Sunday, March 24, 2024

နွားနို့နှင့်အရက်

နွားနို့နင့်အရက်
--------------------

စာရေးဆရာ - သော်တာ‌ဆွေ 


ကိုစံခိုင်သည် စိတ်ကောက်ကောက်နင့် အိမ်မှထွက်ခဲ့၍ ရွာရိုးလမ်းမ လျှောက်ခဲ့၏။

  အကြောင်းမှာ သူအလုပ်မှပြန်အလာ၌ ဇနီးသည်အား "ဟေ့.....ရှင်မ၊ခုညစာ ဘာချက်သလဲကွ" ဟုမေးလိုက်သော် ဇနီးသည်က....

  "ကိုစံရေ....ကျမခုညနေ မိုးရွှာနေလို့ စျေးမသွားနိုင်တာနဲ့ ရရာပဲ၊ ငါးသေတ္တာကြော်၊ ပဲနီလေးရေချိုချက်၊ မသောင်းဆီက သရက်သီးပိုးတီး ဝယ်သုပ်တယ်...."

  ဤဟင်းအစပ်အဟပ်သည် တယ်ပြီးမညံလှကြောင်း စာဖတ်သူသိပေမည်။ သို့သော် သားစိမ်းငါးစိမ်းနင့်မှ ထမင်းမြိန်တတ်သော ကိုစံခိုင်မကျေနပ်။

  "ဒီဟင်းမျိုး ငါမကြိုက်ဘူးဆိုတာ မင်းသိသားနဲကွာ....နို့ပြီး၊ခုနှယ် ငါးသေတ္တာတွေက ဂျပန်စစ် လေျာ်‌ေကြးဖြစ်မှ တစ်စိမှ မကောင်းဘူး၊အရင်ကသူတို့ ရောင်းတန်းကို မမှီတော့ဘူး၊ စားရတာဖွယ်စိစိနဲ့" ဟု တောက်တီးတောက်တက်မြည်တွန်ပြီး လာခဲ့ခြင်းဖြစ်​ပေ၏။

  ရွာထိပ်လမ်းရောက်လတ်သော်ဝင်လုဆဲ ကြက်ဥနစ်ရောင် ဘာနုရာဇာကိုမျက်နှာမူ၍ လမ်းဘေးကမူကလေးပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ 

  ညနေက မိုးကလေးရွာထားသဖြင့် ပတ်ဝန်းကျင်က မြစိမ်းရောင်မြက်ခင်းပြင်မဟာ  မိုးရေပေါက်ကလေးများ သီး၍ ဝင်လုဆဲနေရောင်ဖြင့် ရွှေရောင်ငွေရောင် တောက်ပြောင်နေ၏။

  ယင်းအခိုက်ဝယ် နွားတစ်အုပ်သည် ခေါင်းချင်းယှဉ်၍ ဖောလင်းစီကာ နေကို နောက်ခိုင်းလျှက်မြရေဆမ်းထားသော မြက်ခင်းပြင်ကို တဗြုတ်ဗြုတ် ကိုက်စားနေကာ ကိုစံခိုင် ရှိရာသို့ ဦးတည်လာကြကုန်၏။ သူတို့စားပုံမှာ မြိန်ရည်ရှက်ရည်ရှိလှသည်။ မာလီကုလား စက်လှိမ့်သွားဖြင့် ဖြတ်ဘိသကဲ့သို့ မြက်အဖျားကလေးတွေ ညီညီပြတ်အောင် တစ်ကောင်နင့်တစ်ကောင် အပြိုင်စားပြကြသည့်နှယ် ရှုချင်စဖွယ်ရှိသည်။

  ကိုစံခိုင်သည် ၎င်းတို့ကိုကြည့်၍ သက်ပြင်းချ၏။ သံဝေဂလည်း ရလာ၏။

  ကြည့်စမ်းပ။ ငါတို့လူများ မှီတင်းနေထိုင်ရသောနွားသတ္တဝါမျိုးသည် မြေမှာပေါက်သော မြက်ကိုသာ အကောင်းဆုံးထား၍ စားကြရရှာ၏။ သူတို့လုပ်စာ ဆန်စပါးဖြင့် အသက်ရှင်နေရသော ငါတို့မူ ထမင်းများပေယျာလကန်ထား၍ ဟင်းအကောင်းအဆိုးကိုပဲရွေးချယ်နေကြသေးသည်။ ၎င်းနွားမျိုးတို့မူ သူတို့လုပ်စာ စပါးကို နှာဖျားနင့်မှ တို့ခွင့်မရ။ ကောက်ရိုးသာ လူများက မိမိတို့စားမဖြစ်၍ ခွဲဝေပေးကြ၏။

  နွားဘဝသည် ဆိုးလှပေစွ။

  ကြည့်ပ။ သူတို့နွားလားမြောက်၍ နွားပေါက်ကလေးဖြစ်လျှင် နဖားဖောက်ပြီး သင်းကွပ်ပစ်၏၊ထိုနောက် ထမ်းပိုးခွင်သွင်း၏။  မသေမချင်းခိုင်းစေ၏။ လူ့အခိုင်းခံ တိရိစ္ဆာန် ဖြစ်ရတာဝယ်(မြန်မာပြည်မှာ) နွားသတ္တဝါ အဆိုးဆုံးပေတကားဟု လယ်သမားသားဖြစ်ခဲ့သူ ကိုစံခိုင်ကဆုံးဖြတ်ချက် ချလိုက်၏။

  ယင်းအကြိုက် သူ့စိတ်တွင် အိမ်မှာတုန်းက ဟင်းမကောင်း၍ ဖြစ်ပေါ်ခဲ့သော နောက်ကျိမှု ပျောက်သွား၏။ 

  ထို့နောက် သူ့ဆီရှေ့တူရူလာနေသော နွားအုပ်နီးကပ်လာလေသော် မိမိတွေးတောနေသော ခိုင်းနွားမျိုးမဟုတ်။ နို့စားနွားများဖြစ်နေကြောင်းကို တွေ့ရ၏။

  ယင်း၌ ကိုစံခိုင်၏ နေရပ်ဒေသကို ဖော်ပြလိုသေးသည်။ ရန်ကုန်မြို့၏ ဆင်ခြေဖုန်းဒေသဖြစ်၍ ထိုဒေသတွင် ကုလားများသည်လည်းကောင်း၊ မြန်မာများသည်လည်းကောင်း နို့စားနွားမများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ၏။

  ကိုစံခိုင်သည် ယင်းနွားတင်းကုတ်များဝယ် သွားရောက်လေ့လာဖူးသဖြင့် နို့စားနွားမများအကြောင်း ကောင်းကောင်းသိ၏။

 လူတို့သည် နွားနို့ကို လူနင့်တည့်သောဓာတ်အားအဖြစ်နင့် သုံးဆောင်ကြ၏။ အချို့တရားဘောင် ဝင်၍ သီလစောင့်ထိန်းသူတို့သည် နွားနို့ကို သက်သက်လွတ်မွန်မြတ်သော အဟာရအဖြစ် မှီဝဲ​ကြ၏။ သို့သော် နွားမတစ်ကောင်မှ နေ့စဉ် နွားနို့ညှစ်ရပုံကို လေ့လာမိသော်ကား ထိုတရားရှင်ကို ဟက်ဟက်ပက်ပက်သာ ရယ်မောပစ်ဖို့ကောင်းတော့၏ဟု ထိုနွားမများကိုကြည့်ရင်း ကိုစံခိုင်တွေးမိ၏။

  စင်စစ်လူသည် နွားနို့ယူရာ၌ မိခင်နွားမကြီးနှင့်သားငယ်နွားကလေးကို ရက်စက်လွန်းရာကျသည်။

  နွားမသည် လူကဲ့သို့ပင် ပဋိသန္ဓေကို ၉ လလွယ် ၁၁ လလွယ် မွေးရသည်။  နွားကလေးမြေသို့ ဖုတ်ကနဲ ရောက်ပြီးနောက် မိခင်သည် တုံးလုံးခွေနေသော နွားကလေး၏ ကိုယ်မှ အညှိအချွဲတို့ကိုလျှာဖြင့် လျက်ပေး၏။ထိုအရာ ကင်းစင်ခြောက်သွေ့ လေသော် နွားကလေးသည် မြေပေါ်မှ ကားရားကလေးထ၍ မိခင်နို့ကို စို့တော့၏။

  ကျွန်ုပ်တို့ လူသားမှာ သားငယ်အတွက် မိခင်တွင် နို့နှစ်လုံးသာရှိသည်။ နွားများမူ သူတို့၏။ကြီးမာသော ခန္ဓာကိုယ်ကို တည်ဆောက်ရမည်ဖြစ်၍ နို့လေးလုံးပင်ရှိသည်။ သို့သော် နို့စားနွားမ၏ သားငယ်မှာ တစ်လုံးကိုမှ ဝဝလင်လင်စို့ခွင့် မရရှာချေ။

  အသို့ဟူမူ သူသည် ၇ ရက်အတွင်း နွားမ၏ နို့နုစဉ် အခါသာ (လူသောက်၍မဖြစ် ကျိုလိုက်လျှင် ဒိန်ချင်ကဲ့သို့ ခဲသွားသည်) နွားကလေးအားအဝအလင် စို့စေ၍ ဤမှကျော်မူ လူသုံးရန် နို့ကောင်းလာ၍ နွားကလေးအား ပေးမစို့တော့ပေ။

  နို့စားနွားမများမွေးသော နွားတင်းကုတ်ကို သွားကြည့်ပါ၊ နွားကလေးနင့် နွားမကြီးကို အလယ်မှနွားစာခွက်ခြား၍ မျက်နှာချင်းဆိုင် ချည်ထားသည်။ ကြိုးမှာ အိမ်သာထသာသာရှိ၍ နွားကလေး၏ ခေါင်းသည် မိခင်နို့ဆီသို့ မရောက်နိုင်။ နွားမကြီးမှာလည်း သားငယ်ဆီသို့ နို့ရောက်အောင်  ကိုယ်ကိုလှည့်မပေးနိုင်ရှာပေ။ 

  နံနက်တစ်ကြိမ်၊ နေ့ခင်းတစ်ကြိမ် တစ်နေ့နှစ်ခါနို့ညှစ်သောအခါမှသာ လူသည် နွားမနို့ချရန် နွားကလေးအား ခေတ္တပေးစို့သည်။ ဤပုံကိုမြင်ရလျှင် လွန်စွာသနားစရာကောင်းတော့သည်။

  တစ်ချိန်လုံး မိခင်၏နို့ကို မြင်ရုံသာမြင်ရ မကြင်ရဖြစ်နေသော နွားကလေးသည် လူကကြိုးကိုဖြေလျော့လိုက်သည်နင့် တစ်ပြိုက်နက် မိခင်နို့ဆီသို့ တအားပြေးကာ နှာခေါင်းနင့်ဆောင့်၍ စို့လေသည်။ မိခင်က သားငယ်အတွက် နို့ကိုချပေးလိုက်၍ တစ်စုပ်နှစ်စုပ်မျှ စို့ရသေးသည်။ လူသည် နွားငယ်၏ လည်ပင်းကြိုးကို ဆောင့်ဆွဲကာငုတ်တိုင်မှာ ပြန်ချည်ပြီး နွားမကြီး၏ နို့ကိုအတင်းဆွဲညှစ်တော့၏။

  နွားကလေးမှာ တဘဲဘဲအော်၍ တစ်ရုန်းရုန်း....

  အချို့နွားမများသည် သားငယ်အတွက်မဟုတ်မန်း သိသည်နင့် မိမိနို့ကို လူညှစ်မယူရအောင် ပြန်တင်(အောင့်ထား) လိုက်တတ်သည်။ ဤအခါ၌လူသည် "ဒီနွားမ အကျင့်မကောင်းဘူး၊ သဘောယုတ်သည်" ဟုဆဲရေပြီး နွားချေးတွန်းခုံနင့် ကျောကို ခုတ်တတ်၏။ နာဖန်များသော် ထိုနွားမအကျင့်ပျောက်ရတော့၏။

   မိတ်ဆွေသည် နွားစာကျက်များ၌လည်းကောင်း၊ တာလမ်းနံဘေး၌လည်းကောင်း နို့စားနွားမအုပ်များကို မြင်ဖူးပေမည်။ ၎င်းတို့တွင်နွားငယ်က မိခင်နို့စို့​နေသည်ကို တွေ့ဖူးပါသလား။ သားသည် မအေမပါလို့ဟု ထင်ပေမည်၊စင်စစ် ထိုနွားအုပ်မျိုးမှ တစ်ဝက်ကျော်ကျော်နွားမတို့သည် နို့စို့ ကလေး၏ မိခင်ဖြစ်ကြကုန်၏။သို့သော် သူတို့သားငယ်များ မပါလာခဲ့ကြချေ၊ နွားတင်းကုတ်ထဲ ချည်လျှက်သားတန်းလန်း ကျန်ရစ်ခဲ့ကြ၏။

  နွားငယ်များသည် နံနက်ဝေလီဝေလင်းကတည်းက လူများမောင်းထုတ်၍ ခွဲခွာသွားကြရသော မိခင်များကို တမျော်မျော်နေ​ကြကုန်သည်။ နေ့လည် ၂ နာရီခန့်၌ ပြန်ရောက်ကြလာပါ၏။ သို့သော် နံနက်တုန်းကကဲ့သို့ ပင် နွားမနို့ချအောင်တစ်စုပ် နှစ်စုပ်မျှ ဆောင့်စို့လိုက်ရချင်မှတစ်ပါးချည်တိုင်တွင် တရုန်းရုန်းနင့် ပြန်နေကြရပါသည်။

  မိခင်နှင့်သားသည် ဘယ်သောအခါမှ ချုပ်ချယ်မှုကင်းကာ ပူးပူးကပ်ကပ်နေရပါသနည်း၊ တစ်နေ့လျှင် ပိသာပေါင်း များစွာကျသော နွားမတို့၏ နို့သည် တစ်ဆယ်သားမျှ ညှစ်မထွက်သောအခါမှ လူတို့က လွတ်လပ်ခွင့်ပေးလိုက်တော့၏။

  ဤအခါ နွားကလေးမှာ အခါလည်သားမျှရှိပြီဖြစ်၍ မိခင်၏နို့ပိန်ကို အာမျှမစွတ်တော့ပြီ လူသာဆိုလျှင် မည်မျှ ကြေကွဲစရာ စကားတွေ ပြောချိန့်မည်နည်း။

  "သားရယ် မေမေနို့တွေရှိတုန်းကတော့ သားစို့ခွင့်မရခဲ့ဘူး၊ အခုဖြင့် မေမေနို့လည်း မထွက်တော့ဘူး၊ သားအားကလည်း ကြမ်းလာလို့ မရှိတဲ့နို့ပိန်ကို ဆောင့်ဆောင့်သို့တော့ မေမေနို့အုံအောင့်လှပါတယ်၊ သားမစို့ပါနဲ့တော့..."

  နွားမကြီး၏ ဝမ်းမှာ နောက်ပဋိသန္ဓေကလည်းရင့်လာပြီဖြစ်၍ ထိုသားကို နို့ခွဲပစ်လိုက်တော့သည်။

  ဤအခါ ထိုနွားကလေးများကို အပြင်နွားအုပ်ထဲမှာ မြင်နိုင်ပါသည်၊ နို့မျက်သားကလေးတွေဖြစ်၍ အရိုးဂေါက်ဂက်နင့် ပိန်လှီလှ၏၊ နို့စို့အရွယ် ကလေးစိတ်ကုန်၍ ကောက်ရိုး မြက်တို့ကိုဟက်ဟက်ပက်ပက်စားနိုင်တော့မှ နလန်ထူလာ၏။

  ခြွင်းချက်။ နို့စားနွားမမွေးသူတို့တွင် အနည်းငယ်သော ရာခိုင်နှုန်း စုသည်သာ နွားကလေးကို သူတို့ညှစ်ယူပြီး နို့ကျန်အနည်းငယ်ကို ပေးစို့တတ်၍ အများအားဖြင့်ဆိုလျှင် ဖော်ပြခဲ့သည့်အတိုင်း နွားမနို့ချပေးရန်မှတစ်ပါး ပို၍စို့ခွင့်မရရှာချေ။

ထို့ကြောင့် ကျွန်ုပ်တိုသည် နို့စားနွားမအုပ်စုထဲ၌ပိန်လှီသော နွားငယ် အခါလည်ကလေးများကိုမြင်ရခြင်းဖြစ်၏။

  ကိုစံခိုင်သည် သူ့ရှေ့တွင်ရှိသော နို့စားနွားမအုပ်စုကို ကြည့်လျှက် အထက်ပါအကြောင်းများကို ပြန်ပြောင်းတွေးတောကာ နွားသတ္တဝါမျိုးကို ဂရုဏာ ပွား​​ေနခြင်းဖြင့် သူ့အိမ်ကထမင်းဟင်းကိစ္စကို မေ့လျော့သွားလေသည်။

  ထို့နောက် နေလုံးပျောက်ပြီး မှောင်ရိပ်သန်းစပြုလာ၍ အိမ်ပြန်လာခဲ့တော့မှ ပြန်သတိရ၏။

  အင်း...မဖြစ် ဖြစ်သလို မျိုရတော့မှာပေါ့လေ။

  သူ့အိမ်ဝင်းထဲ ဝင်ခဲ့သော် နောက်ဖေး တန်း၌နေသော ကိုဖိုးတေ ဆိုသူသည် လက်တစ်ဖက်က ဒန်ချိုင့်ကလေးကိုကိုင်၍ တစ်ဖက်က အတာပုလင်းကလေးကို ကိုင်လာသည်ကို မြင်ရသဖြင့်

  "ခဗျား လက်ထဲက ဘာတွေတုန်းဗျ ကိုဖိုးတေ"

  ကိုဖိုးတေသည် ပေယဉ်းယဉ်းပြုံး၍.....

  "ပုလင်းထဲက​ေတာ့ ဟိုဒင်းလေး.....တစ်စိတ်ပါပဲ"

  ကိုဖိုးတေသည် အရက်ချက်ရောင်းသူ ဖြစ်၏။

 "ဒီဒန်ချိုင့်ကလေးကတော့ ခါလီပေါ့.....ကိုအောင်ခအိမ်နွားနို့ သွားယူမလို့"

 ကိုစံခိုင်သည် ကိုဖိုးတေလို အရက်သမားနွားနို့မကြိုက်ဘူး ဆိုတာသည်။

  "ဒီအချိန်ကြီးမှာ ခဗျားနွားနို့ ဘာလုပ်ဖို့လည်းဗျ....အရက်နဲ့များ ရောသောက်မလို့လား..."

  ကိုဖိုးတေ မျက်နှာကို ပစ်စလက်ခတ်ကြီးရှုံ့၍..

  "ကြံကြံဖန်ဖန်ဗျာ အိမ်ကယောက္ခမသူတော်ကောင်း တရားရှင်မကြီး အချိန်မတော်မှ ရောက်လာ​ပြီး သက်သက်လွတ် နွားနို့နဲ့မှ ပွဲတော်တည်ချင်တယ်ဆိုလို့ဗျ..." 

  ကိုစံခိုင်သည် နှာခေါင်းရှုံ့လိုက်ပြီး.....

  "လူများ အဲဒါခက်တာပဲ.... ဒါနဲ့ ဒီအချိန်မှကိုအောင်ခအိမ် နွားနို့ရပါအုံးမလားဗျ၊ သူတို့အားလုံး နွားမတွေညှစ်ပြီး ပို့လိုက်ကရော့ပေါ့.."

  ကိုဖိုးတေက သူ့ပုလင်းလေး မြှောက်ပြ၍....

  "ဟော့ ဒါနဲ့ဆိုကိုအောင်ခ အစိတ်သားလောက်တော့ သူ့နွားမတွေဆီက မရ ရအောင်စုညှစ်ပေးမှာပေါ့ဗျ၊ သွားမယ်ဗျာ"

  ကိုစံခိုင်သည် ကိုဖိုးတေနင့် လူချင်းမျက်နှာလွဲ၍ အိမ်ဘက်လှည့်လိုက်သည်နင့် ကြမ်ပြင်ထိုင်နေသော ဇနီးက....

  "ကိုစံ ကျွန်မလည်း နွားနို့အစိတ်သားယူထားတယ်"

  "ဟဲ့....ဘာလုပ်ဖို့လဲ...

  "ရှင် ခုည ထမင်းမြိန်မှာမဟုတ်တော့ အိပ်ရာဝင်ခါနီး နွားနို့ကလေး ဗိုက်ပြည့်အောင် 
သောက်လိုက်ဖို့လို့......"

  ယင်း၌ ကိုစံခိုင်သည် ရုတ်တရက်စိတ်ကူးပေါက်၍ လမ်းမသို့အမြန်ထွက်ကာ....

  "ကိုဖိုးတေ...ကိုဖိုးတေ.." ဟုလှမ်းခေါ်ကာ...

  "လာဗျို့..ပြန်ခဲ့ဗျို့ ခဗျားဖို့နွားနို့ ဒီမှာရှိတယ်..."

  ကိုဖိုးတေ ပြန်လာပြီး....

  "ခဗျား ဘယ်ကရတာလည်း..."

  "ကျုပ်သောက်မလားလို့ အိမ်ကမိန်မ ဝယ်ထားလိုက်တာတဲ့ဗျာ၊အဲ့ဒါ ကျုပ်မသောက်ဘူးခဗျားပဲယူတော့..."

  ယင်းအခိုက် ကိုဖိုးတေက အနည်းငယ် ငုံ့ပြီး...

  "ဒါပေမဲ့ ကျုပ်မှာပိုက်ဆံမရှိဘူး၊ ဟောဒါပဲပါတယ်.."

  "ကျုပ်လည်း အဲ့ဒါပဲလိုနေတာ.."

  ကိုစံခိုင်သည် အရက်ကို သောက်ခဲ့ဖူးပါသည်၊ယခုမှ ဘုရားလည်းမကြိုက် အများလည်းမကြိုက်၊ မယားလည်းမကြိုက် ဆို၍ ဖြတ်ထားခဲ့ခြင်းဖြစ်သည်။

  သို့သော် ယခုတစ်နပ်စာ ဝမ်းအဟာရအတွက်ကား နွားနို့ကို ​​သောက်သည်ထက် ဘယ်တိရိစ္ဆာန် ၏ ပယောဂမှ မပါသော အရက်ကိုသောက်ခြင်းက ပိုမိုမွန်မြတ်သည်ဟု ယူဆကာနွားနို့နင့် အရက်ကို လဲလိုက်ပေတော့သည်။

  ကိုစံခိုင်သည် ထိုညက အရက်တစ်စိတ်နင့်အလွန်တစ်ရာ ထမင်းမြိန်လှတော့၏။

  အိပ်ရာဝင်သောအခါ၌လည်း သူ့ယူဆချက်သူအင်မတန် ကျေနပ်လှတော့၏။

(မြဝတီမဂ္ဂဇင်း၊ ၁၉၅၈ခုနစ် စက်တင်ဘာလ)

 သော်တာဆွေ


No comments:

Post a Comment

ကင်းစောင့်

  ကင်းစောင့် “ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေ...