ကင်းစောင့်
“ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေးတွဲကား အိမ်ကဲ့သို့ပင် ခမ်းနားစွာ စီမံထားသောတွဲဖြစ်လေသည်။ စားပွဲ၊ ကုလားထိုင်၊ ဘီရို၊ ခုတင်မှ စ၍ အသုံးအဆောင် အပြည့်အစုံပါ၏။ ထို့ကြောင့် ယင်းအား “အိမ်သင်္ဘော” ဟူ၍ ခေါ်ဆိုကြသည် မဟုတ်ပါလော။ အလျား ပေ ၄၀၊ အနံ ၂၅ပေခန့် ရှိလေသည်။ နယ်ပိုင်ဝန်ထောက်မင်း တအိမ် ထောင် ကောင်းကောင်း ခရီးသွားနိုင်၏။
ကင်းစောင့်တွင် တပ်၍ထားသော ဥဩကား ခွေးအူသံကဲ့သို့ မြည်သောကြောင့် ဥဩဟူ၍ ရွာသူရွာသားတို့က အမည်ပေးထားလေသည်။ တရွာရွာတွင် ဆိုက်ကပ်ခါနီးတွင် ထိုဥဩကို မှုတ်စမြဲ။ နားကွဲလုမတတ်။
ဤဥဩသံကို ကြားလိုက်ရသည်နှင့်တပြိုင်နက် နယ်ပိုင်ဝန်ထောက်မင်း လာကြောင်းကို သိကြကုန်၏။ ဝန်ထောက်မင်း၏ရှေ့တော်ပြေးပေတည်း။ ရွာအတွင်းရှိကလေးအပေါင်း သောင်းသောင်းဖြဖြ ကမ်းနဖူးသို့ ပြေးဆင်း၍ လာကြကုန်၏။ သင်္ဘောကို ကြည့်ကာ အပျော်ကြီး ပျော်ကြလေသတည်း။ တယောက်ကိုတယောက် တွဲသူတွဲ၊ ပိုးသူပိုး၊ ချီသူချီ၊ ရယ်သူရယ်၊ လက်ပြသူပြ၊ ပျော်လိုက်တဲ့ဖြစ်ခြင်း။
ကင်းစောင့်၏ဥဩသံမှာ ရွာအတွင်းရှိ ကလေးများ၏ ပျော်ပါးရာကြီး ဖြစ်သော်လည်း ရွာသူရွာသားလူကြီးများ၏ ကြောက်ရွံ့ စရာကြီး ဖြစ်ပေသည်။ ၁၀၉ - ၁၁ဝ သမားတို့၏စိတ်ထဲတွင် ထိတ်၍သွားကြ၏။ လန့်၍သွားကြ၏။ ဘယ်သို့လုပ်ရမှန်းမသိ။ ပြေးရကောင်းနိုးနိုး၊ ဟုတ်၍ပင် ပြေးသလိုလို၊ ဣန္ဒြေမပျက် နေရကောင်းနိုးနိုး၊ အကယ်၍ ဖမ်းက မခက်ပေလော။ ရွာထဲရှိ ဘိန်းစားများကား နေမထိ ထိုင်မတတ်။
လူကောင်းများ၏ စိတ်ထဲတွင်ပင် ဘာတာတာ၊ နယ်ပိုင်မင်း အဘယ်ကြောင့် လာပါသနည်း။ အကြောင်းထူးမရှိဘဲ မလာတန်ရာ။ တီးတိုးစကား ပြောကြားကြ၏။ တအိမ်တက် တအိမ်ဆင်း သတင်းမေးမြန်းကြကုန်၏။
ရွာသူကြီး၏စိတ်ထဲတွင်မူကား ဆိုဘွယ်မရှိ။ တထိတ်ထိတ် တလန့်လန့်နှင့် နေ၏။ သူတကာ ရှောင်တိမ်းနေက ရသေး၏။ မိမိကား မရှောင်သာ မတိမ်းသာ။ ဝန်ထောက်မင်းရှိရာသို့ ရှေးဦးစွာ ရောက်ရမည့်သူဖြစ်လေသည်။ ဘာကြောင့် ဝန်ထောက်မင်း လာပါသလဲ။ မိမိအပေါ်တွင် စစ်ဆေးရန်ဘဲလား။ ဘာအကြောင်းကြောင့်ပါလဲ။ ဤသို့ တွေးကာ ဒူးတုန်လျက် နေတော့သတည်း။
ဤအကြိမ် နယ်ပိုင်ဝန်ထောက်မင်း၏ကင်းစောင့် ညံကွင်းရွာသို့ ရောက်ခြင်းကား လူခွန်တော်အတွက် ဖြစ်လေသည်။ ကင်းစောင့်၏ဥဩသံကို ကြားလိုက်ရသည်နှင့်တပြိုင်နက် လူခွန်မဆောင်ရသေးသော သူတို့မှာ မျက်လုံးပြူးမျက်ဆန်ပြူးလျက် နေကြကုန်၏။ မနေ့ကပင် မြို့ပိုင်မင်းလာ၍ ကြိမ်းမောင်းသွားချေသည်။ ယနေ့ နယ်ပိုင်မင်း ရောက်၍လာပြန်ပြီ၊ ယနေ့ လူခွန်မဆောင်လျှင် ဧကန်ပင် အဖမ်းခံရချေတော့မည်။ သူကြီး ဤအကြောင်း နံနက်ခင်းက ပြောသည်ကိုလည်း သဲ့သဲ့ကြားရ၏။ အဘယ်သို့ လုပ်ရအံ့နည်း။
ရွာသူကြီး သင်္ဘောဆိုက်ရာသို့ ပြေး၍ဆင်းသွား။ ကလေးများလည်း သူကြီးနှင့် တပျော်တပါး လိုက်ပါ၍ သွားကြကုန်၏။
ရွာသားတို့ကား ငွေ အမျိုးမျိုးရှာနေကြကုန်၏။ ချေးသူချေး၊ ကြက်ပေါင်သူတို့ ပေါင်၊ ဝက်ပေါင်သူတို့ ပေါင်၊ မိမိတို့ဝမ်းစာအတွက် ထားသော စပါး ငါးပိတို့ကို ပေါပေါနှင့် ရောင်းစားသူတို့က ရောင်းစား၊ သားကလေး သမီးကလေးများ ဝတ်ဆင်၍ထားသော ခြေကျင်း လက်ကောက်ကလေးများကို ဖြုတ်ကာ ပေါင်သူပေါင်၊ ကလေးများလည်း အော်ကာဟစ်ကာ ငိုယိုနေကြကုန်၏။ တရွာလုံး ဆူဆူ ညံညံ။ ကျွက်စီကျွက်စီ။
ငွေရှာ၍ ရသူတို့က တော်တော်စိတ်အေး၍ သွားကြကုန်၏။ သူကြီးလည်း လူခွန်တော် ပြေစာများနှင့် တခါတည်း ကင်းစောင့်အတွင်းသို့ ဆင်းသွားချေပြီ။ အခန်းထဲတွင် ဘာများ ပြောနေကြပါလိမ့်။ ဖမ်းဖိုများ အမိန့်ချမလား။ ဪ တရွာလုံး ခက်ကုန်တော့မည်။ ပေးစရာလည်း ငွေမရှိ။ ဟော သူကြီး အခန်းထဲက ထွက်လာပြီ။ မျက်နှာပျက်လှချေတကား။ ဘာများ ပြောလိုက်ပါလိမ့်။
သူကြီးလည်း ဆယ်အိမ်ခေါင်း မောင်သာပြောကို ခေါ်ကာ လူခွန်မဆောင်ရသေးသောသူများ နယ်ပိုင်ဝန်ထောက်မင်းထံ လာကြရန် ဆင့်ခေါ် စေ၏။ ဪ ဒုက္ခ... မုချပင် ဖမ်းတော့မည်။ ငွေရှာ၍ရသော လှမြတ်၊ ထွန်းသာ၊ အောင်သင်းတို့ ဆင်း၍ သွားကြလေသည်။ ဆောင်နိုင်သူများဟာကိုး။ (မဆောင်နိုင်သူတို့ကား အခက်ကြီးခက်နေကြပေသည်။ သင်္ဘောပေါ် ဆင်းသွားလျှင် မတော် နယ်ပိုင်မင်း ဖမ်းသွားက မခက်လော။ လူခွန် ငါးကျပ်အတွက် အဖမ်းခံရသည်မှာ ရှက်၊ ဆောင်နိုင်စရာလည်း အကွက်မပေါ်၊ အခက်တကာ့ အခက် မဟာအခက်တော်ကြီး ဖြစ်နေပြီ။
ထွန်းမောင်နှင့် အောင်ကျော်တို့ ရွာထဲတွင် မရှိ။ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြလေသည်။ ဘယ်ရောက်ကုန်ကြပါလိမ့်။ ခုဘဲရှိသေး။ တော်တဲ့အကောင်တွေ။ ဧကန္တ ရွာနောက်ဖေးတောထဲ ရောက်ကြကုန်ပေပြီ။
မောင်သာအေးနှင့် မောင်နီတာတို့ ခရီးလွန်နေကြသည်ဟု သူတို့အိမ်သားများ ပြောကြလေသည်။ ဘယ်ဟုတ်ရမတုံး။ မနက်ကဘဲ ရွာထဲလျှောက်နေတာ တွေ့ရသေးတယ်။ အိမ်ထဲ ဝင်ရှာယင် အခုတွေ့မယ်။
ဟော ကြည့်ပါအုံး။ လူတွေ ဝက်ကြီးတကောင်ကို တန်းလန်း တန်းလန်းနဲ့ ဆွဲလာတာ ဘာလုပ်မလို့ပါလိမ့်။ ဝက်ကြီးကို လူခွန်တော်အဖြစ် ဆောင်မလို့ ထင်ပါရဲ့။ ဝန်ထောက်မင်း မြင်ယင် အကန်ခံရတော့မှာဘဲ။ ဟ - မဟုတ်ဘူး။ တရုတ်ခေါက်ဆွဲဆိုင်ထဲ ဝင်သွားပြီ။ ဆိုင်မှာ သွားရောင်းတယ် ထင်ပါရဲ့။ ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဟော ငွေ ငါးကျပ် ကိုင်ပြီး ထွက်လာ။ ပြုံးလို့ပါလား။ သင်္ဘောထဲ ဆင်းသွားပေပြီ။
ဦးကျော်ဇံကြီးတော့ ခက်တော့တာဘဲ။ မယား သွေးဆုံးမီးယပ်စွဲနေတာလဲ ကြာလှပြီ။ အားကိုးအားထားဆိုလို့လဲ ဆွေမျိုးက မရှိ။ သည်လင်နှင့်သည်မယား။ တနေ့ရှာမှ တနေ့စား။ မယား မမာတော့ နပ်စေ့အောင်ပင် မစားနိုင်ရှာကြ။ အသက်အရွယ်တွေကလဲ ကြီးလှလေပြီ။ လင်က ငါးဆယ်ကျော်။ မယားက ငါးဆယ်နီးပါး။ ချေးငှါးလို့ကလဲ မရ။ ပိုက်ဆံကြေးငွေကလဲ ရှားပါး။ အားကြီး ခက်နေပြီ။ သူတကာ သနားမှ စားကြရ။ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ အထဲ မယားကလဲ မမာ။ လူခွန်တော်ကလဲလာ။ ဘယ်လိုမှ မတတ်နိုင်။ သူကြီးကလဲ တောင်း၊ မြို့ပိုင်ကလဲကြိမ်း။ ယခုလဲ ဝန်ထောက်မင်း ရောက်။ ရှောင်တိမ်းနေလို့လဲ ကိစ္စပြီးမှာ မဟုတ်။ ဟာ ဘာဘဲဖြစ်ဖြစ် ဝန်ထောက်မင်းထံ အတင်းဝင်၍ လျှောက်တော့မည်။ ဖမ်းချင်လဲ ဖမ်း။ အော်ချင်လဲ အော်။ ငေါက်ချင်လဲငေါက်။ မတတ်နိုင်တော့ပြီ။
နယ်ပိုင်မင်း မောင်လူအေးရှေ့သို့ ရောက်လျှင် မိမိ၏အဖြစ်အပျက်ကို သွက်သွက်ကြီး ရှိခိုးကာ လျှောက်ထား၏။ ဦးကျော်ဇံကြီး၏လျှောက်ထားသောအသံ၊ သူ့မျက်နှာထားတို့ကို မြင်လျှင် သူဆင်းရဲကြောင်းကို ချက်ခြင်း သိ၏။ ဦးကျော်ဇံကဲ့သို့ မိမိကိုယ်တိုင် ဖြစ်နေပါက မည်သို့နေအံ့နည်း။ ပေးစရာ စားစရာ ကြေးငွေကလည်း မရှိ။ အခွန်တော်ကလည်း ဖိမည်ဆိုလျှင် မခက်ပေလော။
အတန်ကြာအောင် စကားဆက်လက်၍ မပြောသေးဘဲ မိမိကိုယ်ကို ဦးကျော်ဇံ၏နေရာတွင် ထားကာ စဉ်းစားတွေးတောကြည့်၏။ စိတ်တမျိုး နူးညံ့ ၍လာ၏။ သနားစိတ်များ တဖွားဖွား ပေါ်ပေါက်၍လာ၏။ ချမ်းသာခွင့် ချက်ခြင်း ပေးလိုက်ချင်၏။ သို့သော် အစိုးရဘဏ္ဍာတော်ရေးက ရှိသေးသည်။ ဤတယောက်ပေးလိုက်က အားလုံး ဝိုင်းလာပြီးလျှင် ချမ်းသာခွင့် တောင်းကြပေလိမ့်မည်။ ရွာတိုင်းရွာတိုင်း၌ ချမ်းသာသူ မရှိ။ ဆင်းရဲသူတို့သာ များလေသည်။ အကယ်၍သာ ချမ်းသာခွင့် လျှောက်၍ပေးမည်ဆိုလျှင် ဘဏ္ဍာအရေး မအေးဘွယ်။ အခွန်တော် ကောက်ခံရန် အစိုးရက မိမိအား ခန့်ထားခြင်း ဖြစ်လေသည်။ ဤသို့ လျှောက်၍ ချမ်းသာခွင့် ပေးနေမည်ဆိုလျှင် မိမိဝတ္တရား အဘယ်မှာ ကျေတော့အံ့နည်း။ သနားခြင်းစိတ်နှင့် အလုပ်ဝတ္တရားတို့ကို လိုက်နာသောစိတ်တို့သည် သူတပြန် ငါတပြန် အနိုင်လုနေကြကုန်၏။
နောက်ဆုံး၌ ဝန်ထောက်မင်း ဤသို့ ဆို၏။
“ဘယ်လောက် ပေးနိုင်မလဲ”
ဦးကျော်ဇံ။ ။တပြားမှ မပေးနိုင်ပါ ဘုရား။
နယ်ပိုင်။ ။အစိုးရ အခွန်တော် အားလုံး လျှော့ရမှာ ခက်တယ်။
ဦးကျော်ဇံ။ ။ဘဲတကောင်တော့ဖြင့် ရှိပါဘုရား။
နယ်ပိုင်။ ။ဘဲ အလိုမရှိ။ ငွေတကျပ် ဆောင်နိုင်မလား။ ကျန်လေးကျပ်ကို ချမ်းသာခွင့် ပေးမယ်။
ဦးကျော်ဇံ။ ။တကျပ်လဲ မရှိပါ ဘုရား။
နယ်ပိုင်။ ။ဒါဖြင့် အခက်ဘဲ။
(အနားတွင် နားထောင်နေသော မောင်အိက ဝင်၍ ဦးကျော်ဇံအတွက် ကျွန်တော်မျိုး တကျပ်ပေးပါမယ် ဘုရား။ ကျန်လေးကျပ်သာ ခွင့်ပေးပါ။)
နယ်ပိုင်။ ။ကောင်းပြီ။ တကျပ်သာပေးတော့။ ကျန်လေးကျပ်ကို ချမ်းသာခွင့် ပေးလိုက်ပြီ။
ဦးကျော်ဇံ၏မျက်နှာသည် ရွှင်ပြုံး၍လာတော့၏။ ချက်ခြင်းပင် ဝန်ထောက်မင်းအား ရှိခိုး၍ ပြန်လေပြီ။ ဦးကျော်ဇံ၏စိတ်ထဲ၌ ဝန်ထုပ်ကြီး ကျ၍ သွားသကဲ့သို့ ပေါ့၍သွားလေပြီ။ လွတ်လပ်သောလူကြီး ဖြစ်၍သွားလေပြီ။ ရွာထဲတွင် ဝန်ထောက်မင်း ငွေ လေးကျပ် ချမ်းသာခွင့်ပေးကြောင်း သတင်းမှာ ကျော်ကြား၍သွားလေသတည်း။
------------------------------
#သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၃-ခု၊ တန်ခူးလ။