Saturday, August 20, 2022

ကာလနာသာ တရားခံ

ကာလနာသာ တရားခံ

--------------------------------
စာရေးဆရာမ- မစန္ဒာ
================


စမ်းချောင်းရပ်ကွက်အတွင်း၌ ပျဉ်ကာပျဉ်ခင်းပြီး သွပ်မိုးသော အိမ်အိုလေးတစ်လုံး ရှိသည်။ ထိုအိမ်တွင် အိမ်သူအိမ်သား လေးဦးရှိသည်။ ဈေးထဲတွင် ငရုတ် ကြက်သွန်ရောင်းသော မုဆိုးမ ဒေါ်မြမိ၊ ထို့နောက် သမီးကြီး မြမြအေးနှင့် သမီးငယ် မြမြထွေး။ သူတို့သုံးဦးသည် အိမ်ရှင်များဖြစ်၍ မှီခိုနေသူတစ်ဦးရှိသေးသည်။ ခေတ်စကားနှင့်ပြောရလျှင် အိမ်ဖော်ဟု ပြောရလေမည်လားမသိ။

သူ့အမည်ကား ကာလနာ၊ အသက် ဆယ့်တစ်နှစ်။ ကာလနာ၏အသားသည် မည်းရုံမက အပြာဘက်သို့ပင် လုနေသည်။ သူ့ကိုမွေးစဉ်က ဤမျှ မည်း မမည်း မည်သူမျှ အသေအချာ မသိပေ။ သူ့ကို လက်ပန်တောရွာ မီးရထားလမ်းဘေးတွင် စ၍တွေ့ခဲ့သူ အဘွားကြီးဒေါ်ဝိုင်းကမူ အသားဖြူတော့ အလကားလူဟဲ့၊ အသားမည်းမှ ပတ္တမြားခဲ' ဟု မကြာခဏ ရေရွတ်တတ်လေသည်။

သူ့ကို စတွေ့ပုံကား ကဗျာမဆန်လှချေ။ တောထိုင်ရန်လာသော ဒေါ်ဝိုင်းသည် ထဘီလေးတမမနှင့် နေရာရွေးနေစဉ်တွင် သူ့ငိုသံကို ကြားရခြင်းဖြစ်သည်။ ထို့ကြောင့် လာရင်းကိစ္စကို မေ့သွားသည်။

ဘကြီးသာတို့၏ ခြံစည်းရိုးမှ စကားရောဖောရောနှင့် ချိုးလာသော ဝါးချောင်းလေးနှစ်ချောင်းကို ပစ်ချပြီး သူ သူ့ဆီပြေးလာသည်။ လက်သီးကလေး ကျစ်ကျစ်ဆုပ်ကာ အာခေါင်ခြစ်၍ အော်နေသော သူ့ကို ကြည့်ကာ "ဟောတော့ မည်းမည်းကလေးတော့" ဟု အာမေဋိတ်ပြုလေသည်။ ထို့နောက် သူ့ကိုရစ်ပတ်ထားသော ဘာဘူစောင်အနွမ်းလေးကို လှန်ကြည့်ပြီး "ဟယ် ယောက်ျားကလေးတော့"ဟု ထပ်ဆင့် အာမေဋိတ်ပြုပြန်လေ၏။

အဘွားကြီး ဒေါ်ဝိုင်းသည် သူ့ကိုကောက်ချီသွားပြီး ရွာဦးကတည်းကပင် "ကလေးလေးတစ်ကောင် ကောက်ရတယ်ဟေ့"ဟု အော်ဟစ်သွားသည်။ တစ်ရွာလုံး သူ့ကိုဝိုင်းအုံ၍ ကြည့်ကြသည်။ ထို့နောက် အမျိုးမျိုး ထင်မြင်ချက်ပေးကြသည်။ အချို့က သူ့ကို ကုလားလေးဖြစ်ရမည်ဟုဆိုပြီး၊ အချို့ကမူ ကုလားမဟုတ်နိုင်၊ အသားမည်းသော မြန်မာလေးသာ ဖြစ်ရမည်ဟု ဆိုကြသည်။ ကုလား မြန်မာငြင်းကြရင်း ဘကြီးဖြိုးနှင့် အရီးသာတို့ပင် ရန်ဖြစ်ပြီး ကွမ်းအစ်နှင့် ထပေါက်ကြသည်ဟု အဘွားက ပြန်ပြောပြသည်ကို ကာလနာ ရေးရေးမျှ မှတ်မိသည်။

ကာလနာသည် အသားမည်းသော်လည်း နှာခေါင်းမချွန်ပေ။ နှာခေါင်းပြားပြီး မျက်လုံးလည်း အတန်ငယ်မှေးလေသည်။ သို့သော် မျက်ခုံးထူပြီး မျက်တောင်ကြီးများသည် ကော့ညွတ်ရှည်လျားလှသည်။ မည်သို့ပင်ဆိုစေ မွေးသမိခင်က မလိုချင်၍ စွန့်ပစ်လိုက်သော ကာလနာကို အဘွားက လိုလိုချင်ချင် လက်ခံခဲ့သည်။ ဆိတ်နို့တိုက်ကာ မွေးခဲ့သည်။ ကောက်စိုက်ကာ ကျွေးခဲ့သည်။ ထို့ကြောင့် သူသည် လက်ပန်ရွာသား ဖြစ်ခဲ့ရလေသည်။ အသားမည်သည်ကို အစွဲပြု၍ သူ့ကို "ကုလား" ဟု ခေါ်ကြသည်။ အဘွားက "လူလေးကောက်ရ"ဟု ခေါ်တတ်လေသည်။

ဒေါ်မြမိသည် အဘွား၏တူမဖြစ်သည်။ မြို့သားနှင့် အကြောင်းပါကာ မြို့တွင် နေထိုင်လျက်ရှိပြီး အဘွားထံသို့ တစ်ခါတစ်ရံ အလည်လာတတ်သည်။ ဆန်ပုံး ဆီပုံးများ သယ်ယူတတ်သည်။ တစ်ခါကမူ ကာလနာကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး"သူ့ကို ကျွန်မနဲ့ ထည့်လိုက်ပါလားအရီးရဲ့၊ မြို့ကျောင်းလည်း ကျောင်းထားပေးမယ်။ လက်တိုလက်တောင်းလည်း ခိုင်းရတာပေါ့" ဟု ပြောသည်။ 

အဘွားက လက်မခံဘဲ ခေါင်းယမ်းကာ "ဒီကလေးက ငါ့အတွက် ဘုရားပေးတဲ့ကလေး"ဟု ပြောသည်။ 

ကာလနာကမူ အဘွားကိုချစ်သလောက် အဘွား၏တူမ ဒေါ်မြမိကို မုန်းလှသည်။ မျက်နှာထားတင်းတင်းနှင့် ဇီဇာကြောင်လှသောကြောင့် ဖြစ်သည်။ သူပြန်သွားပြီး လေးလခန့်ကြာသောအခါ အဘွားဆီသို့ စာတစ်စောင်လာသည်။ ဒေါ်မြမိယောက်ျား ကားတိုက်၍သေဆုံးကြောင်းစာဖြစ်သည်။ အဘွားက မျက်ရည်လေး တစမ်းစမ်းဖြစ်နေသော်လည်း ကာလနာကမူ "ကောင်းလိုက်တာဗျာ၊ ဒါမှ ဒီမိန်းမကြီး မှတ်မှာ။ ယောက်ျားမသေဘဲ သူသေဖို့ကောင်းတာ" ဟု စိတ်ထဲမှနေပြီး ရေရွတ်လိုက်မိလေသည်။

သူများသေစဉ်က ဝမ်းသာခဲ့သော ကာလနာသည် အဘွားသေသောအခါတွင်ကား အပူလုံးဆို့ပြီး ရုတ်တရက် မျက်ရည်ပင် မကျနိုင်အောင် ဖြစ်ခဲ့ရသည်။ ထိုစဉ်က ရှစ်နှစ်သားခန့်ရှိပြီဖြစ်၍ အဘွားသည် သူ့ကို လုံးဝစွန့်ပစ်ပြီး မပြန်လမ်းသို့ လျှောက်သွားပြီကို နားလည်နေပြီဖြစ်လေသည်။ ထို့နောက် အဘွားအတွက် ဘုရားပေးသော ကုလားကလေးသည် ဒေါ်ဒေါ်မိတို့အိမ်သို့ အိမ်ဖော်ကလေးအဖြစ်နှင့် ရောက်လာခဲ့ရတော့သည်။
အဘွား၏ ရှေ့တွင်ပင် မျက်နှာထားတင်းပြီး ဇီဇာကြောင်သော ဒေါ်မြမိသည် ယခု အဘွားမရှိတော့သောအခါတွင်ကား ယခင်ကထက် နှစ်ဆ မျက်နှာထားတင်းကာ ဇီဇာလည်း နှစ်ဆမျှကြောင်ကြောင်းကို သူ လက်တွေ့သိရသည်။
ဇီဇာကြောင်သည်က ကိစ္စမရှိ၊ အများခေါ်သလို ကောက်ရဟုလည်း မခေါ်၊ ကုလားဟုလည်း မခေါ် ။ စိတ်ပေါက်လျှင် ပေါက်သလို ပေါက်တတ်ကရတွေ ခေါ်တတ်သည်ကတော့ ခက်လှသည်။

စမ်းချောင်းရပ်ကွက်တွင်းရှိအိမ်များသည် တစ်အိမ်နှင့်တစ်အိမ် နံရံချင်းဆက်နေသည်။ တစ်အိမ်က လေလည်သံကိုပင် အခြားတစ်အိမ်က ကြားရသည်။ ထို့ကြောင့် ဒေါ်ဒေါ်မိ ကင်ပွန်းတပ်သောအမည်အမျိုးမျိုးကိုလည်း တစ်ဖက်အိမ်မှ စကားတတ်ခါစ သုံးနှစ်သားလေးက အကုန်ကြားလေသည်။ ထိုအမည်အမျိုးမျိုးထဲမှ "ကာလနာ” ဟူသော အမည်လှလှကို နှလုံးတွေ့သွားပုံရသည်။ သူ့ကိုမြင်လျှင် လက်ကလေး ကမ်းပြီး တာလနာ တာလနာ လို့ မပီမသခေါ်လေသည်။ လူကြီးများက တစ်ဖန် သဘောအကျကြီးကျပြီး "ကာလနာ” "ဟဲ့ ကာလနာ"ဟု ပီပီသသ ခေါ်ကြပြန်သည်။ ထို့ကြောင့် ကုလားဟူသော သူ့အမည်လေးသည် ပျောက်ချင်းမလှ ပျောက်ခဲ့ရလေသည်။ ကာလနာ ဟူသော
ထိုအမည်ကိုပင် သေရာသို့ ပါတော့မည်ထင်သည်။ နောင် နှစ်ပေါင်းခြောက်ဆယ်ရှိ၍ သူသေလျှင်ပင် သူ့ခေါင်းပေါ်တွင် “ဦးကာလနာ၊ အသက် ၇၁ နှစ် ရုပ်ကလာပ်" ဟု ရေးကြပေတော့မည်။

“ကာလနာ” ဟူသောအမည်ကို ကာလနာ အသည်းခိုက်အောင် မုန်းလှသော်လည်း ဘာမျှမတတ်နိုင်။

* * * 

ဒေါ်ဒေါ်မိ၏ သမီးနှစ်ယောက်ကိုလည်း ကာလနာ မုန်းသည်ပင်။ သူ့အမေလို အဆဲမသန်သော်လည်း အခေါက်သန်လှသည်။ သနားကမားရှိသော ရုပ်ရည်လေးများနှင့်ပင် မလိုက်အောင် စိတ်ထားပုပ်လှသည်ဟု ကာလနာ ထင်သည်။

သူတို့အမေ ဒေါ်ဒေါ်မိသည် ညိုညိုဝဝမို့ တုတ်ပြဲကြီးဖြစ်သော်လည်း သူတို့ညီအစ်မကမူ အဖေတူဟန်ရှိသည်။ အသားလတ်ကာ ကိုယ်ဟန်သွယ်လျသည်။ မျက်ခုံးမျက်လုံးမကောင်းလှသော်လည်း စက်တင်ဘာ၊ ဒီဇင်ဘာစသော မျက်ခုံးမွေးဆွဲခဲတံများ အကူနှင့် သူတို့မျက်ခုံးကို ကော့လိုကော့၊ ညွတ်လိုညွတ်၊ သေးလိုသေး၊ သွယ်လိုသွယ် လိုသလို ပြုပြင်နေကြရင်း ဆယ်တန်းကို တဖုန်းဖုန်းနှင့် ကျနေကြလေသည်။

ယောက်ျားလေးများက သူတို့ညီအစ်မက သိပ်လှတာပဲဟု လက်ဖျားမခါသော်လည်း "မဆိုးဘူးကွ” ဟုကား ဆိုစမှတ်ပြုကြသည်။ ထို့ကြောင့် ပိုးပန်းသူ များကြသည်။

ကာလနာက အကြီးမ မြမြအေးကို အရင်အိမ်ထောင်ကျမည်ထင်သော်လည်း အငယ်မ မြမြထွေးက အလျင်ဦးသွားလေသည်။ မြမြထွေးတစ်ယောက် နတ်ရေးငယ်ရွှေစာလိုက်သည်က ကိုကြည်ဝမ်းဟူသော တရုတ်ကပြား အင်ဂျင်နီယာကလေးတစ်ယောက်နှင့် ဖြစ်သည်။ သူတို့အမေ ဒေါ်မြမိက "သမက်ကလေးက လေးရာ့ငါးဆယ်စား ဝန်ထောက်ကလေးလေ၊ နိုင်ငံခြားကိုလည်း ပညာတော်သင်သွားရဦးမှာ"ဟု ခေါင်းတမော့မော့နှင့် ပြောသည်ကို မြမြထွေး နားဝင်ချိုရုံမက အမြင်ပါချိုဟန်နှင့် တပြုံးပြုံးဖြစ်နေလေသည်။

မြမြထွေးကိုယ်တိုင်လည်း သူ့ယောက်ျားအတွက် ဂုဏ်ယူလှသည်။ ဂုဏ်ယူလိုလှသောကြောင့်လည်း သူနှင့်ပြိုင်ပြီး တဖုန်းဖုန်းကျနေသော ရည်းစားဦးကိုလည်း စွန့်လွှတ်ခဲ့ခြင်းဖြစ်လေသည်။ သူ့ယောက်ျား လုပ်
နေသော ပညာရပ်ဆိုင်ရာလုပ်ငန်းများကို နကန်းတစ်လုံးမျှ နားမလည်ဘဲနှင့် “ကိုကိုရယ်၊ သိပ်အလုပ်များနေလား၊ ထွေး ကူလုပ်ပေးမယ်လေ”ဟု တစ်ဖက်အိမ်ကကြားအောင် အသံမြှင့်၍ ပြောရသည်။

တစ်ခါတစ်ရံ ဘသားချောက သူငယ်ချင်းအိမ်တွင် မိုးအလင်း ဖဲရိုက်ပြီး ညလုံးပေါက် အိုဗာတိုင်း ဆင်းရသည်ဟု ပြောသောအခါများတွင် မယုံသော်လည်း ယုံဟန်ဆောင်နေရသည်။ “ကိုကိုကလည်းကွယ် အလုပ်မှ အလုပ်ပဲ၊ ပင်ပန်းလိုက်တာလွန်ပါရော၊ အင်းလေ ညွှန်ကြားရေးမှူးကြီးကလည်း ကိုကိုလုပ်မှ စိတ်ချတာကိုး” ဟု လူကြားထဲတွင် အသားယူ၍ ပြောတတ်လေသည်။ လင်တော်မောင် လှိမ့်သမျှကို ဒလိမ့်ဒလိမ့်နှင့် လိမ့်ချင်ဟန်ဆောင်ရင်း နိုင်ငံခြားကအပြန် ဝယ်လာမည့် ကားလှလှကလေးကို စိတ်ကူးနှင့် စီးပြီး ပြုံးပျော်နေမိလေသည်။ 

မပြုံးနိုင် မပျော်နိုင်သူကား အကြီးမ မြမြအေးဖြစ်သည်။ မြမြထွေးကဲ့သို့ပင် အသားဖြူကာ ကိုယ်ဟန်သွယ်လျသော်လည်း နဖူးလေး မသိမသာမောက်ကာ ပါးစပ် အနည်းငယ်ပြဲလေသည်။ ဗိုင်းကောင်းကျောက်ဖိ
နေလျှင် ယဉ်စစနှင့် ချစ်စဖွယ်ကောင်းမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဘာမဟုတ်သော အကြောင်းအရာလေးကိုပင် အလွန်ကောင်းသော ပြက်လုံးတစ်ခုလို အူလှိုက်သည်းလှိုက် လှိုက်၍ရယ်တတ်သည်။ လူထူလျှင် တဝါးဝါး တဟားဟားရယ်ပြီး မသံပေးတတ်သည်။ ထို့ကြောင့် နီးစပ်သမျှ ယောက်ျားလေးများသည် သူ့ကို ခင်မင်ဟန်ရှိသော်လည်း တကယ်ကြိုက်သောအခါ အတန်ငယ် သိမ်မွေ့သော မြမြထွေးကိုသာ ကြိုက်ကုန်တတ်ကြလေသည်။ အကြောင်းရင်းကို ရှာမတွေ့သော မြမြအေးသည် စိတ်ပေါက်လေတိုင်း ကာလနာ၏ ထိပ်ကိုသာ တဒေါက်ဒေါက် ခေါက်မိလေတော့သည်။ မြို့တွင် ကျောင်းထားပေးမည်ဟု လူကြားကောင်းအောင် ပြောခဲ့သော ဒေါ်ဒေါ်မိသည်လည်း သူ့စကားကိုသူ သတိရဟန်ပင်မတူ။ ထို့ကြောင့် ပူခနဲ ပူခနဲ ဖြစ်သွားသော သူ့ထိပ်ကို လက်နှင့်ပွတ်ထိရင်း တစ်ခါတစ်ရံတွင် ကာလနာ မျက်ရည်ကျရလေသည်။

"လာပြန်ပြီဟ တစ်ကောင်။ ဘုရားမလို့ အကြီးမ လင်ဆာမကြီးကို ကြိုက်ပါစေဗျာ၊ အငယ်မ ကုပ်ကမြင်းကို ကြိုက်တာမဟုတ်ပါစေနဲ့"   

မြမြထွေးယောက်ျား အင်ဂျင်နီယာလေး အိမ်သို့ဝင်ထွက်နေစဉ်က ကာလနာ ကျိတ်၍ ဆုတောင်းမိသည်။ မြမြအေးကလည်း သူ့ကိုများ ကြိုက်နေတာလားဟု အတွေးကလေးယောက်ယက်ခတ်နေဟန်ရှိသည်။ အိမ်နေရင်းတွင်ပင် ရှည်လျားကော့ညွတ်သော မျက်တောင်တုကြီးများကို တပ်ထားပြီး ကိုကြည်ဝမ်း လာလျှင် မျက်လွှာလေးပင့်၍ ပင့်၍ မခို့တရို့ ပြုံးကြည့်သည်။ "သမ္မတရုံကကား သိပ်ကောင်းတယ်တဲ့ ကိုကြည်ဝမ်းရဲ့ ၊ ကြည့်ပြီးပြီလား” ဟု စကားခေါ်သလို ပြောတတ်သည်။ တစ်ခါတစ်ရံလည်း "ဟေး ကိုကြည်ဝမ်း ရောက်နေတာ ကြာပြီလား၊ ထမင်းစားပြီးမှ ပြန်နော်” ဟု သူ့လက်မောင်းကို အမှတ်မဲ့ဟန်နှင့် လှမ်း၍ ဆုပ်ကိုင်ကာ တရင်းတနှီးပြောရသည်။

သို့သော် ပြုံးရ ပြောရသည်သာ အဖတ်တင်လေသည်။ အင်ဂျင်နီယာ ကိုကြည်ဝမ်းက သူ့ညီမ မြမြထွေးကိုသာ ရွေးချယ်သွားလေသည်။ ထိုစဉ်က မြမြအေး မျက်ရည်ပင် စို့စို့လေး ဝဲမိသေးသည်။ ထို့နောက် "သူ့ခမျာ ငါ့ကိုချစ်ရှာတာပါ၊ မိထွေးက အတင်းအရောဝင်နေတော့လည်း အားနာပါးနာနဲ့ ပြန်ပြီးလိုက်လျောရရှာတာပေါ့” ဟု ကိုယ့်ဘက်ကို အလေးပေး၍ ဆုံးဖြတ်ရင်း ကိုကြည်ဝမ်းကိုပင် ချစ်ကံခေသူအဖြစ် ကရုဏာသက်မိရှာသေးသည်။
"ဟွန်း၊ ဆံပင်တွေ ဖြတ်လာပြန်ပြီ။ သူနဲ့လည်း မလိုက်ဘဲနဲ့"

မြမြအေးတစ်ယောက် ဆံပင်တိုလေး ဖြတ်ချလာသောအခါတွင် ကာလနာက ကျိတ်၍ ရယ်မိပြန်သည်။ ဒေါ်ဒေါ်မိ၏ ကန့်ကူလက်လှည့် သင်ကြားပေးခြင်းခံရသော ကာလနာသည် ဆဲနည်း အကုန်တတ်ချေပြီ။ သို့သော် မည်သူ့ကိုမျှ မဆဲဝံ့၍ ခွေး ကြောင်များနှင့် သက်မဲ့ပစ္စည်းများကိုသာ အသံထွက်ပြီး တိုးတိုးဆဲရရှာလေသည်။

"မိမြထွေးက အင်ဂျင်နီယာရတော့ ငါက ဆရာဝန်လောက်မှဖြစ်မှာ၊ သင်္ဘောသားဆိုလည်း ကောင်းတာပဲ” ဟု မြမြအေးက တွေးသည်။ ကျူရှင်တန်းတွင် သင်္ဘောသားလုပ်မည်ဟု ပြောသောသူများကို မသိမသာ အရေးပေး၍ ဆက်ဆံသည်။ လူပျိုဆရာဝန်ထိုင်သောဆေးခန်းကိုလည်း စုံစမ်းထားရသည်။ ရေမွှေးနံ့လေး တသင်းသင်းနှင့်သွားရသည်။ "မူးလိုက်တာ ဆရာရယ်၊ မိုက်ခနဲ မိုက်ခနဲနေတာပဲ။ ရင်တုန်ပြီး မောဟိုက်ဟိုက်နဲ့" စသော နာမည်တပ်၍မရသည့် ရောဂါဝေဒနာများကို နွမ်းနယ်ဟန်လေးနှင့်ပြောရင်း မျက်တောင်တုကို တဖျပ်ဖျပ်ခတ်လေသည်။ ဆရာဝန်က သူ့ကို နားကြပ်နှင့် ဟိုထောက် ဒီထောက်လုပ်ပြီး တင်ပါးလှန်ကာ ဆေးထိုးပေးလိုက်၏။ သွားဖန်များ၍ ဆရာဝန်လေးနှင့် ခင်ကာ မျက်မှန်းတန်းမိပြီဖြစ်သည်။ သို့သော် "ဟာ မမြမြအေး လှတယ်ဗျို့၊ ကဲ ပြောပါဦး၊ မူးသလား၊ မောသလား၊ ဘီတွဲလိုတာလား၊ ခမည်းလိုတာလား” ဟု မချိုမချဉ်ပြုံး၍ ပြောလိုက်သဖြင့် မြမြအေး ဒေါသဖြစ်သွားရသည်။ 

“မိန်းမတို့ဣနြေ ရွှေပေး၍မရ" ဟူသော အူကြောင်ကြောင် ရှေးစကားကြီး ရှိထားသောကြောင့် တကယ်မရှက်သော်ငြားလည်း ရှက်ချင်ဟန်တော့ ဆောင်ရပေမည်။ ထို့ကြောင့် “ဟင်း ဆရာကလည်း အေးကို အမြဲစနေတာပဲ” ဟု မူနွဲ့ ဟန်နှင့် ရှက်စနိုးပြောရင်း စိတ်ထဲမှာမူ "သေနာကျကြီး" ဟု ကျိတ်၍ ဆဲလိုက်မိလေသည်။ ထို့နောက် ထိုဆေးခန်းသို့ မသွားတော့ပေ။

တွေ့မည့်တွေ့တော့လည်း ကျော်ဇင်မင်းနှင့်မှ တွေ့သည်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ဘောင်းဘီခြေပွဝတ်ကာ နေကာမျက်မှန်အစိမ်းနှင့် အတက်ချီအိတ် ဆွဲထားသော သူ့ဟန်ပန်သည် အဟုတ်ပင် မြတ်နိုးဖွယ်၊ အထင်ကြီးဖွယ်ကောင်းလှသည်။ ဒါမျိုးမှ သားနားတာ၊ ဆရာဝန်လား၊ အင်ဂျင်နီယာလား၊ သင်္ဘောသားလား ဟုတွေးရင်း မိန်းမတို့ပိုင်ဆိုင်သမျှ ညုကလီးယားလက်နက်များကို ပုံအောပြီး အသုံးချလိုက်သည်တွင် တစ်လအတွင်း၌ပင် "ဥံ ဟရီ ဟရီ မရွတ်ဘဲ အကျဉ်းရုံး၍ ညားကြလေသတည်း။

"လင်ဆာမကြီးတော့ လင်ရသွားပြီ၊ ငါလည်း သိပ်ပြီး ထိပ်အခေါက်ခံရတော့မှာ မဟုတ်ဘူး" ဟု ကာလနာ တွေးမိလေသည်။

ကိုကြည်ဝမ်းက သူ့ကို တစ်မတ် ငါးမူး မုန့်ဖိုးပေးတတ်ပြီး၊ ကိုကျော်ဇင်မင်းက စပို့ရှပ်တစ်ပတ်ရစ်ကလေးများ ပုဆိုးကလေးများ ပေးတတ်သည်။ ထို့ကြောင့် ကာလနာ အတန်ငယ် ကျေနပ်ပြီး ပျော်ရလေသည်။

လက်ထပ်ပြီး တစ်လခန့်ကြာသောအခါ ကိုကျော်ဇင်မင်းသည် မော်လမြိုင်နှင့် ရန်ကုန် ကူးနေသော မှောင်ခိုကုန်သည်မှန်း သိရ၏။ ဒီတော့လည်း မြမြအေး စိတ်မပျက်ချေ။ "ဆရာဝန် ဘာလုပ်ရမှာလဲ။ တော်ကြာ တောကြိုအုံကြား သွားနေရတော့ အခက်။ အင်ဂျင်နီယာလည်း အလကား၊ ဒီလခလောက်များ ကိုကိုကျော် အသေးသုံးလောက် ရှိတာ။ သင်္ဘောသားလည်း ဖွတ်ကျားပါ။ ကားကလေးတစ်စီးရတာသာ လူသိတာ၊ သင်္ဘောပေါ်မှာ ကြမ်းတိုက်နေကြရတာ” ဟု တွေးရင်း ပို၍ပင် ကျေနပ်နေမိသေးသည်။

သူတို့အမေ ဒေါ်မြမိသည်ကား ငရုတ် ကြက်သွန်ရောင်းရာမှ မှောင်ခိုထည်များ ပြောင်း၍ရောင်းသည်။ ဥဿဖရားနားကပ်ကိုချွတ်၍ စိန်နားကပ်ပန်ရန် စိတ်ကူးဖဲရိုက်နေသည်။ ယောက္ခမနှင့် သမက် စီးပွားရေး စပ်တူလုပ်ရင်း တပြုံးပြုံးဖြစ်နေသည်။ မပြုံးနိုင်သူက ကာလနာ ဖြစ်သည်။ မြမြထွေးက ဝမ်းကလေး စုန့်စုန့်မျှ မပူသေးသော်လည်း ကျော်ဇင်မင်းနှင့် မြမြအေးတို့ နှစ်ဦးပေါင်းပြီး ကလေးတစ်ယောက်ကို ဖန်တီးလိုက်ကြသောကြောင့် ဖြစ်သည်။
အီအီးပေသော ရှူရှူးစိုသော ကလေးအနှီးတစ်ပုံတစ်ပင်ကို နေ့တိုင်းလျှော်ရသော "ကာလနာ"သည် အဘယ်မှာ ပြုံးနိုင်ပါအံ့နည်း။

ယခုတော့ ကာလနာ၏အသက် ဆယ့်သုံးနှစ်ကျော်လေပြီ။ ကိုကြည်ဝမ်းပေးသော မုန့်ဖိုးနှင့် စီးကရက်ဝယ်ပြီး ဟန်ပါပါ ခဲတတ်ပါချေပြီ။ သူ စီးကရက်သောက်သည်ကို တွေ့လျှင် ဒေါ်မြမိက ဆဲတတ်သည်။ မြမြအေးနှင့် မြမြထွေးက ရိုက်တတ်သည်။ သို့သော် ကိုကြည်ဝမ်းက “သောက်ပါစေကွာ"ဟု ပြောတတ်သည်။ ကျော်ဇင်မင်းကမူ ခပေါင်းစီးကရက်ကို ဘူးလိုက်ပစ်ပေးကာ "ဘာဖြစ်လဲ ချသာချ” ဟု ပြောလေသည်။ ထိုအခါ ကာလနာသည် အတန်ငယ် ရဲတင်းလာကာ သူကျောင်းနေချင်ကြောင်း ဖွင့်ပြောမိသည်။ ကိုကြည်ဝမ်းက ဘာမျှမပြောသော်လည်း ကျော်ဇင်မင်းက သူ့ကျောကိုပုတ်ကာ ရယ်လေသည်။ "ကျောင်းစာမတတ်ပေမယ့်လည်း ဘဝပညာတတ်ရင် ငါ့လို ကုန်ကူးနိုင်ပါတယ်ကွာ" ဟု အားပေးသည်။ သို့နှင့်ပင် ကာလနာခမျာ ဆရာတော်ဦးဝါယမ သင်ပေးလိုက်သော ကကြီး ခခွေးများကိုပင် တဖြည်းဖြည်းမေ့ကုန်လေတော့သည်။ ကြမ်းတိုက်၊ ပန်းကန်ဆေး၊ အိုးတိုက်၊ အနှီးလျှော်သော အတတ်များကို တစ်ဖက်ကမ်းခပ်အောင် တတ်လာလေတော့သည်။

ကိုကြည်ဝမ်းကမူ "ပညာဟူသည် မြတ်ရွှေအိုး" ဟု ပြောသည်။ ကြမ်းတိုက်ခြင်း၊ ပန်းကန်ဆေးခြင်းများကိုလည်း ပညာတစ်မျိုးပင် ဖြစ်သည်ဟု ဒေါ်မိက ဆိုသည်။ ထို့ကြောင့် ကာလနာသည် ရွှေအိုးကြီး ပိုက်နေသလို သူ့ကိုယ်သူထင်မိရင်း မီးမတောက်သော မီးသွေးမီးဖိုမီးအား ပြောင်းနှင့် တဖူးဖူးမှုတ်နေရလေသည်။ ကာလနာ မီးမှုတ်၍ကောင်းဆဲတွင်ပင် ကိုကြည်ဝမ်း နိုင်ငံခြားသို့ သွားရလေသည်။ ဂျပန်ပြည်သို့သွားခြင်းဖြစ်သည်။ ကိုးလကြာမည်။ ပညာသင်ရမည်။ အပြန်တွင် ကားပါလာမည်ဟုပြောရင်း မြမြထွေး တပြုံးပြုံးဖြစ်နေသည်။

လေယာဉ်ပျံကွင်းသို့ လိုက်ပို့ကြသောအခါ ကာလနာ မလိုက်ရပေ။ မြမြအေး၏ကလေးကိုထိန်းရင်း အိမ်တွင်ပင် နေခဲ့ရသည်။ ကိုကြည်ဝမ်းက သူ့ထိပ်ပုတ်ကာ "သွားမယ်ဟေ့” ဟု နှုတ်ဆက်သွားသည်။ ကာလနာသည် ချော့ကလက်ဟူသည်ကို စားဖူးချင်၍ မှာမည် ကြံသော်လည်း မမှာရဲ၍ အသာငြိမ်နေလိုက်ရသည်။

“ကိုးလလေး ခွဲရတာများ တစ်သက်လုံး ခွဲရမှာလိုလို အိုက်တင်တွေ ထုတ်လိုက်တာ (...) မှပဲ”

မြမြထွေး မျက်ရည်လေးစမ်းစမ်းနှင့် ဖြစ်နေပုံကို ကြည့်ပြီး အခြောက်တိုက် မြင်ပြင်းကတ်နေသည်။ "သူ့ယောက်ျားကို သူချစ်လို့ပဲလေ” ဟူ၍ပင် ဖြေပြီးမတွေးနိုင်ချေ။ ကာလနာသည် နောက်မှပေါ်သော ကိုကြည်ဝမ်းကိုခင်ပြီး မြမြထွေးကို မုန်းသောကြောင့်ဖြစ်သည်။ မြမြထွေးသာမက ထိုတစ်ရက် နှစ်ရက်ပိုင်းအတွင်း မြမြအေးလည်း မျက်ရည်လေး ခပ်စို့စို့ ဖြစ်နေသည်။ ကိုကြည်ဝမ်း ပြန်လာလျှင် ပါလာမည့်ကားလေးကို တွေးပြီး စိတ်မချမ်းမသာဖြစ်နေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူ့ယောက်ျား ကျော်ဇင်မင်း၏ရင်ခွင်ကို မှီရင်း ခပ်နွဲ့နွဲ့လေး ပူဆာရသည်။ "ကလေးကလည်း ကြီးလာတော့မှာ ကိုကိုရဲ့၊ တော်ကြာရင် နောက်တစ်ယောက် လာဦးမယ်။ ဒီတစ်ခါ ပီနန်ဘက်ကို
ထွက်ပါလား၊ တွက်ခြေကိုက်တာကို မြက်မြက်လေး လုပ်ပါကွယ်" ဟု တိုးတိတ်ညင်သာစွာ ပြောသည်။ စိတ်ထဲကမူ ကားဝယ်စီးနေမိသည်။

ကိုကျော်ဇင်မင်းလည်း မကြာမီပင် ရန်ကုန်မှ ခွာပြန်သည်။ ဒီတစ်ခါတော့ နိုင်ငံခြားသို့သွားခြင်းဖြစ်၍ အနည်းငယ်ကြာမည်ဟု ဒေါ်မြမိက ပြောလေသည်။ မည်သို့ပင်ဆိုစေ ကိုးလတော့ မကြာနိုင်။ မြမြထွေးယောင်္ကျား ကိုကြည်ဝမ်းပြန်မလာမီ ပြန်ရောက်လာမည်ဖြစ်သည်။ မြမြထွေးထက်အလျင် ငွေအလုံးအခဲ ပိုက်ရမည်ဖြစ်သည်ဟု တွေးရင်း မြမြအေး ကျေနပ်နေသည်။ ဟန်ဆောင်ပန်ဆောင်တော့ မျက်ရည်ဝဲပြီး အလွမ်းပိုလိုက်ရသည်။ ကိုကျော်ဇင်မင်းသည် ကာလနာ၏ထိပ်ကိုပုတ်ကာ "သွားမယ် ဟေ့” ဟု နှုတ်ဆက်သွားပြန်သည်။ "အပြန်ကျရင် မင်းဖို့ ရှပ်အင်္ကျီ ဝယ်ခဲ့မယ်ကွ" ဟု ပြောသွားသည်။

ကာလနာသည် အပျော်ကြီးပျော်ကာ အမျှော်ကြီးမျှော်ရသည်။ လူပျိုပေါက်ကလေးဖြစ်လာပြီမို့ လှချင်ပချင် ဝတ်ချင်စားချင်လှသည်။ ပတ်ဝန်းကျင်မှ မြင်သမျှ ကြားသမျှကို အတုခိုးပြီး ဆောင့်ကြွားကြွားဟန်ကလေးကိုလည်း ပြုတတ်နေပြီဖြစ်သည်။ "ကိုကျော်ဇင်မင်း ပြန်လာရင် ငါ့အတွက် တီရှပ်ဝယ်ခဲ့မယ်တဲ့ကွ” ဟု လမ်းထိပ်ကွမ်းယာဆိုင်က လှမျိုးသွယ်ကို မကြာခဏ ကြွားမိသည်။ အတန်ငယ်ရှည်လာပြီဖြစ်သော ဆံပင်ကို လက်တစ်ဖက်နှင့် သပ်တင်ရင်း ရေခဲကွမ်းယာ ဝယ်စားသည်။ ကွမ်းတံတွေးကို ဟန်ပါပါနှင့် တပျစ်ပျစ်ထွေးကာ နိုင်ငံခြားမှ ပြန်လာမည့်သူနှစ်ဦးကို မျှော်နေမိသည်မှာ တစ်လပြီးတစ်လ ကုန်သွားသည်။ ထိုတစ်လပြီးတစ်လ အတောအတွင်းတွင် မြမြအေးနှင့် မြမြထွေးက ကာလနာအား မကြာခဏ ကာတွန်းငှားခိုင်းတတ်သည်။ " စာလေးဖတ်နေတော့ အလွမ်းပြေတာပေါ့" ဟု တညီတညွတ်တည်း ပြောကြသည်။ ထို့ကြောင့် ကာလနာလည်း လမ်းထိပ်စာအုပ်ဆိုင်သို့ မကြာခဏ ရောက်ရလေသည်။ စိန်ပြာလောင်တို့၊ သမိန်ပေါသွပ်တို့၊ ရွှေဂေါင်းပြောင်တို့ကိုငှားရင်း ထွက်ပေါက် ထွက်ပေါက် ဟူသောစကားကို ကြားဖူးလာခဲ့သည်။

"ဝတ္ထုမှာ ထွက်ပေါက်လေးကို ပေးရမယ်၊ မပေးနိုင်ရင် ဒီစာရေးဆရာဟာ တာဝန်မကျေဘူးဗျာ"

"စာရေးဆရာဆိုတာ ပညာရှိလည်းမဟုတ်ဘူး၊ သူရဲကောင်းလည်း မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ”

"ထွက်ပေါက်မပေးနိုင်ရင်တော့ အလကားပဲ "

မျက်မှန်ထူနှင့် စာကြမ်းပိုးလေးများက ဆွေးနွေးနေကြသည်။ ကာလနာက "ဘာထွက်ပေါက်လဲ အစ်ကိုရ" ဟု ဘုမသိဘမသိ ဝင်မေးသော်လည်း ရှင်းပြမည့်သူမရှိ။ ဝတ္ထုထဲတွင် ပါသော သဘောတရားတွေ ရသတွေကိုတော့ ကာလနာ ဒီတစ်သက် သိတော့မည်မထင်။ အဘယ်ကြောင့်ဆိုသော် ကကြီး ခခွေးတွေကိုပင် မေ့ကုန်ပြီး စာမဖတ်တတ်တော့၍ ဖြစ်သည်။ ကာလနာခမျာလည်း ကလေးထိန်းရင်း၊ ကြမ်းတိုက်ရင်း၊ စာအုပ်အငှားဆိုင်သွားရင်း အချိန်တရွေ့ရွေ့ကုန်လာသည်။ 

ကိုကျော်ဇင်မင်း ထွက်သွားသည်မှာလည်း တစ်လမှ နှစ်လ၊ နှစ်လမှ သုံးလ၊ သုံးလ ခြောက်လ တဖြည်းဖြည်း ကြာသွားသည်။ ကားစီးရန်ကြံနေသော မြမြအေးသည် ကားအမျိုးအနွယ်ဝင် ဆိုက်ကားကြီးစီးပြီး ဟိုပြေးဒီပြေး ပြေးသည်။ စက်လှေနစ်သလိုလို၊ အချင်းချင်းရန်ဖြစ်ပြီး ပစ်ကြခတ်ကြသလိုလို၊ ဟိုလိုလို ဒီလိုလို လိုလိုပေါင်းများစွာကြားတွင် ကိုကျော်ဇင်မင်းတစ်ယောက် စုပ်စမြုပ်စ ပျောက်သွားလေသည်။ မြမြအေး ချုံးပွဲချငိုရတော့သည်။
ဟိုလိုလို ဒီလိုလိုကြားထဲတွင် ဘာသတင်းမှ အတိအကျမသိဘဲ လင်တစ်ယောက် ဆုံးရလေတော့သည်။
မြမြအေး ငို၍ကောင်းဆဲတွင် မြမြထွေး ငိုရပြန်သည်။ ကိုကြည်ဝမ်းတစ်ယောက် တီဗွီကိုလည်းကောင်း၊ ရေမွေ့ရာကိုသော်လည်းကောင်း၊ နိုင်ငံခြားသူကိုသော်လည်းကောင်း သူ့ထက် မက်သွားဟန်ရှိလေသည်။ မြန်မာပြည်သို့ ပြန်မလာတော့ဘဲ ပြေးလေသောကြောင့်ဖြစ်လေသည်။

ယခုတော့ အိမ်တွင် ဒုံရင်းက ဒုံရင်း ပြန်ဖြစ်သွားသည်။ ဒေါ်မြမိ၊ မြမြအေးနှင့် မြမြထွေး၊ ထို့နောက် ကာလနာ။ တစ်ယောက်တော့ တိုးလာသည်။ မြမြအေး၏ သားကလေး သော်ဇော်မင်း ။ ကာလနာကို ဒုက္ခပေးသည့် ကောင်ကလေး။ တစ်နေ့တော့ ကာလနာ၏လက်ကို ကုန်းအကိုက်တွင် ကာလနာသည် သူ့ကိုတွန်းပစ်လိုက်သည်။ ထို့နောက် "နင်လည်း တစ်နေ့ကျရင် ထွက်ပေါက်ရှာပြီး ပြေးမယ့် ခွေးနာလေး" ဟု ခပ်တိုးတိုးဆဲကာ လူလစ်ပြီအထင်နှင့် ဆတ်ဆတ်လေးရိုက်လိုက်သည်။

သို့သော် ကာလနာ ကံဆိုးသည်။ မီးဖိုထဲ ဝင်လာသော ဒေါ်မြမိက လှမ်းမြင်လိုက်သည်။ အာဖြဲ၍ အော်ငိုသော သူ့မြေးကို ပြေး၍ချီသည်။ ထို့နောက် နံရံတွင် ထောင်ထားသော တံမြက်စည်းကိုဆွဲကာ ကာလနာအား မရိုက်စဖူး လွှဲ၍ရိုက်လေသည်။

"ဟင် ကာလနာ၊ အိမ်မှာ ဒီလောက်စိတ်မချမ်းမသာဖြစ်နေရတာ နင်တရားခံပဲ၊ နင့်လိုကျက်သရေယုတ်တဲ့ကောင် မွေးစားမိလို့ ဒီလိုဖြစ်တာ။ ဒါကြောင့်မို့ ခြေနှစ်ချောင်းထွက်တာ”

ကာလနာသည် အတန်ငယ် လူကောင်ထွားလာပြီဖြစ်၍ ဒေါ်မြမိအား တအားတွန်းပစ်ချင်စိတ် ပေါက်လာသည်။ သို့သော် မလုပ်ရဲ။ “ကြောက်ပါပြီဗျာ' ဟု ကုန်းအော်လိုက်ရသည်။ စိတ်နှလုံးညှိုးချုံးခြင်း၏ထွက်ပေါက်ကို တံမြက်စည်းကိုင်ရင်း တွေ့နေပြီဖြစ်သော ဒေါ်မြမိ မလျှော့။ ထပ်၍ရိုက်သည်။ လွှဲ၍ရိုက်သည်။ ပါးစပ်မှ ရေရွတ်သည်။

"ဘာ အခုမှ ကြောက်ပါပြီလဲ၊ နင် တရားခံဟဲ့၊ နင်တရားခံ" ဟု ဒေါနှင့်မောနှင့် ရေရွတ်သည်။

ကာလနာ မျက်ရည်ပေါက်ပေါက်ကျရသည်။ အရှိုးများကို နနွင်းမှုန့်သိပ်ရင်း အိမ်မှ ထွက်ပြေးရန် စဉ်းစားသည်။ သူ့သမီးနှစ်ယောက် လင်ပစ်မ ဖြစ်ရသည်မှာ သူနှင့် ဘာဆိုင်သနည်း။ အခုတော့ သူတို့ ပြောကြသည်။ သူသာလျှင် တရားခံတဲ့။

ကာလနာ နည်းနည်းမှမကျေနပ်။ စာအုပ်အငှားဆိုင်မှ ကိုကြီးဖိုးထောင်ကမူ အရှိုးရာတွေထပ်နေသော ကာလနာကို စိတ်မကောင်းသလို ကြည့်သည်။ "ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ကိုကြီးရာ” ဟု အသံတုန်တုန်နှင့်ပြောတော့ "အေးလေကွာ” ဟု သူနှစ်သိမ့်သလို ပြောသည်။ ကြွက်လျှောက်ပေါ်မှ ရွှေဝါလူးဆေးလေး ယူပေးပြီး" မင်း အရှိုးရာတွေလိမ်းရအောင် ယူသွားကွာ” ဟု ဆက်ပြောသည်။ သူ့ကို ကြင်နာသူရှိသောအခါမှ ကာလနာက ပို၍ဝမ်းနည်းပြီး မျက်ရည်တွေကျလာသည်။ ကိုကြီးဖိုးထောင်ကမူ မျက်မှောင်ကြီးကြုတ်နေရင်း "အင်း ... သူတို့ပြောသလို နောက်ဆုံးတော့ ကာလနာက တရားခံအစစ်ပါပဲ ကာလနာရဲ့ "ဟု ခပ်တိုးတိုးလှမ်းပြောလေသည်။

----------------

📝 ကူးယူ၍ ဖော်ပြခြင်းသာဖြစ်ပါသည်။
     (လေးစားလျက်)

No comments:

Post a Comment

ကင်းစောင့်

  ကင်းစောင့် “ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေ...