွယ်ရာမှာ မှတ်ချက်ချဖူးသည်။ ဆရာမ မပီသဘူးပဲဆိုဆို ရှစ်စပ်ကလည်လည်ဆိုဆို သူတို့၀င်ငွေ အသီးသီးရှာတတ်ကြတော့ ဝက်သား တစ်ပိသာ၊ ဆီတစ်ပိသာ၊ ဆန်တစ်တင်း စျေးတွေကို ရင်ဆိုင်နိုင်ကြသည်ကတော့ အမှန်ပင်။
( ၂)
ခက်သည်က အိမ်ကမိန်းမဖြစ်သည်။ အစ်ကိုကြီးမိန်းမလိုလည်း ဘွဲ့ရမဟုတ်၊ ညီငယ်မိန်းမအကြီးလိုလည်း လည်လည်ဝယ်ဝယ်မဟုတ်၊ အငယ်လိုလည်း အချက်အပြုတ် မကောင်း။ အိမ်မှာ ကုန်စုံဆိုင်လေးဖွင့်တုန်းကလည်း မှန်မှန်ကန်ကန်တွက်ချက် ငွေမအမ်းတတ်၊ ၀ယ်သူများကလည်း လိုရင်သာ ပြန်တောင်းသည်၊ ပိုသွားရင် ဆယ်ယောက်လျှင် တယောက်ပင် ပြန်လာပေးသည်မဟုတ်။ သည်လိုနဲ့ အရင်းပြုတ်ခဲ့ရသည်။
သူ့လခရှိနေသော်လည်း သားသမီးက သုံးယောက်၊ သူတို့က နှစ်ယောက်ဆိုတော့ မိန်းမက အပျိုဘဝက ကြက်သား၊ ဝက်သား ချက်တတ်ခဲ့ရင်တောင် မေ့ပြီထင်ပ။ အပို၀င်ငွေမရှိပါဘဲလျှက် ကြက်သားမှချက်ချင်သော မိန်းမနဲ့ရလျှင်လည်း အခက်ပင်။ ဒီတော့ မိန်းမ မချက်တတ်တာကိုပင် ကြံဖန်ပြီး ကိုယ့်ဘ၀ကိုယ် ကျေနပ်နေရလေသည်။ သူ့မိန်းမက ပညာမတတ်သော်လည်း အပိုစကား သိပ်မပြောတတ်၊ မညည်းညူတတ်၊ ပါးစပ်ကလေးတပေါက်ထဲနှင့်ပင် တော်လေးဝ ဝင်နေပြီဟု သူက ကြံဖန်ပြီးဂုဏ်ယူချင်သည်။
ဒီလိုအရည်ချင်းမျိုးက မိန်းမတရာလျှင် တယောက်ရှိလျှင် ကံကောင်း။ ဒီလို မညည်းညူတတ်သောပါးစပ်က ညည်းလာပြီဆိုလျှင်တော့ အတော်လေး အခြေနေဆိုးနေပြီကို သိသာနိုင်သည်။
" အိမ်မှာတော့ အကုန်ပြတ်နေပြီအစ်ကို ... ဆီစာအုပ်ပေါင်ရအောင်ကလည်း နောက်လကျရင် သကြားလေး၊ ဆပ်ပြာလေး၊ ရေနံဆီလေးများရနေရင် နှမျောစရာ "
" သမီးဖိနပ်လည်း ပြတ်ခါနီးပြီ အဖေ "
သူက အပျိုအရွယ်သမီးငယ်ကို ငေးကြည့်နေမိသည်။ မိန်းကလေးတဦးအတွက် ဆံပင်မှခြေထောက်အထိ ခေတ်နဲ့အညီ ၀တ်ဆင်နိုင်ရင် ဘယ်လောက်များ ကုန်လေမည်နည်းဟု စဉ်းစားမိတော့ ခေါင်းကိုက်ချင်သလိုလိုဖြစ်လာသည်။ အိမ်က သားသမီးတွေ စနောက်နေတာကြည့်ပြီး သူတို့မောင်နှမတွေလည်း ငယ်ငယ်တုန်းကတော့ ခုလို ချစ်ချစ်ခင်ခင်ပင်ဖြစ်သည်။ အသက်တွေကြီးလာတော့လည်း ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်၊ အနေတွေဝေးပြီး စိမ်းလာကြသည်။
" အင်း ... လူဆိုတာ ငယ်တုန်းက သဘောထားကြီးပြီး အသက်တွေကြီးလာတော့ စိတ်သဘောတွေလည်း တနေ့တခြား နုလာကုန်ရော ထင်ပါရဲ့ "
သူက တွေးရင်း စိတ်မကောင်းဖြစ်မိသည်။ သူတို့ညီအကိုသုံးယောက်သည် ငယ်ငယ်တုန်းက ထွေးလုံးရစ်ပတ် သတ်ပုတ် ဆော့ကစား ဖက်လဲတကင်းနေခဲ့သော်လည်း ခုတော့ အကြောင်းထွေထူးမရှိရင် တဦးနဲ့တဦး မတွေ့ဖြစ်တော့။
အကိုကြီးကလည်း ညီငယ်ကို ခပ်တည်တည်နေသည်။ သူ့မိန်းမကို " အသပြာဆရာမ " ဟု ပြောသောကြောင့်ဖြစ်သည်။
ညီငယ်ကလဲ " ကျွန်တော့်ဟာကျွန်တော် မိန်းမဘယ်နှစ်ယောက် ယူယူပေါ့ဗျာ။ ကိုယ့်ဇာတ် ကိုယ်နိုင်လို့ ကတာပဲဟာ။ ခုတော့ အစ်ကိုကြီးမိန်းမက အိမ်လာရင် ... ' နင်မို့ ဒီလိုအဖြစ်ခံတယ် ... ငါသာဆို မယားငယ်မ ပါးချပြီး အိမ်ပေါ်က ဆွဲချမယ် ' လို့ အကြီးကို သွားပြီးပြော၊ အငယ်ကိုကျပြန်တော့လည်း ' ဟိုက ဆွဲထားတော့ ကြိုးအတုတ်၊ နင့်လည်ပင်းကျတော့ ပါးပါးမှုန်မှုန်လေးပါလားဟဲ့ ' လို့ ပြောလိုပြောပြီး ဇာတ်လာရှုပ်နေတဲ့ မိန်းမကြီး " ဟု မကျေမနပ်ပြောပြီး အစ်ကိုကြီးနဲ့ ခပ်တန်းတန်းနေသည်။
သူကလည်း သူ့မိန်းမ မလည်လို့ တကယ်အေးသည်မှာမှန်သော်လည်း " ဒီမိန်းမကတော့ ခပ်နုံနုံ ခပ်ဖျင်းဖျင်းပါကွာ " ဟူသော မှတ်ချက်ကို ကြားနေရတော့ မခံချိ မခံသာဖြစ်မိသည်မှာ အမှန်ပင် ။ ဒါကြောင့်လဲ သိပ်အဝင်အထွက်မလုပ်တော့ဘဲ ခပ်အေးအေး ခပ်စိမ်းစိမ်းပင် နေမိတော့သည်။ ခု ငွေလိုပြန်တော့ အစ်မကြီးဆီပဲ သွားရဦးမယ် ထင်ပါတယ်။
အစ်မကြီးက ကပ်စီးနဲသော်လည်း မောင်တွေ၊ ညီမတွေ အကူညီလာတောင်းရင် နေနိုင်သူတော့မဟုတ်။ ညည်းညည်းညူညူနဲ့ တဝက်လောက်တော့ ထွက်လာတတ်သည်။ သူက ညည်းညူလွန်းတော့ ယူရသူမှာ မျက်နှာလဲပူ ကျေးဇူးတင်ရမည်ကို မေ့သွားတတ်သည်။ သူ တွေးရင်း သက်ပြင်းချမိသည်။ အစ်ကိုကြီးနဲ့ညီက ချောင်လည်သော်လည်း တောင်းဖို့ စိတ်ကူးထဲပင် သိပ်မထည့်ရဲ။ သူတို့မိန်းမတွေ မသိဘဲလည်း သူတို့က ပေးမည်မထင်။
ညီမငယ်လေးကတော့ သူ့ယောက်ျားကို အတော်ကြောက်ရသည်။ နောက်ပြီး သူတို့မှာလည်း ကလေးက လေးယောက်။
အစ်မကြီးဆီ ရောက်လာခဲ့တော့
" ရေချိုးနေတယ် ဦးလေး "
ဧည့်ခန်းထဲတွင် ဂစ်တာတီးနေသော သားအကြီးဆုံးက ဆီးပြောသည်။ သူက ဧည့်ခန်းထဲက ကုလားထိုင်မှာထိုင်ပြီး စားပွဲပေါ်တွင်တွေ့သော သတင်းစာကို ကောက်ကာ ဖတ်နေမိသည်။ ဖတ်သည်ဆိုတော့လည်း အစ်မကြီးအကြောင်းတွေးနေတာဆို ပိုမှန်မည်။ အစ်မရဲ့ခင်ပွန်းဆုံးသွားသည်မှာ သုံးနှစ်ကျော်ပြီဖြစ်သော်လည်း မဆုံးမီက အရှိန်အဝါအရရော အစ်မကြီး၏ ပေါင်းတတ်သင်းတတ်မှု အရှာဖွေကောင်းမှုတွေကြောင့် အတော်လေး သုံးနိုင်စွဲနိုင်သည်။ အင်းလျားလမ်းတွင် တထပ်တိုက်ကလေးတလုံးနှင့် ပါရမီတွင်လည်း မြေတကွက်ရှိသည်။ နေမည်ဟု သူတို့စိတ်ကူးထားသည့်အတိုင်း ပါရမီကမြေကလေးတွင် ပျဉ်ထောင်အိမ်ကလေးတလုံးဆောက်သည်။ နေလက်စ အင်းလျားလမ်းကအိမ်ကို ပြန်ပြင်ပြီး ငှားရန်စီစဉ်ကာ သားအမိလေးယောက် ပါရမီသို့ပြောင်းခဲ့သည်။
အိမ်ပြောင်းရသည့်နေ့က သူ့တူမငယ်က " ကျွန်မတို့ ဆင်းရဲသွားပြီ ဦးလေးရဲ့ " ဟု ဝမ်းနည်းပန်းနည်း ပြောပြီး မျက်ရည်ကျတာမြင်တော့ သူက " ငါသာ နင်တို့ဆင်းရဲသလောက် ချမ်းသာရင် ဘယ်လောက်ကောင်းလိုက်မလဲ " ဟု ပြောချင်လိုက်သည်မှာ ပါးစပ်ပင် ယားနေသည်။
ခဏနေတော့ အစ်မကြီး ထွက်လာသည်။ " မောင်စိုး .. ထမင်းစားပြီးမှ ပြန်နော် " ဟု ပြောလေသည်။
" ဆင်းရဲပါပြီ " ဟု ညည်းနေတတ်သော်လည်း အမကြီးတို့ဆီက ဆိတ်သား၊ ကြက်သား၊ ငါးမြင်း၊ ငါးကြင်း စသည်စသည်တို့ကို နေ့စဉ်မထပ်အောင် အမျိုးမျိုး စားလေတော့ သူက ပွဲတော်နဲ့တိုးသလို မြိန်လှသည်။ တူတွေ တူမတွေ စားပြီးကြပြီး အစ်မကြီးနဲ့ နှစ်ဦးတည်း ကျန်သည့်အခါမှ " အရေးတကြီးလိုနေလို့ ငွေလေးနည်းနည်း လှည့်ပါဦးဗျာ " ဟု ခပ်တိုးတိုး ကျိတ်ပြီးပြောရသည်။ သူရောက်လာကတည်းက ငွေလိုပြန်ပြီထင်ပါရဲ့ဟု တွေးမိပြီးဖြစ်သောကြောင့် အစ်မကြီးက သက်ပြင်းလေး မသိမသာချသည်။
" နင်တို့အားလုံးက ငါ့ကို သူဌေးလို့ထင်ကြတယ်။ ငါ့မှာ တလတလ အလျဉ်မီအောင် မနည်းသုံးနေရတာ။ အိမ်စရိတ်က သေးတာမဟုတ်ဘူး "
" နင့်တူအကြီးကောင်က စတီရီယိုအဆိုတော်ဖြစ်ချင်လို့တဲ့။ ငွေထုတ်ပေးဖို့ အရေးဆိုနေတယ် "
" အင်း "
" အငယ်ကောင်ကျတော့ ကားစီးချင်လို့တဲ့ "
" အင်း "
" သားသမီးသုံးယောက်ရှိတော့ ကုန်စရာက အမျိုးမျိုး။ ငါ့မှာလည်း ဝင်ငွေနဲ့ထွက်ငွေ မျှတာမဟုတ်ဘူး "
" မနေ့တုန်းကတောင် မိမျိုး လာသေးတယ် "
" ဟုတ်လား "
မိမျိုးသည် သူတို့ညီမအငယ်ဆုံးဖြစ်သည်။
" သူ့ယောက်ျား ကားမောင်းရင်း တိုက်မိလို့တဲ့ "
" လူထိသွားသေးလား "
" လူတော့မထိဘူး၊ ငွေလိုလို့တဲ့၊ လာတောင်းတယ် "
" ပေးလိုက်ရရောလား "
" မပေးလို့ဘယ်ဖြစ်မလဲ။ ပေးရတာပေါ့ဟယ် "
" ကိုတိုးမိန်းမလည်း ခဏခဏ လာတယ်ဟဲ့ "
" အကြီးမလား "
" အင်း ... သူပေါ့။ ဆွမ်းကျွေးရှိလို့ ဟိုဟာလာငှား ဒီဟာလာငှား၊၊ ပြောရင်လည်း မကောင်းဘူး။ ထဘီငှားသွားရင်လည်း ဟင်းဖိတ်လိုဖိတ် ဆီစွန်းလိုစွန်းပြီးမှ ပြန်ပေးတာ။ ရင်ထိုးကျတော့ ကျိုးကျိုးလာတယ်။ ကိုယ်ကပြောရင် ငတိုးက သူ့မိန်းမရှေ့က လက်သီးလက်မောင်းတန်းဦးမယ် "
" ကျွန်တော်တို့ကိုလည်း လူရည်မလည်ဘူး၊ အ သလေး၊ န သလေး မပြောသွားဘူးလား "
" အို ... စိတ်ဆိုးမနေနဲ့။ သူ့ဝသီအတိုင်းပဲဟာ "
စိတ်မဆိုးနဲ့ပြောမှ စိတ်ဆိုးချင်လာသည်။ မောင်နှမတွေဆုံမိလျှင် သူတို့လင်မယားကို မိန်းမရော ယောက်ျားရော ခပ်ညံ့ညံ့ပါ ဟု ပြောဆိုကြမည်ကို စိတ်ကူးနဲ့ သိနေသောကြောင့်ဖြစ်သည်။
(၃)
" အစ်ကိုတို့မောင်နှမတွေကလည်း အသက်လေးငါးဆယ်ကျော်ဖြစ်နေပြီ။ ဒီအရွယ်မှာ ချစ်ချစ်ခင်ခင်နေသင့်တာပေါ့ "
သူ့မိန်းမပြောတော့ စိတ်မကောင်းဖြစ်ရသည်။
" အချိန်တွေကုန်တာ သိပ်မြန်တာအကိုရဲ့။ ဘာလိုလိုနဲ့ ကျွန်မတို့အသက်တွေပဲ ငါးဆယ်နား ကပ်နေပြီမဟုတ်လား "
" ဥပုသ်မစောင့် တရားမထိုင်နိုင်သေးရင်တောင် ဒေါသစိတ်လေး လျှော့ဖို့ကောင်းပြီ။ သေမင်းဆိုတာ အချိန်မရွေးရောက်လာတတ်တာ "
မိန်းမပြောမှ သတိထားမိသည်။ အခုနေများ ငါသေသွားရင် ငါ့နောက်ကိုပါစရာ ဘာကုသိုလ်မှ မရှိပါလား ....။ ရုတ်တရက်တွေးမိပြီး ချွေးပြန်လာသည်။ အသက်သာ ငါးဆယ်နီးလာသော်လည်း ဘာကုသိုလ်မှ မှတ်မှတ်ရရ မလုပ်ခဲ့။
" အသက်တွေလည်း ကြီးလာပြီ။ မောင်နှမအချင်းချင်း ချစ်စရာလေးတွေတွေးပြီး နေကြပါလား "
သူ့မိန်းမကို အဖျင်းအနုံဟု ဆိုသော်လည်း ဒီလိုအဖိုးတန်စကားကိုတော့ သူ့မိန်းမကလွဲပြီး ဟိုမိန်းမတွေ ပြောတတ်လိမ့်မည်မထင်။
" အေးကွာ။ ကိုယ် ကြိုးစားကြည့်ဦးမယ် "
" ကြိုးစားဆို မြန်မြန်ကြိုးစား ... အသက်တွေလဲ ကြီးလှပြီ "
" ငါမသေခင်တော့ မောင်နှမတွေစည်းလုံးရမှာပေါ့ ... ဟုတ်ဘူးလား ... ငါ့မှာလည်း ဒီ့ပြင်ကုသိုလ်မရှိတာနဲ့ ဒီကုသိုလ်ကိုပဲ နောင်ဘဝထိ ယူသွားရမယ် "
သူက အပြောင်အပြက်ပြောရင်း ရယ်မိသည်။ သူတို့ကသာ သေမင်းကိုမေ့ထားသော်လည်း သေမင်းက မမေ့သည်ကို သိသားပင်။ ဆန့်သောလက်မကွေးမီ ကွေးသောလက် မဆန့်မီဟူသော ဘုရားစကားကိုလည်း သိသားပင်။ ထိုစကားများက သူများအတွက်ဖြစ်ပြီး သူနဲ့ မဆိုင်သလို ထင်ခဲ့မိသည်။
(၄)
" ဘာပြောတယ် "
" ဟယ် "
အစ်ကိုကြီးသည် သူ့လက်ထဲမှ တယ်လီဖုန်းခွက်ကို နားမှခွာရင်း မယုံနိုင်သလို ရပ်နေသည်။
" ဘာဖြစ်လို့လဲမောင် "
" ကိုစိုး ... ကိုစိုး .. ဆုံးပြီတဲ့ "
" ဟောတော့် "
ရုတ်တရက် ဒူးများက မခိုင်တော့သလို ကြမ်းပေါ်ထိုင်ချကာ နံရံကို မှီထားလိုက်သည်။
" မောင် ... သတိထား ... သတိထား "
မိန်းမက သူမူးမှာစိုးရိမ်သောအခါတွင်မှ သူ့ခေါင်းထဲ တရိပ်ရိပ်မူးလာသလိုရှိသည်။ ကိုစိုးနဲ့ မတွေ့ဖြစ်သည်မှာ တလနီးပါးရှိနေပြီကို သတိရသည်။ နောက်ဆုံးတွေ့ခဲ့သည်က သူငယ်ချင်းတစ်ဦးရဲ့ သားရှင်ပြုမှာဖြစ်သည်။ အလှူတွင် ဆုံမိကြသည်။ ကိုစိုးဝတ်ထားသော တိုက်ပုံလေးမှာ အတော်လေးနွမ်းသည်ကို သတိထားလိုက်မိသည်။
" အင်း ... သူလည်း တိုက်ပုံကောင်းကောင်းမရှိဘူးထင်တယ်။ နည်းနည်းကျပ်နေတဲ့ ငါ့တိုက်ပုံလေးဆိုရင် သူနဲ့ တော်မယ်ထင်တယ် "
သူ စိတ်ကူးမိသည်။
အိမ်ရောက်တော့ ဗီရိုထဲက တိုက်ပုံလေးထုတ်ကာ " ကိုစိုး တိုက်ပုံက နွမ်းနေပြီ။ ခင် သတိထားမိလား ... ။ မောင့်တိုက်ပုံလေး ပေးလိုက်ရင်ကောင်းမလားလို့ " စကား စကြည့်သည်။
မိန်းမက လှည့်ကြည့်ကာ ...
" ဒီတိုက်ပုံက အဟောင်းကြီးမောင်။ နောက်ပြီး မောင့်သားကြီးနဲ့ မကြာခင် တော်လာတော့မှာ။ သားက တအားထွားနေတာ မောင်မြင်သားနဲ့။ မောင့်ညီကိုပေးချင်ရင် အသစ်တထည်ဝယ်ပေးလိုက် " ဟု ပြောသည်။ သူကလည်း " အေး ... အေး ... " ဟု ခေါင်းညိတ်ခဲ့သည်။
ဒီလိုနဲ့ အဟောင်းလည်းမပေး အသစ်လည်း မပေးဖြစ်။ အခုတော့ သူပေးချင်လွန်းလို့ သွားပေးလို့ပင် မရတော့။
" သြော် ... ငါ့ညီလေး သေပြီတဲ့ "
" မောင်ရေ သတိထားနော် "
သူ့မိန်းမအသံချိုချိုက နားထဲ ဝင်လာပြန်ပြီ။ " အလကားမိန်းမ၊ ငါ့ကို ကြိုးဆွဲနေတာ " ဟု ဒေါသနဲ့ တွေးမိသည်။
" ကိုစိုးရေ ... ငါ့ညီ ... မင်းက ငါ့ကို ပညာတတ်မိန်းမရတော့ အစ်ကို့ကို ကြိုးဆွဲနိုင်တာပေါ့လို့ပြောတုန်းက မင်းကို စိတ်ဆိုးပြီး သုံးလလောက် စကားမပြောဘဲ နေခဲ့တယ်နော်။ အခုတော့ ငါခေါ်လို့တောင် မင်းက ထူးနိုင်ဦးမလားဟင် "
ကြေကွဲစိတ်က ဆို့ကျပ်လာသည်။ မျက်လုံးမှိတ်ထားသော်လည်း မျက်ရည်များ ကျလာသည်။
(၅)
" ဟယ် အစ်မကြီး "
" မိမျိုး "
" ဟင်... အစ်မကြီး ... ဘာဖြစ်နေတာလဲဟင် "
" ငစိုး ငစိုး သေပြီတဲ့ "
" ဟင် "
ညီမလက်က ထမင်းဇလုံလေး လွတ်ကျသွားသည်။ တုန်တုန်ယင်ယင်ဖြစ်နေတဲ့ အစ်မကြီးရဲ့လက်ကို ထမင်းတွေဟင်းတွေပေကျံနေသောလက်နဲ့ ဆုပ်ကိုင်လိုက်သည်။
" မနေ့ .. မနေ့တုန်းကတောင် အိမ်ကိုလာသေးတယ် မိမျိုးရဲ့။ နင့်အစ်ကို လူရိုး လူနုံကြီးလေ .. ခုမနက်တော့ ရုံးမှာ မူးလဲပြီး ဆေးရုံတောင် မရောက်ဘူး ....အသက်ပျောက်သွားပါလေရောလား "
" အမလေး ... အစ်ကိုစိုးရဲ့ "
" မနေ့တုန်းက မျက်နှာလေးညိုးလို့ .. ပြန်ခါနီးကျတော့ ကျေးဇူးပါအမရယ် ဒီငွေမရရင် ကျွန်တော် ဆီစာအုပ်ပေါင်ရတော့မှာလို့ ပြောတာ ... ငါက အေးဆေးငွေထုတ်မပေးဘဲ သူစိတ်မချမ်းသာအောင် ညည်းညူပြလိုက်သေးတယ်။ ဆိတ်သားဟင်းလေးနဲ့ ထမင်းစားကောင်းလိုက်တာတဲ့ ... သူ့ပန်းကန်ထဲ ဟင်းနည်းနေတာမြင်ရက်သားနဲ့ ညနေစာမလောက်မှာစိုးလို့ ငါက ထပ်ထည့်မပေးမိဘူး .."
အစ်မကြီးပြောနေတာ နားထောင်ရင်း အပူလုံးဆို့တက်လာသည်။ ငယ်ငယ်ကျောင်းနေတုန်းက ကိုယ့်အတန်းထဲတွင်မနေဘဲ အစ်ကိုစိုးရဲ့ အတန်းထဲသို့ သွားသွားငိုနေတတ်သည်ကို သတိရသည်။ အစ်ကိုစိုးက သူ့ကို မနိုင်မနင်းပွေ့ချီရင်း ပြန်ပြီး ပို့တတ်သည်။ မုန့်တွေ လာလာကျွေးတတ်သည်။ သူ့ကို ဒီလိုချစ်ခင်ကြင်နာသော အစ်ကိုသည် ယခုတော့ မရှိတော့ပြီ။ သူက အစ်မကြီးကို တအားဖက်ကာ ကြူကြူပါအောင် ငိုမိတော့သည်။
" အစ်ကိုရဲ့ ...တို့မောင်နှမတွေ ချစ်ချစ်ခင်ခင်နေရအောင် မသေပါနဲ့ဦးလား အစ်ကိုရယ် "
(၆)
သေခြင်းတရားမြန်ဆန်ပုံကို မြင်လိုက်ရတော့ ကိုတိုး တုန်လှုပ်နေမိသည်။ ကိုစိုးကို ကြည့်ရသည်မှာ ပူပူနွေးနွေးရှိသေးသည်။ မျက်စိကို စုံမှိတ်ထားမိသည်။ မြင်နေရသော်လည်း မယုံနိုင်ဖြစ်ရသည်။ လွန်ခဲ့သော တပတ်လောက်ကတည်းကပင် စျေးရှေ့၌ တွေ့သေးသည်ပဲ။ ကိုယ်လည်း ကိုယ့်ကိစ္စနှင့်မို့ မြင်ရက်နှင့် မခေါ်ဖြစ်ခဲ့။ အခုတော့ ...။
ကိုစိုးကိုကြည့်နေရင်း ငယ်စဉ်က ဆော့ကစားခဲ့သည်များကို သတိရနေသည်။ သရက်ပင်ပေါ်ခုန်ချလို့ ပုလင်းကွဲတည့်တည့်ကျကာ ခြေဖဝါးအလယ် ဟက်တက်ပြဲစဉ်က အစ်ကိုကြီးနဲ့ ကိုစိုး သူ့ကို တလှည့်စီ ကျောပိုးကာ အိမ်ပြန်ခဲ့ကြသည်ကို တွေးမိတော့ ရင်ထဲ နွေးသွားသည်။ သူက ဘာတခုမှ ကူညီကာမလုပ်နိုင်ဘဲ အစ်ကိုစိုးအား သယ်ကြ ပြောင်းကြ လုပ်နေသည်ကိုပင် ငိုင်ပြီး ကြည့်နေမိသည်။
" အစ်ကိုရယ် ငါ့မှာ ဘာကုသိုလ်မှ မရှိဘူးဆို.. ခုနေ ငါသေသွားရင် ဘာကုသိုလ်မှ မရှိဘူးဆို ... ငါမသေခင် ငါ့မောင်နှမတွေ စည်းလုံးအောင်လုပ်မယ်ဆို ... အဲ့ဒါ ကုသိုလ်ပဲဆို... အစ်ကိုရဲ့ ... အဲ့ကုသိုလ်ကြီး မယူသွားတော့ဘူးလား "
အစ်ကိုစိုးမိန်းမ မချိတင်ကဲပြောကာ ငိုသည်။ " ငါမသေခင် ငါ့မောင်နှမတွေကို စည်းလုံးအောင်လုပ်မယ်ဆို " ဟူသော စကားက မောင်နှမတွေရင်ကို ဒိန်းခနဲ ဝင်ဆောင့်သည်။ မျက်ရည်ပူများ ကျလာပြန်သည်။ ဒီတခါတော့ ကိုတိုး ယောက်ျားတန်မဲ့ ငိုရှိုက်မိသည်။ ထာဝရကွဲကွာပြီဟူသော အသိက သူတို့ရင်ကို ဖျပ်ဖျပ်ခါနေစေသည်။
" အစ်ကိုစိုးရဲ့ ကျွန်မအိမ်ကို မလာချင်ဘူးဆို " ဟူသော ဟစ်ပြီးငိုသံကို ကြားရသည်။ ညီမငယ်က ကိုစိုးရဲ့ခြေအစုံကို ဝင်ဖက်သည်။
အစ်ကိုကြီးက ကိုစိုးနားကို တိုးကပ်ကြည့်သည်။ " မောင်ရေ သတိထားနော် " ဟု တဖွဖွ သတိပေးနေသော ဇနီးသည်ကို လုံး၀ ဂရုမထား။ အလောင်းစင်နား တွေတွေရပ်ရင်း ကိုစိုးမျက်နှာကို စိုက်ကြည့်နေသည်။
" နင့်ညီလေးလေ ... ကြည့်ပါဦးလား ... တကယ်သေရှာပြီဟဲ့ "
အစ်မကြီးငိုသံကြားတော့မှ အစ်မကြီးပုခုံးအား ဆီးပြီး ဖက်မိလိုက်သည်။ ကိုတိုးက ညီမငယ်အား ဆွဲယူထသည်။ မောင်နှမလေးဦး မျက်ရည်ကျရင်း ကိုစိုးဘေးတွင် ရပ်နေကြသည်။ ငယ်ငယ်တုန်းကလိုပင် တဦးနဲ့တဦး လက်တွေတွဲထားကြလေပြီ။ ဒီလို လက်ချင်းမတွဲမိသည်မှာ ကြာလှပေပြီ။ အခု ပြန်ပြီးတွဲမိတော့ ကြမ်းတမ်းတင်းမာနေသော နှလုံးသားများသည် အတန်ငယ်ပျော့ပြီး ပူနွေးလာသယောင်ရှိသည်။ ရင်ထဲမှ ကြေကွဲစိတ်က လျှံတက်လာသောအခါ ပိုပြီး တင်းတင်းဆုပ်ကိုင်မိကြသည်။
" ကုသိုလ်ရပါတယ် အစ်ကိုရဲ့ ... အစ်ကိုလိုချင်တဲ့ ကုသိုလ်ကို အစ်ကိုရပါတယ် "
သူ့ဘေးတွင် ဝန်းရံပြီးရပ်နေသော ကျန်မောင်နှမလေးဦးကိုကြည့်ကာ သူ့မိန်းမက မချိတင်ကဲ ငိုလေသည်။
----------------
No comments:
Post a Comment