ငါးကင်စားသူများ
--------------------------
စာရေးဆရာမ- မစန္ဒာ
=================
အရင်တုန်းကတော့ ငါးစိမ်းမြင်လျှင် ငါးကင်ပစ်သည်ဟု ပြောကြသည်။ အခုတော့ ....
"ဘဝမှာ အများကြီးမမျှော်လင့်ပါဘူး။ အမိုး၊ အကာ၊ အခင်း လုံလုံခြုံခြုံ ရှိတဲ့ နေစရာကလေး တစ်နေရာရယ်၊ နေ့စဉ် သင့်သင့်တင့်တင့် စားနေနိုင်တဲ့ ဝင်ငွေကလေးရယ်၊ နောက်ပြီး နောက်ပြီးတော့ ကိုကိုမောင်ရယ်... ရှိရင် တော်ပါပြီ”
ထားနွယ်က ထိုသို့ပင် မကြာခဏ တမ်းတမိသည်။ ကိုကိုမောင့်ကိုလည်း တီးတိုး ပြောပြဖူးသည်။
"ဖြစ်လာမှာပေါ့ ထားနွယ်ရယ်”
ကိုကိုမောင်က ခပ်ယဲ့ယဲ့ ပြုံးရင်း နှစ်သိမ့်စကားကို ဆိုလေသည်။
"ထားနွယ် အသက်အစိတ် ရှိနေပြီကိုကိုမောင်ရယ်။ ဆယ်တန်းကိုလဲ ဆက်ဖြေမနေချင်တော့ပါဘူး"
“ကိုကိုမောင်လဲ နှစ်ဆယ့်ရှစ်နှစ်ရှိပြီ"
“မငယ်ကြတော့ဘူးနော်”
ထားနွယ်က ပင့်သက်ကို မသိမသာရှိုက်ရင်း ကိုကိုမောင့်ကို အားကိုးတကြီး ကြည့်သည်။ ကိုကိုမောင်ကတော့ ထားနွယ်ကိုမကြည့်ဘဲ ထားနွယ်လက်ထဲတွင် ကိုင်ထားသော စျေးခြင်းထဲမှ ကန်စွန်းရွက်များကို ငေးကြည့်နေလေသည်။ ထို့နောက်တော့ နှစ်ဦးသား တိတ်ဆိတ်စွာ ဆက်ပြီး လျှောက်လာကြသည်။ လမ်းထိပ်ရောက်တော့ ထုံးစံအတိုင်း လမ်းခွဲသည်။
"သွားမယ် ထားနွယ်။ နက်ဖြန်ကျရင် ဈေးရှေ့မှာစောင့်မယ်နော်"
ကိုကိုမောင်က ထုံးစံအတိုင်း နှုတ်ဆက်သည်။ ထားနွယ်ကလည်း ထုံးစံအတိုင်း ခေါင်းညိတ်ပြရင်း ...
"ဟုတ်ကဲ့'
ဟု တိုးတိုးလေးပြောသည်။
"အင်း..တစ်နေ့ ပြီးသွားပြန်ပြီ။ ဒီလိုနဲ့ပဲ နေ့ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးပြီ။ ဒီလိုနဲ့ပဲ နေ့ပေါင်းများစွာကို ဆက်ပြီး ကျော်ဖြတ်နေရဦးမှာပဲ ထင်ပါရဲ့"
ထားနွယ်က မြေကြီးကို စိုက်ကြည့်ကာ ခေါင်းငိုက်စိုက်နှင့် လမ်းလျှောက်ရင်း တွေးသည်။ ကိုကိုမောင်၏ အချစ်ကို ထားနွယ်လက်ခံခဲ့သည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သည်။ ထားနွယ်စျေးပြန်လျှင် သူက ဈေးရှေ့မှ စောင့်သည်။ ထို့နောက် ထားနွယ်နှင့်အတူတူ လမ်းလျှောက်ရင်း စကားပြောသည်။ လမ်းထိပ်ရောက်တော့ လမ်းခွဲသည်။ ဒီလိုနှင့်ပင် တစ်နေ့တစ်နေ့ ကုန်လွန်ခဲ့သည်။ တစ်ခါတစ်ရံ ရုပ်ရှင်အတူ ကြည့်ရန် ချိန်းသော်လည်း ထားနွယ် မသွားနိုင်ခဲ့။ ထားနွယ်က အိမ်လာလည်ရန် မဝံ့မရဲ ခေါ်သော်လည်း သူက မလာလိုပြန်။
“ကိုကိုမောင် နေကောင်းရဲ့လား”
“ထားနွယ်ကော နေကောင်းရဲ့လား "
"မနေ့ညက အိပ်လို့မပျော်ဘူး။ ခေါင်းတွေအုံပြီး ခဲနတယ်"
"ကိုကိုမောင်လည်း မအိပ်ရဘူးကွယ်။ အစ်မရဲ့သား အငယ်ကောင် တာတူးက တစ်ညလုံး အီတယ်ကွာ။ လေဆန်နာ ထတာဆိုလား"
"လေဆန်နာဆိုရင် အိမ်မှာ ဆေးရှိတယ်။ မိဂျူးလေးတုန်းက အဲဒီဆေးနဲ့ ပျောက်တာပဲ"
စသော စသော စကားများသည် ရင်ခုန်ဖွယ် မကောင်းလှသည်ကတော့ အမှန်ပင်။ လူသူမပြတ်လှသော လမ်းမပေါ်တွင် လျှောက်သွားရင်း…
'ချစ်လိုက်တာ ထားနွယ်ရယ်'
ဟု ပြောရန်လည်း မသင့်တော်လေတော့ သူတို့နှစ်ဦးလုံး
“တာတူး နေကောင်းသွားပြီလား ကိုကိုမောင်”
စသည့် စကားများနှင့်ပင် ပြီးရတော့သည်။ အာလူးနှင့်တာတူးတို့သည် ကိုကိုမောင်၏ တူကလေးများဖြစ်ပြီး မစူး၊ မဂျူးနှင့် မတူးတို့သည် ထားနွယ်၏ တူမလေးများဖြစ်သည်။
ကိစ္စအထူးရှိလျှင်တော့ ကိုကိုမောင်က ဝတ္ထုစာအုပ် ကြားထဲတွင် စာညှပ်ပြီး ပေးတတ်သည်။
သို့သော်လည်း ကိုကိုမောင်က အစ်မအိမ်တွင် နေရင်း ရုံးတွင် ဘွဲ့ရ အလုပ်သင်ဘဝဖြင့် ရုံးတက်လိုက် ရုံးဆင်းလိုက် လုပ်နေရသူ ဖြစ်သည်။
သူ့ဘဝက မြို့ပတ်ရထားကြီးစီးနေရသလို ငြီးငွေ့ဖွယ်ကောင်းလှသည်။ ထားနွယ်၏ဘ၀ကကော၊ အစ်ကို၏အိမ်တွင် အတူနေရင်း အစ်ကိုနှင့် ယောက်မတို့၏ ဝေယျာဝစ္စများကို ကူလုပ် သူတို့၏ကလေးများကို ထိန်းနှင့် သံသရာလည်နေရသောဘ၀မို့ ထူးခြားချက် ဘာမျှ မရှိလှပေ။ သူက နေ့စဉ်မှတ်တမ်းစာအုပ်ကလေးတွင်ပင်
ကိုကိုမောင်နှင့် ဈေးမှာတွေ့သည်။ မတူးစာမေးပွဲ နီးပြီ။
မဂျူး ဖျားနေသည်။ အစ်ကို အိုဗာတိုင်ဆင်းရသည်။
အိမ်တွင် ငါးပိကုန်နေ၍ ညနေတစ်ခေါက် စျေးထပ်သွားရသည် စသည်များကိုသာ မှတ်စရာရှိသည်။
"အောင်မယ်လေးဟဲ့ မထားထားနွယ်၊ မြေမပြိုပါဘူး။ သွက်သွက်ကလေး လှမ်းခဲ့စမ်းပါ။ နောက်ဖေးမှာ ထမင်းအိုးဆူနေပြီ။ ပျော့ပြီး ပြဲတောင်နေပြီလား မသိဘူး"
အိမ်ရှေ့ကပြင်တွင် အငယ်ဆုံးမလေး မတူးကို အီအီးတည်နေသော ယောက်မဖြစ်သူ မမရွှေက ဆီးအော်သည်။ အတွေးထဲတွင် နစ်နေသော ထားနွယ်သည် သူ့လက်ထဲမှ စျေးခြင်းကြီးကို ကပြင်တွင် ယောင်ယမ်းချလိုက်ပြီး မီးဖိုထဲ သွက်သွက်ပြေးဝင်သည်။ တပွက်ပွက် ဆူနေသော ထမင်းအိုးကို ဖိုပေါ်မှ ကမန်းကတန်း ချလိုက်သည်။ ယောက်မနှင့်မွေကာ စမ်းကြည့်ပြီးမှ သက်ပြင်းချလိုက်မိသည်။
"ဟူး တော်ပါသေးရဲ့ သိပ်မပျော့သေးပါဘူး"
ထားနွယ်က ထမင်းရည်ခံသောအိုးကို ရေနှင့် ထပ်ဆေးလိုက်ပြီးမှ ထမင်းရည် ထည့်သည်။ နေ့ခင်းဆာလျှင် ထမင်းရည်ကို ဆားခတ်ပြီး သောက်ရမည်။ မတူးကိုတော့ သကြားလေးနည်းနည်းမွှေကာ တိုက်သည်။ ထားနွယ်က အကျင့်လုပ်ထားသောကြောင့် ကလေးသုံးယောက်စလုံး ထမင်းရည်ကြိုက်တတ်နေကြပြီ ဖြစ်သည်။
"ဘာတွေများ စဉ်းစားလာတာလဲ ထားနွယ်ရယ်။ စျေးခြင်းကြီးကိုလဲ အိမ်ရှေ့မှာ ချထားခဲ့တယ်"
မမရွှေက ကလေးကို ခါးထစ်ခွင်ချီရင်း၊ စျေးခြင်းကို ဆွဲလာသည်။ ထားနွယ်က ရှက်ပြုံးကို မသိမသာ ပြုံးရင်း တစက်စက်ကျနေသော ထမင်းရည်များကို ကြည့်နေလိုက်သည်။
"မတူး ဝမ်းပျက်နေတယ်သိလား၊ နင် စျေးသွားနေတုန်းမှာပဲ နှစ်ခါတောင်သွားတယ်။ အရည်တွေ"
"ဟုတ်လား အစာများ မကြေဘူးလား မသိဘူး။ ဒီနေ့တော့ ဆန်ပြုတ်ပဲ ကျွေးလိုက်မယ်လေ။ ကြက်သွန်ဖြူကတော့ တစ်ဥတည်းပဲ ရှိတော့တယ်"
"ရှိတာပဲ ထည့်ပေါ့ဟယ်'
ယောက်မဖြစ်သူက အခါတိုင်းလို ကြက်သွန်ဖြူက ဘယ်ဈေး၊ ကြက်သွန်နီက ဘယ်ဈေးတွေကို ပြောမနေတော့ပေ။ ဈေးခြင်းထဲမှ ကန်စွန်းရွက်များကို ဆွဲဖယ်ကာ အောက်ဘက်တွင်ပါလာသော တီလားဗီးယားငါးခြောက်ကောင်ကို ဆွဲထုတ်သည်။
"ဒီနေ့တော့ ရုံးမှာ ထမင်းစားတဲ့အချိန် မဆာသေးဘူးဆိုပြီး နောက်ကျမှ တစ်ယောက်တည်း စားရမယ်”
"ဘာဖြစ်လို့လဲ မမရွှေ"
"အောင်မယ်လေး ရုံးကဟာမတွေ သူတို့အိမ်မှာတော့ ဘာစားတယ် မသိဘူး၊ ငါစားတဲ့ ငါးတွေကိုတော့ သူတို့က မစားတတ်ဘူးတဲ့။ အရိုးများသတဲ့၊ အသားမာသတဲ့။ ဟင်း တစ်နေ့လောက်ကျတော့မှ ကြက်သားဟင်းတစ်ဂျိုင့်လုံးလုံးပြည့်အောင် ချက်သွားပြီး ချကျွေးပစ်လိုက်ဦးမယ်။ ဟင်း.... ထီပေါက်မှ ထီပေါက်မှ"
"မမရွှေကလဲ အမြင်ကတ်တယ်ဆို ဘာလို့ ကျွေးဦးမှာလဲ"
"ဟဲ့…ငါက သဒ္ဓါလို့ ကျွေးတာမဟုတ်ဘူး။ စေတနာရှိလို့လည်း မဟုတ်ဘူး။ အမြင်ကတ်လို့ ကျွေးတာ။ သူတို့ကျွေးလို့ ဘာကုသိုလ်မှ မရဘူးဆိုတာ သိသားပဲ။ ရော့ မတူးကိုခေါ်စမ်း သမီး။ အဲဒီနားမှာ ခဏထိန်းထား။ မေမေ ငါးကိုင်လိုက်ဦးမယ်။ ကဲ…အိမ်သာထဲက ကိုယ်တော်ကြီးကရော အီးနံ့ချီးနံ့ ရှုလို့မဝသေးဘူးလား။ ကလေးကို ခဏတဖြုတ်များ ကူထိန်းပေးပါဦး။ မနက်တိုင်း ဂျင်ကလယ်ရိုက်တာ သိသားနဲ့၊ အိမ်သာထဲ ဝင်သွားလိုက်ရင် ထွက်မလာတော့ဘူး...."
မမရွှေက အိမ်သာထဲမှ ထားနွယ်၏အစ်ကိုကိုပါ လှမ်းဆူသည်။ မိုးလင်းသည်နှင့် မဂ္ဂဇင်းစာအုပ်ကိုကိုင်ပြီး အိမ်သာထဲ ဝင်သွားသော အစ်ကိုကလည်း သူ့မိန်းမ၏အသံကြားမှ အိမ်သာထဲမှ ထွက်ရန် အချိန်တော်ပြီဖြစ်ကြောင်း သတိရဟန်တူလေသည်။
"မပြီးသေးလို့ပေါ့ကွ။ ချေးနံ့ရတာ ဇိမ်ရှိတယ် အောက်မေ့လို့လား"
"ဇိမ်မရှိပေမယ့် ကလေးထိန်းရတာထက်တော့ သက်သာတယ်။ မဟုတ်လား”
"ကလေးထိန်းရတာ ယောက်ျားအလုပ် မဟုတ်ဘူးကွ”
အစ်ကိုက အိမ်သာထဲမှ ထွက်လာသည်။ မဂ္ဂဇင်းစာအုပ်ကို ချိုင်းကြားညှပ်ပြီး ပုဆိုးကို ပြင်ဝတ်သည်။
မိန်းမက မျက်စောင်းလှမ်းထိုးသည်ကို မသိကျိုးကျွန်ပြုရင်း ခုနှစ်နှစ်သမီး မစူး၏လက်ထဲမှနေပြီး ဇလုံထဲမှ ငရုတ်သီးခြောက်တွေကို မမီမကမ်း လှမ်းဆွဲနေသော မတူးကို ဆွဲပြီး ချီလိုက်သည်။
မီးဖိုထဲမှမထွက်မီ စဉ်းတီတုံးပေါ်မှ တီလားပီးယား ငါးများကို စောင်းကြည့်ပြီး နှာခေါင်းကို မသိမသာ ရှုံ့သွားသည်။ ထားနွယ်ကမူ အစ်ကို့အား လှမ်းကြည့်ရင်း ရယ်ချင်သည့်အထဲမှ စိတ်မကောင်းဖြစ်သွားသည်။
တီလားပီးယားတို့ ငါးလူးတို့ ငါးပုတ်သင်တို့ကို အစ်ကို မကြိုက်မှန်းသိသော်လည်း ထားနွယ် ဘာမျှမတတ်နိုင်။ ငါးဖယ် တို့ကြည့်လိုက်၊ ငါးမြင်း ကိုင်ကြည့်လိုက်နှင့် နောက်ဆုံးတော့ မွေးမြူရေးဆိုင်ရှေ့တွင်ပင် ရပ်ရတော့သည်။
စျေးခြင်းကလေးထဲသို့ တီလားပီးယားငါးတွေ ပစ်ချရသည့် အကြိမ်ပေါင်းလည်း မနည်းလှပြီ။ စျေးခြင်းတောင်းကလေးသာ စကားပြောတတ်လျှင် "ဟော…မိတ်ဆွေကြီးတို့ကိုး ....လာကြပါ လာကြပါ" ဟု ဆီး၍ကြိုလေမည်လား။ "မလာကြပါနဲ့တော့ဗျာ၊ သူများကိုများ အလှည့်ပေးပါဦး။ ကိုရွှေကြက်တို့ကလဲ ကျွန်တော့်ဆီ တစ်ခါတလေများ လာမလည်တော့ဘူးလား" ဟု ပြောလေမည်လား။ ထားနွယ် မဝေခွဲတတ်ပေ။
"ဒေါ်လေး ထမင်းကြော်စားမယ်"
"အေး…အေး"
ထားနွယ် ထမင်းအိုးကို တစ်ချက်နှစ်ချက် ဆောင့်ကာ မီးဖိုပေါ် ပြန်တင်သည်။ ဆီခြောက်ခြောက်နှင့် ကြော်ထားသော ထမင်းကြော်ဝါဝါများပေါ်သို့ ဈေးထဲမှဝယ်လာသော ပဲပြုတ်ငါးကျပ်သားကို ဖြန့်ထည့်လိုက်သည်။
"ထမင်းကြမ်းအကျန်နည်းလို့ ထမင်းကြော်နည်းသွားတယ်”
"ရပါတယ်။ ရုံးသမား ကျောင်းသမားတွေ မျှတစားသွားကြ။ ကျွန်မက မဆာပါဘူး။ မနက် ထမင်းစောစောစားလိုက်ရင် ပြီးတာပဲ"
ထားနွယ်က နားလည်ခွင့်လွှတ်စွာ ပြောသည်။ သူက အိမ်မှာကျန်သူမို့ မရှိ ရှိတာလေးနှင့် နယ်ဖတ်စားလိုက်လျှင် ပြီးသွားသည်သာ ဖြစ်သည်။ အကျင့်ဖြစ်နေတော့လည်း မနက်စောစော ရေဝ၀တစ်ခွက်သောက်ပြီး ကိုးနာရီအထိ ဘာမျှမစားဘဲ နေနိုင်သည်။
" ဒီလ ရုံးမှာ သကြားရမယ်တဲ့”
"ဖယောင်းတိုင်ရော မရဘူးလားဟင်"
"အေးဟယ်။ ရမယ်တော့ ပြောတာပဲ"
"မစူးတို့က စာမေးပွဲ နီးလှပြီ။ မီးကလဲ ခဏခဏပျက်နဲ့"
"ဒီလိုပါပဲအေ။ သူများရပ်ကွက်တွေလဲ မထူးပါဘူး "
အခုတော့လည်း ထားနွယ်၏ယောက်မ မမရွှေသည် မီးပျက်သည့်ကိစ္စကို ထမင်းစား ရေသောက် အိမ်သာတက်ရသော ကိစ္စတစ်ခုလို ဖြစ်မြဲပြုမြဲအလုပ်ဟု သဘောထားလိုက်ပုံရသည်။ ဒါမှမဟုတ် ထီတွေ သုံးလေးစောင်ထိုးပြီး ထီအားကိုးနှင့် စိတ်ချမ်းသာနေသည်လားတော့ မပြောတတ်ပေ။
"ထီပေါက်မှ မှန်အိမ်တစ်လုံးလောက် ဝယ်ထားဦးမယ်"
မမရွှေက ငါးများကို ဆား နနွင်း အပြင် အချို့မှုန့်ကလေးပါ နည်းနည်းထည့်ပြီး နယ်သည်။
"မမရွှေကလဲ မှန်အိမ်ကို ဘာနဲ့ ထွန်းမှာလဲ"
"ရေနံဆီနဲ့ပေါ့ ”
မမရွှေက အားရပါးရပြောရင်း ရပ်သွားသည်။ ထို့နောက် ထားနွယ်ကိုလှည့်ကြည့်ကာ ရယ်သည်။
"ထီပေါက်ပါတယ် ဆိုမှအေ၊ ရေနံဆီ တစ်ပုံးလောက်လဲ ဝယ်ထားနိုင်ရမှာပေါ့ "
"မေမေ၊ သမီးလဲ နှစ်ထပ်ကွန်ပါဘူး ဝယ်ပေးနော်”
“အေး၊ ဝယ်ပေးမယ်"
“နောက်ပြီး လျှပ်စစ်ထမင်းအိုး"
ထားနွယ်က ဖြည့်စွက်သည်။ မမရွှေက အလွယ်တကူ ခေါင်းညိတ်သည်။
"အသားပေါင်းတဲ့ အိုး"
"ဝယ်တာပေါ့ ဒါနဲ့ ဘာကိုပေါင်းစားမှာလဲ၊ တလားပီးယားတွေလား"
"အိုး မမရွှေကလဲ ထီပေါက်မှတော့ ကြက်တွေ ဘဲတွေ ပေါင်းကြတာပေါ့"
"အဲ ဟုတ်သားပဲ"
သူတို့သုံးဦးလုံး ရယ်မိကြသည်။ ဆိတ်ခြွေပြီးသော ကန်စွန်းရွက်များကို ထားနွယ်က ပလပ်စတစ်ပုံးထဲသို့ ထည့်၍ ရေဆေးသည်။ ကန်စွန်းရွက်ကို ကြော်ရမလား၊ ချက်ရမလား စဉ်းစားရင်း ကိုကိုမောင့်ကို ဖျတ်ခနဲ သတိရမိသည်။
ကိုကိုမောင်ကလည်း မမရွှေလိုပင် မကြာခဏ ထီထိုးတတ်သူ ဖြစ်သည်။ ပထမတုန်းကတော့ "မြေဝယ် အိမ်ဆောက်ရန်" ဟု အတိတ်ရေးသည်ဟု ဆိုသည်။ နောက်တော့ "ကိုယ့်ဟာကိုယ် ဆောက်ရရင် မလွယ်ဘူး။ သူများဆောက်ပြီးသားပဲ ဝယ်တော့မယ်" ဟု ရေးပြန်သည်။ "ခုတော့ ငွေတစ်သိန်းနဲ့ အိမ်ဝယ်လို့ရတော့မယ် မထင်ပါဘူးကွယ်။ စပေါ်တောင် အနိုင်နိုင် တင်ရမှာ”ဟု ညည်းကာ "စပေါ်တင်ရန်"ဟု ရေးပြန်လေသည်။
သို့သော်လည်း ဘယ်အတိတ်နှင့် ထိုးထိုး ထီက မပေါက်လေတော့ မြေလည်းမဝယ်နိုင်၊ အိမ်လည်းမဆောက်နိုင်၊ စပေါ်လည်း မတင်နိုင်မို့ သူက အစ်မအိမ်တွင်နေ၊ ကိုယ်က အစ်ကိုအိမ်တွင် နေပြီး ကပ်ပါးဘဝနှင့် အိုပြီးသေရတော့မည်လားတော့ မသိ။
တူနှစ်ကိုယ်နီးဖို့တော့ ခရီးက ဝေးသေးသည်။ တစ်လတစ်လ သူရသော လခကလေးကလည်း စုဖို့နေနေသာ သူ့ဟာသူ သုံးဖို့ပင်မလောက် ။
အစ်မအိမ်မှာ အလကားစားနေတော့ ကလေးများကို စာအုပ်က အစ၊ ခဲတန်ချွန်စက်တို့ လိုသမျှ တတ်စွမ်းသမျှ ဝယ်ပေးချင်သည်။ ပေးလည်းပေးခဲ့သည်။ ဒီတော့လည်း လကုန်ခါနီးလျင် ယောက်ဖမသိအောင် အစ်မဆီက နှစ်ဆယ် အစိတ်မျိုး ပြန်ပြီး ဆွဲရလေသည်။
ထားနွယ်အတွက်တော့ အားကိုးအားထားပြုဖို့ရာ တယ်မလွယ်လှပေ။
"ဒီတစ်ခါ ကြုံရင် ကျွန်မအတွက် ထီတစ်စောင်လောက် ထိုးခဲ့ပေးပါ မမရွှေ"
“အတိတ်ကို ဘယ်လိုရေးရမလဲပြော”
မမရွှေက ကျီစယ်သော အသံနှင့် မေးသည်။ မစူးက တိုးတိုးလေး ဝင်ပြောသည်။
"ယောက်ျားယူရန်လို့ ရေးလိုက် မေမေ"
ထားနွယ်က မသိမသာ မျက်စောင်းထိုးတော့ မစူးက ဇက်ကလေး ပုဝင်သွားသည်။ ထားနွယ်ကို ရယ်ကျဲကျဲနှင့် ကြည့်သည်။
"အဟုတ် ရေးလိုက်ရမလား ထားနွယ် "
မမရွှေက ထပ်မေးသည်။ ထားနွယ်က တောက်တီး တောက်တဲ့ ဟု ပြောကာ မမရွှေ၏ စူးစမ်းသော မျက်လုံးများကို လွှဲဖယ်နေလိုက်သည်။
ကိုကိုမောင်နှင့်ထားနွယ်တို့၏ ဇာတ်မျောကြီးကိုတော့ မမရွှေတို့သာမက တစ်ရပ်ကွက်လုံး သိနေကြသည်မို့ ထူးပြီး ရှက်စရာတော့ မရှိလှပေ။ ကိုကိုမောင်၏အစ်မက ထားနွယ်ကို ချစ်ချစ်ခင်ခင်ရှိသည်။ “ကောင်မလေးက တော်ပါတယ်” ဟု ပြောလေသည်။ အစ်ကိုနှင့် မမရွှေတို့ကလည်း ကိုကိုမောင်အား "ကောင်လေးက မဆိုးပါဘူး” ဟု ပြောသည်။ "နင်တို့တွေ မယူကြသေးဘူးလား" ဟုလည်း ကျီစယ်လေ့ရှိ သည်။ သို့သော် “မင်းတို့လက်ထပ်ပြီးရင် ဒီမှာပဲ လာပြီး နေကြလေ" ဟုကား မည်သူကမျှ မပြောပေ။
ပြောလျှင်လည်း ပြောပြောသာ ဖြစ်မည်ကိုတော့ သူတို့ သိသည်။ သူတို့၏ အိမ်ဂေဟာများက မျက်နှာစာ ဆယ့်တစ်ပေ ရှိသော အခန်းရှည်ကလေးများဖြစ်သည်။ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုနှင့် အိမ်သာ စီတန်းပြီး ရှိသည်။ နောက်ထပ် လင်မယားတစ်စုံ တိုးလာလျှင် မည်သည့် နေရာတွင် သွား၍အိပ်ရမည်နည်း။ စေတနာရှိလွန်း၍ အခန်းဖွဲ့ ပေးချင်လျှင်ပင် ဖွဲ့ပေးစရာနေရာ ရှာမတွေ့။ ယခုပင်လျှင် နေ့ခင်းတွင် ဧည့်ခန်းအဖြစ် အသုံးပြုသော အခန်းသည် ညအချိန်တွင် ထားနွယ်နှင့် ကလေးများအတွက် အိပ်ခန်းအဖြစ် အသွင်ပြောင်းရလေသည်။
ကိုကိုမောင်ကလည်း မထူး။ ညဉ့်နက်အောင် စကားပြောတတ်သော ဧည့်သည် စောင်သည် လာလျှင် မီးဖိုချောင်တွင် ခေါင်းအုံးကြီးပိုက်ပြီး ငုတ်တုတ်ငိုက်ရသော အိမ်ရှေ့စံမင်းသားကြီးသာဖြစ်သည်။
"ထားနွယ် အသက်လဲ အစိတ်ပြည့်တော့မယ်နော်”
မမရွှေက မေးတော့ ထားနွယ်သည် ကန်စွန်းရွက်များကို ဆန်ခါထဲ ဆယ်ထည့်ရင်း ခေါင်းညိတ်သည်။
“အသက်အစိတ်မှာ ပုခက်မချိတ်ရရင်တော့ တစ်သက်မနိပ်တော့ဘူးတဲ့"
မမရွှေကပြောတော့ တူမငယ် မစူးက ခွိခနဲ ရယ်သည်။ ထားနွယ် ပြုံးမိသော်လည်း ငိုချင်သည်။
"ချိတ်စရာနေရာမှ မရှိဘဲ မမရွှေရယ်”
ထားနွယ်က သက်ပြင်းကို တိတ်တခိုး ရှိုက်မိသည်။ သူ ဆယ့်ငါးနှစ်သမီးကတည်းက ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြသော အဖေနှင့် အမေကို သတိရသည်။ "သူများမိဘတွေလို အမွေအများကြီး မပေးနိုင်ရင်တောင် စိန်နားကပ်ကလေးတစ်ရံ၊ စိန်လက်စွပ်လေး တစ်ကွင်းလောက်တော့ ပေးခဲ့ရောပေါ့ အဖေတို့၊ အမေတို့ရယ်" ဟု ရင်ထဲမှ ပြောမိသည်။ ဒါဆိုလျှင် ရှိတာလေးကိုထုခွဲပြီး မြို့သစ်တစ်နေရာတွင် နေစရာကလေးတစ်နေရာလောက်တော့ တတ်နိုင်လိမ့်မည် ထင်သည်။ အခုတော့ နားထဲတွင် ပန်ထားသော ကျောက်နီနားကပ်ကလေးမှ လွဲ၍ ဘာဆိုဘာမျှ မရှိ၊ ဒီနားကပ်ကလေးကလည်း ရွှေပါးပါးလေးမို့ တန်လှ လေးငါးခြောက်ရာလောက်သာ ရှိမည်ဟု မမရွှေက ပြောလေသည်။
"အေး အဲဒါလဲ ဟုတ်တာပဲ။ သူ့မှာရော ငွေလေး ဘာလေး စုဆောင်းထားတာ မရှိဘူးတဲ့လား "
“မထင်ပါဘူး မမရွှေရယ်”
"သူ့အစ်မကရော မတတ်နိုင်ဘူးတဲ့လားဟယ်”
မမရွှေက အပြစ်တင်သံနှင့် ပြောသည်။ ခေါင်းငုံ့ထားသော ထားနွယ်ကိုကြည့်ရင်း ပင့်သက်ရှိုက်သည်။
“အေးလေ သူတို့လဲ ငါတို့လိုပဲနေမှာပေါ့။ ငါတို့လဲ ဒီလိုပဲ ဒလိန်းထိုးနေကြတာပဲ။ ဒီအခန်းလေးတောင် အိမ်လခ တိုးတောင်းနေပြီ။ အိမ်ရှင်က နှင်ချင်နေပြီ "
လွန်ခဲ့တဲ့ ဆယ်နှစ်က ငှားထားသော အခန်းလေးဆိုတော့ စပေါ်က အတော်သက်သာသည်။ အခုလို အိမ်လခတွေ၊ စပေါ်တွေ အဆမတန် ဈေးတက်လာတော့ အိမ်ရှင်က မကြည်ဖြူသည်မှာ သိပ်တော့ မဆန်းလှပေ။ သူ့ခမျာလည်း လောဘသားပေမို့ စပေါ်တိုး လိုချင်မည်၊ အိမ်လခ တိုးတောင်းချင်မည်ကတော့ ဓမ္မတာပင်ဖြစ်သည်။ မမရွှေတို့ကလည်း အိမ်လခသာ မှန်မှန်ပေးနိုင်သည်။ စပေါ်ကိုတော့ တိုးမပေးနိုင်။ ပေးစရာလည်း ငွေမရှိ။ လင်မယားနှစ်ယောက်လုံး အလုပ်လုပ်နေသော်လည်း သူတို့ဝင်ငွေက အိမ်လခ ပေး၊ သားသမီး ကျောင်းထား၊ နေ့စဉ် စားရသည်နှင့်ပင် ကုန်သည်။ တစ်လနေလို့မှ အင်္ကျီ တစ်ထည်၊ ပုဆိုးတစ်ထည် မဝယ်နိုင်သည်ကိုလည်း ထားနွယ်အသိပင်။
“မီးဖိုအားရင် ကန်စွန်းရွက်ကြော်လိုက်တော့ ထားနွယ်ရေ။ ချဉ်ရည် ချက်နေရင် ရုံးတက်ဖို့ မီမှာမဟုတ်ဘူး။ ငါရေချိုးတော့မယ်"
မမရွှေက နေရာမှ ထသည်။ ကြောင်အိမ်ပေါ်တွင် စီပြီးမှောက်ထားသော ထမင်းဘူးများကို ယူကာ စားပွဲဝိုင်းပေါ်တွင် ချသည်။
"အစ်ကိုရေ.....ဘယ်နှစ်နာရီထိုးပြီလဲ" ဟု တဆက်တည်း လှမ်းမေးသည်။
"ခုနစ်နာရီခွဲတော့မယ်"
မတူးကို ပေါင်ပေါ်တင်ရင်း သမီးအကြီးနှစ်ယောက်လိမ်းရန် သနပ်ခါးသွေးပေးနေသော အစ်ကိုက ပြန်အော်သည်။ မစူးနှင့်မဂျူးက သူ့အဖေဘေးတွင် ငုတ်တုတ်ထိုင်ကာ သနပ်ခါးလိမ်းရန် စောင့်နေကြသည်။
ခုနစ်နာရီမခွဲသေးဘူးဆိုတော့ လောနေသော မမရွှေက အတန်ငယ် ပြန်နှေးသွားသည်။ ရေချိုးခန်းထဲ မဝင်သေးဘဲ ထမင်းဘူးတွေထဲသို့ ထမင်းထည့်သည်။
"နင်က နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာကိုး ထားနွယ်ရဲ့ ။ ငါတို့ ရုံးက ကိုစိုးမောင်ကြီးကိုတော့ နင်က ရှိတယ်တောင် မထင်ဘူး”
"မမရွှေကလဲ"
ကိုစိုးမောင်သည် မမရွှေတို့ရုံးက ရုံးအုပ်ကြီးဖြစ်သည်။ သူ့မိန်းမ ဆုံးသွားသည်မှာ သုံးနှစ်ကျော် လေးနှစ်ခန့် ရှိပြီထင်သည်။ မမရွှေနှင့် တစ်ရုံးတည်းဖြစ်၍ အစ်ကိုနှင့်လည်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။ ခုတလော အစ်ကို့ဆီသို့ အကြောင်းရှာပြီး လာလာ လည်နေသည်။ ရွှေစွန်ညို ဘာကိုလိုလို့ ဝဲနေကြောင်း အစ်ကိုနှင့် မမရွှေ သိသလို ထားနွယ်လည်း ရိပ်မိသည်။ ရိပ်မိသဖြင့် အမြင်ကပ်သလိုလိုပင် ရှိသည်။
“ဟုတ်တယ် သူက နင့်ကို ကျနေတာ ထားနွယ်ရဲ့ "
"မမရွှေကလဲလေ သူ့မိန်းမသေတာ ဘာကြာသေးလို့လဲ”
"ဟဲ့ သုံးနှစ်ကျော်ပါပြီ။ မုဆိုးဖိုဆိုပေမယ့် သားသမီးမှ မကျန်ခဲ့တာ၊ လူပျိုပေါ့”
ထားနွယ်က နှုတ်မှ ဘာမျှပြန်မပြောသော်လည်း စိတ်ထဲကမူ "ဘာလူပျိုလဲ၊ မုဆိုးဖိုက မုဆိုးဖိုပေါ့" ဟု ခပ်စွာစွာ ပြန်ပြောမိသည်။
"အမေတစ်ခု သားတစ်ခု နေကြတာ။ သူ့အမေမှာလဲ လက်ဝတ်လက်စားက အပြည့် ။ အိမ်ပိုင်နဲ့၊ မြေပိုင်နဲ့၊ စိန်နဲ့၊ ရွှေနဲ့၊ တောင့်တောင့်တင်းတင်းထဲကနော်။ ရုံးက ဆတ်ဆလူးမတွေများ သဲသဲလှုပ်ကြတာ နင်မြင်စေ့ချင်တယ်”
"ဒီလောက် သဲသဲလှုပ်နေကြတာ ကြိုက်လိုက်ပါလား၊ အဲဒါတွေကို "
ဒီတစ်ခါတော့ ထားနွယ်က နှုတ်ခမ်းလေး မသိမသာစူကာ ပြောမိသည်။
“အောင်မယ်လေး.....သဲသဲလှုပ်နေရအောင် သူက ဘာမို့လို့လဲ” ဟု မိန်းမမာနနှင့် တွေးသည်။
"အဲဒါတွေကို မကြိုက်လို့ နင့်ဆီ အကြောင်းရှာပြီး လာလာနေတာပေါ့ မိထားထားနွယ်ရဲ့ ။ နင့်လို အေးအေးဆေးဆေးကိုပဲ ကြိုက်လို့ပေါ့”
“ကျွန်မက ဘယ်မှာအေးဆေးလို့လဲ၊ ရည်းစားကြီး ငုတ်တုတ်နဲ့ဟာကို”
ထားနွယ်က ခပ်သွက်သွက် ပြန်ပြောသည်။ ကိုစိုးမောင်ကသာ သူ့ကို ချစ်စကားပြောလာလျှင် "ကျွန်မမှာ ချစ်သူရှိတယ်" ဟု တင်းတင်းကလေး ပြောလိုက်မည်ဟု တွေးသည်။ ဒီတစ်ခါ အိမ်လာလည်လျှင် "ကျွန်မမှာချစ်သူရှိတယ်၊ ရှင်ငရဲကြီးလိမ့်မယ်'ဟူသော သီချင်းကို မစူးအား မုန့်ဖိုးပေးပြီး ဆိုခိုင်းရမည်။
"နင့်ငုတ်တုတ်ကြီးက ငုတ်တုတ်မှ တကယ့်ငုတ်တုတ်၊ ဘာများ အားကိုးရလဲ။ ဈေးရှေ့က စောင့်၊ လမ်းထိပ်အထိ လိုက်ပို့။ ဒါ့အပြင် ဘာလုပ်တတ်သလဲ။ အိမ်ကလေးတစ်ခန်းတောင် ငှားနိုင်လို့လား”
"အို.....သူလဲကြိုးစားနေတာပဲ"
ကိုကိုမောင့်ကို ထိပါးလာတော့ ထားထားနွယ်က မမရွှေအား စူးစူးရဲရဲ ပြန်ကြည့်သည်။ မမရွှေကလည်း သူ့ကို မျက်လုံးပြူး၍ ကြည့်သည်။
"ဘာကြိုးစားနေတာလဲ။ မိန်းကလေး တစ်ယောက်ကို သုံးနှစ်ကျော် တွဲလျှောက်နေတာကလွဲလို့ သူ့မှာ ဘာကြံရည်ဖန်ရည်ရှိသလဲ။ ဘာ အစွမ်းအစရှိသလဲ "
"ကောင်ကလေးက မဆိုးပါဘူး" ဟု ပြောတုန်းက ပြောခဲ့သော်လည်း အခုတော့ မမရွှေသည် ကိုကိုမောင်အား ကြည့်၍ ရတော့ဟန် မတူပေ။ ထားနွယ်က ရုတ်တရက် မျက်ရည်လည်လာ၍ ခေါင်းကို ငုံ့လိုက်သည်။ မီးဖိုပေါ်တွင် ခြောက်နေပြီဖြစ်သော ဒယ်အိုးထဲသို့ ဆီတစ်ဇွန်း ခပ်ထည့်လိုက်သည်။ ဒယ်အိုးထဲတွင် ကိုကိုမောင်၏မျက်နှာကို မြင်ယောင်သည်။
"ကိုကိုမောင် ထီထိုးထားတယ် ထားနွယ်” ဟူသော စကားကို ကြားယောင်သည်။
မမရွှေက တစ်စုံတစ်ခု ပြောဦးမည်ဟု ပါးစပ်ပြင်ပြီးမှ ဘာမျှ မပြောတော့ဘဲ သက်ပြင်းချသည်။ အပေါ်အင်္ကျီကိုချွတ်ကာ ထဘီ ရင်လျားလိုက်သည်။ လျော့ရိလျော့ရဲကျနေသော ဆံပင်များကို ဘီးနှင့်သပ်ကာ ခပ်မြင့်မြင့် ပြင်ထုံးရင်း ထားနွယ်အား မသိမသာ အကဲခတ်သည်။
"ထားနွယ်ရယ် နင် ဒီမှာနေတော့ ငါ့မှာ အိမ်တွင်းရော အိမ်ပြင်ရော စိတ်ချရတယ်။ အကူအညီလဲ ရတယ်။ တစ်သက်လုံးနေသွားရင် ဘယ်လောက်ကောင်းမလဲ။ ငါ ဘယ်လောက်သက်သာမလဲ။ ဒါပေမဲ့ မိန်းကလေးဆိုတာ အချိန်အခါ အရွယ်ရောက်လာရင် သင့်တော်တဲ့သူနဲ့ တစ်အိုးတစ်အိမ် ထူရတယ်။ နင့်ကို ကောင်းစားစေချင်လို့ ပြောနေတာပါဟယ်။ တစ်အိုးတစ်အိမ်ထူပါတယ်ဆိုမှ တစ်အိုးတစ်အိမ် ထားနိုင်တဲ့သူကိုသာ ရွေးရတော့မှာပေါ့၊ မဟုတ်ဘူးလား။ နင့်ကို ညီမအရင်းလို သဘောထားပြီး ဒီစကားပြောတာ ထားနွယ်။ ညီမကို လမ်းမှန် ရွေးစေချင်တယ်”
မမရွှေက ညင်သာစွာ ပြောသည်။ ထားနွယ်က အရှက်အကြောက်ကြီးသည်။ ပိပြားသည်။ "အတူတူနေကြပါစို့ ကိုကိုရဲ့” ဟူသော စကားကို နှုတ်ရဲရဲနှင့် ဘယ်တော့မှ ပြောထွက်လိမ့်မည် မဟုတ်ချေ။ သူ့ ကိုကိုမောင်ကလည်း ထီမပေါက်မချင်း "ထားနွယ်ရေ လက်ထပ်ကြစို့" ဟု ပြောလာမည့်ပုံမရှိ။ ဒီလိုနှင့်ပင် သူတို့၏ ဇာတ်လမ်းသည် ပင်လယ်ထဲအထိ မျောသွားဖို့က ကျိန်းသေနေလေသည်။
"ဟဲ့ ဆီတွေ တူးတော့မယ်”
မမရွှေက အလန့်တကြား အော်တော့ ထားနွယ်သည် ဒယ်အိုးထဲမှ ကိုကိုမောင်၏မျက်နှာပေါ်သို့ ကန်စွန်းရွက်တွေ ကမန်းကတန်း ပစ်ချလိုက်သည်။ ရှဲခနဲ မြည်သွားသော အသံကို ကိုကိုမောင့်အော်သံလို့ ထင်ပြီး ရင်တွေ တဒိန်းဒိန်းခုန်လာသည်။
"အမိုး၊ အကာ၊ အခင်း လုံလုံခြုံခြုံရှိတဲ့နေရာကလေး တစ်နေရာရယ်၊ နေ့စဉ် သင့်သင့်တင့်တင့် စားနိုင်တဲ့ဝင်ငွေကလေးရယ်၊ ကိုကိုမောင်ရယ်..."
ထားနွယ်က စိတ်ထဲမှ ရေရွတ်နေမိသည်။ ထိုသုံးခုသည် တွဲလျက် မရှိနိုင်တော့ဘူးလား။ နေစရာရယ်၊ စားစရာရယ်၊ ကိုကိုမောင်ရယ် တစ်ခုခုကို စွန့်လွှတ်ရမည် ဆိုလျှင် ဘာကိုစွန့်လွှတ်ရမည်နည်း။ သူ့ကိုယ်သူ ပင်လယ်ထဲတွင် သင်္ဘောပျက်ပြီး လှေငယ်နှင့်မျောနေသလို ခံစားလာရသည်။
"နေစရာ၊ စားစရာနှင့် ကိုကိုမောင် တစ်ခုခုကို ရေထဲ ပစ်ချရတော့မည်။ သူ ဘာကို ပစ်ချရတော့မည်နည်း။ ဘုရား၊ ဘုရား မတွေးပါရစေနှင့်ဘုရား။ ဘာကိုမျှ ပစ်မချဘဲ ရှင်သန်ခွင့်ကို ပေးတော်မူပါဘုရား"
ထားနွယ်က ကပေါက်တိ ကပေါက်ချာ တွေးရင်း တဖြိုးဖြိုး တဖြောက်ဖြောက် မြည်နေသော ကန်စွန်းရွက်များကို ဇွန်းနှင့် ထိုးကော်လိုက်သည်။ ကန်စွန်းရွက်စိမ်းစိမ်းများကြားထဲတွင် ကိုစိုးမောင်၏မျက်နှာကို မြင်ယောင်လာပြန်သည်။ မျက်ခုံးထူထူ၊ မျက်လုံးစူးစူးနှင့် သူ့နှုတ်ခမ်းများက ပြုံးနေသည်။ "ထားနွယ် ဆယ်တန်းဖြေဦးမှာလား။ မှတ်စုတွေ ယူခဲ့ဦးမယ်” ဟု ပြောသံကို ကြားယောင်သည်။
မမရွှေကတော့ ရေချိုးခန်းထဲ ဝင်သွားသည်။ ရေကို တဝုန်းဝုန်း လောင်းချိုးရင်း ပုလဲ၏ ယောက်ျားမဟုတ်ဘူး ဆိုသော သီချင်းကို ဟိုရောက်လိုက်၊ ဒီရောက်လိုက်နှင့် ဆိုနေလေသည်။
ညနေကျတော့ ကိုစိုးမောင် ရောက်လာပြန်သည်။ ထားနွယ်က မီးဖိုထဲဝင်ကာ ရှောင်နေခိုက် တူမလေးများက "ဒေါ်လေး၊ ဟိုသီချင်း သင်ပေးမယ်ဆို။ မဂျူး ဆိုမယ်လေ”ဟု လာပြောသည်။ ထားနွယ်က မဂျူးကိုကြည့်နေပြီး ပေါင်ပေါ် အသာဆွဲတင်သည်။ သနပ်ခါးနံ့ မွှေးနေသောပါးလေးကို အသာနမ်းလိုက်စဉ် "ထားနွယ်ရေ၊ ရေနွေးကြမ်း ယူခဲ့ပါဦး။ အုန်းထန်းလျက်ကလေးတွေလည်း ထည့်ခဲ့ပါကွယ်" ဟူသော မမရွှေ၏အသံ ကြားရသည်။
“ဒေါ်လေး၊ သင်ပေးလေ”
မဂျူးက ထပ်ပြောသည်။ ထားနွယ်က ခေါင်းကို အသာယမ်းလိုက်ပြီး ညင်သာစွာ ပြောသည်။
"ဆိုမနေပါနဲ့တော့ မဂျူးရယ်”
* * *
ညက မောင်မောင်ကျော် အရက်နည်းနည်းသောက်ခဲ့သည်။ အိမ်ပြန်ကာနီး ကွမ်းယာတွေစားလာတော့ အနံ့သိပ်မထွက်ချေ။ သို့သော်လည်း လူက ယိုင်နေသည်ကိုတော့ မထိန်းနိုင်။ ညဉ့်နက်ခံပြီး အိမ်ပြန်သော်လည်း ယောက်ဖက မအိပ်သေးဘဲ ဧည့်ခန်းတွင် ထိုင်ကာ စာဖတ်နေသည်။ သူက စကားသိပ်မပြောတော့ဘဲ အစ်မက အဆင်သင့်ခင်းပေးထားသော ဘုရားစင်အောက်က အိပ်ရာထဲ တန်းဝင်လိုက်သည်။
အိပ်မပျော်တပျော် ရီဝေဝေတွင် "မင်းရဲ့ မောင် အရက်သောက်လာတယ် ထင်တယ်” ဟု ယောက်ဖက အစ်မအား ပြောသောအသံကို ခပ်တိုးတိုး ကြားရသည်။ အစ်မက "ယောက်ျားလေးပဲ တစ်ခါတလေတော့ ရှိမှာပေါ့” ဟု ပြန်ပြောသည်။
“တစ်ခါတလေ အရက်သောက်၊ အင်း.......တစ်ခါတလေ ဘောလုံးပွဲကြည့်၊ တစ်ခါတလေ ရုပ်ရှင်ကြည့်၊ နောက်ပြီး လမ်းထိပ်က ဇယ်တောက်ခုံမှာ ဇယ်တောက်၊ ငွေကလေးဘာလေး နည်းနည်းပါးပါး ရွှင်တော့လဲ ဟိုအိမ်ကလေး ဒီအိမ်ကလေးသွားပြီး ပျော်၊ ဟော်.. ဟော် ဒီအပြင် ဘဝမှာ ဘာဖြေဖျော်စရာရှိသေးလဲ”
မောင်မောင်ကျော်က ရီဝေဝေနှင့် တွေးသည်။ ခုတလော ထူးထူးခြားခြား စိတ်ညစ်စရာ မရှိပါဘဲလျက် စိတ်ညစ်နေသည်။ ထားနွယ်... အင်း.. ထားနွယ်၊၊
ထားနွယ်သည် သူ့ချစ်သူဖြစ်သည်။ ခုတလော ထားနွယ်လည်း မျက်နှာသိပ်မကောင်းပေ။ သူက "နေကောင်းရဲ့လားဟင်" ဟု မေးလျှင် "ကောင်းပါတယ်” ဟု လေးတွဲစွာ ဖြေသည်။ "ထားနွယ် သိပ်ပြီး မျက်နှာမရွှင်ဘူး။ ဘာဖြစ်နေလဲ”ဟု ထပ်မေးတော့မှ သက်ပြင်းချကာ သူ့ကို တမ်းတသောမျက်လုံးများနှင့် ကြည့်သည်။ "ဘာရယ်မဟုတ်ပါဘူး ကိုကိုမောင်ရယ်၊ နေ့စဉ်ကျင်လည်နေရတဲ့ဘဝကို ငြီးငွေ့နေတာ တစ်ခုပါပဲ” ဟု ခပ်တိုးတိုး ပြောလေသည်။
"အင်း..ငါလဲငြီးငွေ့နေတာပဲ"
ကိုကိုမောင်က အိပ်ချင်မူးတူးနှင့် တွေးသည်။ အရက်သောက်သော်လည်း၊ ရုပ်ပြဖတ်သော်လည်း၊ ရုပ်ရှင်ကြည့်သော်လည်း၊ ကောင်မလေး လှလှလေးများကို လိုက်ပြီးငေးသော်လည်း၊ တစ်ခါတစ်ရံ ဟိုအိမ်ဒီအိမ် သွားသော်လည်း ငြီးငွေ့သည့်စိတ်က မပျောက်ပေ။
ခဏလောက်သာ မေ့သလိုလို ပျော်သလိုလိုရှိပြီး ပြီးတော့လည်း ငြီးငွေ့ မြဲပင်။ မြန်မာပြည်အနှံ့လျှောက်ပြီး လည်လိုက်ရလျှင်တော့ အီပြီးအိုင်နေသောစိတ်များက ပြန်လည်ပြီး လန်းဆန်းကြည်လင်လာလေမည်လား မသိ။ သို့သော် လျှောက်လည်စရာ ငွေမရှိသည်က ခက်သည်။ မြန်မာပြည်အနှံ့ နေနေသာသာ ကျိုက်ထီးရိုး တစ်ခေါက်တက်လိုက်မိသည်နှင့်ပင် ရုံးက မမမိထံမှာ အကြွေးနှစ်ရာတင်သွား၍ သုံးလခွဲပြီး မနည်းဆပ်ခဲ့ရသည်။ မြန်မာတစ်ပြည်လုံးသာ လျှောက်လည်ရလျှင် အကြွေးတောတွင် လည်ပင်းထိအောင် နစ်တော့မည်ကား ကျိန်းသေသည်။
"ဒီတော့လဲ မမမိရယ်၊ ကျွန်တော်တော့ အကြွေးမဆပ်နိုင်တော့ဘူး။ လူကိုပဲ သိမ်းပါတော့လို့ မင်းတစ်ကိုယ်လုံး ထိုးအပ်လိုက်ပေါ့ကွာ၊ ဟုတ်ဘူးလား ဟား...ဟား...”
ရုံးမှ လူပျိုကြီးကိုငွေအောင်က သူ့ကို မထိတထိနှင့် ခပ်တိုးတိုး ခနဲ့ဖူးသည်။ ခနဲ့လျှင်လည်း ခနဲ့စရာ။ မမမိက သူ့ဆိုလျှင် သူများထက် စေတနာပိုတတ်သည်ကို သူလည်း သိသည်။ သူများတကာတွေကို ငွေချေးလျှင် တစ်ဆယ်တိုးနှင့်မှ ချေးသော်လည်း မောင်မောင်ကျော်ကိုတော့ အတိုးမယူချေ။ တစ်ခါတစ်ရံ ထမနဲများ၊ ငှက်ပျောသီးပေါင်းများ ပါလာလျှင်လည်း မောင်မောင်ကျော်ကိုပင် ဦးတည်ပြီး ကျွေးတတ်သည်။
"လူပျိုလေးနော်.....အားရပါးရစားနေ။ အပျိုကြီးက ဆေးခတ်ထားတာဖြစ်နေဦးမယ်”
ဒီလိုဆိုတော့ ကိုငွေအောင်က ခနဲ့ပြန်သည်။ ကိုငွေအောင်က လူပျိုကြီးသာအမည်ခံသော်လည်း ယရစ်ပြိုကြီးဖြစ်ကြောင်း လူတိုင်းသိသည်။ မိန်းမဘက်တွင် ဝါသနာကလည်း ခပ်ပါပါဖြစ်လေသည်။ ရုံးတွင်လည်း သူ မခနဲ့ဖူးသော၊ မကြံဖူးသော မိန်းကလေးပင် ကျန်မည်မထင်။ အပြင်တွင်လည်း ဟိုမှာစစ၊ ဒီမှာစစ၊ သတင်းအစအနတွေ ထွက်နေလေတော့ သူ့နာမည်က မမွှေးလှပေ။ ခုတလောတော့ မမမိဆီသို့ ခြေဦးက တည့်တည့်လှည့်သည်။
“အသက်သုံးဆယ့်ငါးနှစ်ဆိုတာ ဘာများကြီးသေးလို့လဲဗျာ။ အပျိုကြီးက ပြင်တတ်ဆင်တတ်တော့ အစိတ်လောက်ပဲ ထင်ရတာ" ဟု အခွင့်သင့်တိုင်း ပြောတတ်သည်။
“အင်း...သူပြောလိုက်ပြီဆို မမမိက မျက်စောင်းချည်း ဖိထိုးတော့တာပဲ”
မောင်မောင်ကျော်က ခြင်ထောင်အမိုးကို စိုက်ကြည့်ရင်း မမမိကို မြင်ယောင်မိသည်။ အသားဖြူဖြူ၊ နှာတံစင်းစင်း၊ နှုတ်ခမ်းပြည့်ပြည့်၊ မွန်ရည်သားနားသော ဥပဓိရုပ်ရှိသည်။ ခါးမကျဉ် တင်မကားသည့်အတွက်တော့ အလှနည်းနည်းလျော့မည်ထင်သည်။ သို့သော်လည်း မမခင်တို့ မမဝေတို့လို ဗိုက်ခေါက်ထူထူ၊ တင်ကောက်ကောက်ကြီးကား မဟုတ်ပေ။
“ဒီအရွယ်ရောက်ရင် ဒီလောက်တော့ ဝလာကြတာချည်းပဲ ထင်ပါရဲ့။ ထားနွယ်လဲ ဒီအရွယ်ရောက်လာရင် အဲဒီလိုပဲ ဗိုက်ခေါက်ထူလာမှာပါ”
သူ့အတွေးက ထားနွယ်ဆီသို့ ပြန်ရောက်သွားပြန်လေသည်။ ထားနွယ်က အသားညိုသော်လည်း စိုပြီး ဝင်းဝါနေသည်။ မျက်လုံးများက ဝိုင်းပြီး မျက်တောင်က ရှည်လျားပြီး ကော့နေသည်။ နှုတ်ခမ်းပါးလေးတွေကို တင်းတင်းစေ့ ထားတတ်သည်။ ခါးကလေးက ကျဉ်ကျဉ်၊ ဗိုက်ကလေးက ရုပ်ရှပ်နှင့် ကြော့ကြော့ကလေး လျှောက်သွားတတ်သည်မှာ ကြည့်ချင်စရာကောင်းလှသည်။
မောင်မောင်ကျော်က သက်ပြင်းတစ်ချက်ချကာ မျက်စိမှိတ်လိုက်သည်။ ဘေးဘက်သို့ စောင်းကာ ခေါင်းအုံးကို လှမ်းဖက်လိုက်သည်။ အိစက်သောခေါင်းအုံး၏ အတွေ့ကို ထားနွယ်ပါပဲဟု ဇွတ်တွေးကာ တိုး၍ဖက်လိုက်သည်။
သနပ်ခါးနံ့တော့ မွှေးမလာ။ တူတော်မောင် အာလူးက ခွပြီး သေးနှင့်ပန်းထားသောကြောင့် ရှူးရှူးနံ့သာ သင်းလာသည်။
"ဟွန်း”
မောင်မောင်ကျော်က ခေါင်းအုံးကို တွန်းပစ်ကာ ပြန်ပြီး ပက်လက်လှန်လိုက်သည်။ ခြင်ထောင်အမိုးကို ပြန်ပြီးစိုက်ကြည့်သည်။
ဘေးတွင် ယှဉ်လျက်ထောင်ထားသော ခြင်ထောင်ထဲမှ အာလူးက ယောင်ယမ်းပြီး တခစ်ခစ် ရယ်နေသည်။ တာတူးကတော့ အံသွားကို တကျိကျိ ကြိတ်နေလေသည်။ အတွင်းခန်းထဲမှ ယောက်ဖ၏ဟောက်သံကိုတော့ တခူးခူးနှင့်ကြားနေရသည်။
"ဘယ်နှစ်နာရီရှိပြီလဲ မသိဘူး”
မောင်မောင်ကျော်က လေးလံလာသော မျက်ခွံများကို အလိုက်သင့်မှိတ်လိုက်ရင်း တွေးလိုက်စဉ်မှာပင် သံချောင်းခေါက်သံကို ကြားရသည်။ စိတ်အဟုန်သည် သံချောင်းခေါက်သံဆီသို့ လွင့်သွားပြီး တစ်ချက် နှစ်ချက် လိုက်ပြီး ရေတွက်နေသည်။
"တစ်ဆယ်၊ ဆယ့်တစ်၊ ဆယ့်နှစ်၊ ဟော ဆယ်နှစ်နာရီတောင်ထိုးပြီကိုး။ ဒီမျက်လုံးလေးတွေက ဘာလို့ ခုထက်ထိ အိပ်လို့မပျော်သေးတာလဲ"
မောင်မောင်ကျော်က သူ့မျက်လုံးများကို အပြစ်တင်သည်။ ကယောက်ကယက်နှင့် ပြေးလွှားနေသော စိတ်ကို အမိမဖမ်းနိုင်။ တစ်နေ့ကကြည့်ခဲ့ရသော ဗွီဒီယိုရုပ်ရှင်ထဲက ပေါ်ပြီးရင်းပေါ် ကောင်မလေးကို မြင်ယောင်လေပြန်သည်။
နက်ဖြန်မနက်ကျရင် ဈေးရှေ့က စောင့်နိုင်ပါ့မလား။ ခုထက်ထိ အိပ်မပျော်သေးတော့ မနက် နိုးပါ့မလား။
စိတ်ပူပင်စွာ တွေးမိသော်လည်း ရုပ်ရှင်ထဲမှ ကောင်မလေးက ပျောက်မသွား။ တစ်နေ့တုန်းက ကြည့်ခဲ့သမျှကို ခြင်ထောင်အမိုးတွင် နီးလာလိုက်၊ မှုန်လိုက်ဝါးလိုက်နှင့် ပြန်ပြီးမြင်နေရသည်။
ပထမတော့ ကြည့်ခဲ့ရသည့်အတိုင်း မင်းသားနှင့်မင်းသမီးသာ ဖြစ်သည်။ နောက်တော့ မင်းသားပျောက်သွားပြီး မင်းသားနေရာတွင် သူရောက်သွားသည်။
"ကျွတ်..ကျွတ်..ကျွတ်..ကျွတ်”
ဘုရားစင်ထောင့်က အိမ်မြောင်က စုတ်ထိုးနေသည်။ သူက ကောင်မလေးကို ဖက်ထားသည်။
ထို့နောက်တော့ အိပ်ပျော်သွားသည် ထင်သည်။ အိပ်မက်ထဲတွင် ဗွီဒီယိုကောင်မလေးရော၊ ထားနွယ်ရော၊ မမမိရော အားလုံး ရောထွေးနေသည်။ သုံးဦးစလုံးနောက်ကို သူက လိုက်သည်။ အားလုံး တကွဲတပြား ပြေးကြသည်။ ဟော သုံးဦးစလုံးက သူ့နောက်ကို လိုက်ပြန်ပြီ။ သူက ရှေ့မှပြေးသည်။ ရုတ်တရက် တွင်းတစ်ခုထဲသို့ ချော်ကျသွားသည်။ သူ့တစ်ကိုယ်လုံး လေဟာနယ်ထဲတွင် လွင့်သွားသည်။ ရင်ထဲတွင် ဟာသွားသည်။ ကြောက်လန့်တကြားလည်း အော်မိသည် ထင်သည်။
"ဟဲ့…ငကျော်၊ မထသေးဘူးလား။ ဘာတွေ ဝူးဝူးဝါးဝါးနဲ့ အော်နေတာလဲ”
အစ်မက သူ့ကို လှုပ်နှိုးတော့ မိုးထိန်ထိန်လင်းနေချေပြီ။ အာလူးတို့ပင်နိုးပြီး ခြင်ထောင်သိမ်းနေကြပြီ။
သူက နာရီကို ကမန်းကတန်း လှမ်းကြည့်သည်။ ဈေးမီတော့မည်မဟုတ်။ ထားနွယ် ဈေးမှပြန်သွားလောက်ပြီ ဖြစ်သည်။
"နင်နေကောင်းရဲ့လား”
“ကောင်းပါတယ်”
သူက အိပ်ရာမှ လေးတွဲစွာ ထသည်။ တစ်ခေါင်းလုံး အုံခဲကာ ကိုယ်တွေ လက်တွေလည်း နာနေသည်။
"ညက နင်သောက်လာသလား”
“အင်း”
“တစ်ခါတလေ သောက်တာတော့ သောက်ပေါ့၊ ဒါပေမဲ့ မလွန်စေနဲ့"
“အင်းပါ ”
အစ်မက ခြင်ထောင်ကို ကူ၍သိမ်းသည်။ "သွား နောက်ဖေးမှာ ငါ ကော်ဖီခါးခါးဖျော်ထားတယ်" ဟု ခပ်တိုးတိုး ပြောလေသည်။
သူ့ကို ချစ်ခင်ကြင်နာသော အစ်မအား ကျေးဇူးတင်သော်လည်း ဘာမျှ မပြောတော့ဘဲ လှည့်ထွက်လာသည်။ ထီးတစ်ဖက် ထမင်းချိုင့်တစ်ဖက်နှင့် အိမ်ပေါ်မှဆင်းသွားသော ယောက်ဖကိုမြင်တော့ စိတ်ထဲတွင် လွတ်လပ် ပေါ့ပါးသွားသည်။
သူက စက်ရုံမှာ လုပ်သူမို့ အလုပ်စောစောသွားရလေသည်။ ထို့ကြောင့် "စက်ရုံအပေါင်းကို ကျေးဇူးတင်ပါတယ်”ဟု စိတ်ထဲမှ ရေရွတ်မိသည်။ ယောက်ဖက အရက်မသောက်၊ ဆေးလိပ် မသောက်၊ ကွမ်းလေးပင် မစား။ ဘောလုံးပွဲလည်း မလောင်းတတ်။ ဗွီဒီယိုလည်း မကြည့်တတ်။ အချိန်အားလျှင် စာအုပ်တစ်အုပ်သာ ကောက်ကိုင်တတ်သူမို့ သူနှင့် ဝါသနာ စရိုက် မတူလှချေ။ ဒီတော့လည်း ယောက်ဖအား အလိုလိုရှိန်ကာ ခပ်ရှောင်ရှောင် နေတတ်သည်က အကျင့်ပါနေလေသည်။ ယောက်ဖရှေ့ဆိုလျှင် အနေရ အထိုင်ရ ကျပ်သလိုလို ရှိသောကြောင့်ဖြစ်လေသည်။
“ကောင်မလေးနဲ့ နင်နဲ့ ဘာဖြစ်ထားကြသလဲ”
“ဘယ်သူနဲ့လဲ”
“နင့်ကောင်မလေးလေ၊ ထားထားနွယ်”
“ဟင်...ဘာဖြစ်လို့လဲ”
သူက မျက်နှာကို ဖြစ်ကတတ်ဆန်း သစ်သည်။ သွားတိုက်ဆေး ကုန်နေသောကြောင့် ဆားအိုးထဲမှ ဆားကိုနှိုက်ကာ ပါးစပ်ဆေးသည်။
"ညက နင် မမမိ မမမိနဲ့ အော်နေတယ်။ ဘယ်က မမမိတုံး”
“ဟာဗျာ”
မောင်မောင်ကျော် အတော်စိတ်ညစ်သွားသည်။ အိပ်မက်တွေ ပေါက်ကရမက်ပြီး ဘာတွေများ ယောင်ယမ်းပြီး အော်မိလေသည်မသိ။
“ကျွန်တော်တို့ရုံးက အစ်မကြီးပါ”
“အသက် ဘယ်လောက်ရှိပြီလဲ”
“သုံးဆယ်ငါးနှစ်ဆိုလား ထင်ပါရဲ့။ အစ်မကလဲ ဘာလုပ်မလို့လဲ”
“အပျိုကြီးလား”
“အင်း”
အစ်မက ဗြောင်ကျကျပင် စပ်စုသည်။
“နင် ဘာတွေလုပ်နေလဲ ငကျော်”
“ဟာဗျာ၊ အစ်မကလဲ ကျွန်တော် ဘာလုပ်နေလို့လဲ”
“ငါက ငါးရံ့နှစ်ကောင်များ ဖမ်းနေလားလို့”
"မဖမ်းရပါဘူးဗျာ”
မောင်မောင်ကျော်က သက်ပြင်းချသည်။ တော်ပါသေးသည်။ ဗွီဒီယိုမင်းသမီး၏ အမည်ကို မသိ၍ မမှတ်မိ၍ သူ့နှုတ်က ထွက်မသွားသည်က တော်ပါသေးသည်။ ညက အိပ်မက်အတိုင်းဆိုလျှင် အစ်မက ငါးရံ့သုံးကောင် ဖမ်းနေသည်ဟု စွပ်စွဲလိမ့်မည်ထင်သည်။
ဈေးသွားပြီး မစောင့်ဖြစ်တော့သောကြောင့် ရုံးကိုပင် ခပ်စောစော ထွက်လာလိုက်သည်။ ခါတိုင်းအချိန်ထက် စောသော်လည်း ကားများက ကျပ်နေပြီး ဘတ်စ်ကားမှတ်တိုင်တွင် ရပ်နေစဉ် လေးဘီးကား အပြာရောင်ကလေး ဖြတ်သွားသည်။ ကားနောက်ခန်းတွင် မမမိ ပါသည်။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း အမှတ်မဲ့ လှမ်းအကြည့်၊ မမမိကလည်း ကားမှတ်တိုင်ကို မျက်လုံးဝေ့အကြည့် အကြည့်ချင်း ဆုံမိကြသည်။
ကားကလေးက မှတ်တိုင်ကို အတန်ငယ် လွန်သွားပြီးမှ ရပ်သွားသည်။ မမမိက သူ့ကို လက်ယပ်ခေါ်လေသည်။
“မောင်မောင်ကျော် ရုံးသွားမလို့ မဟုတ်လား။ လိုက်ခဲ့ပါလား"
သူက ကားပေါ်သို့ ဝမ်းသာအားရ တက်လိုက်သည်။ လိုင်းကား ခြေနင်းခုံတွင် တိုးလိုးတန်းလန်းလိုက်ရသည်ကို မညည်းညူချင်တော့သော်လည်း စိတ်ဆင်းရဲသည်က အမှန်။
"မေမေ့ကို ဘုရားလိုက်ပို့တာ အခုပြန်လာတာလေ။ အိမ်ကို ခဏဝင်ပြီးရင် ရုံးဆက်သွားမယ်”
မမမိက ပြုံးချိုစွာ ပြောသည်။ မောင်မောင်ကျော်က ကားရှေ့ခန်းမှ ပုတီးစိပ်နေသောအဘွားကြီးကို ကဲကြည့်သည်။ သူစိပ်နေသော ပုတီးက ဆင်ရိုးပုတီးလား၊ ပယင်းပုတီးလား၊ သနပ်ခါးပုတီးလား၊ ဘာပုတီးလဲတော့ မသိ။ လက်သူကြွယ်တွင် တလျှပ်လျှပ်လက်နေသော စိန်ခြယ်လက်စွပ်ကြီးကိုကား သတိပြုလိုက်မိလေသည်။
“မမမိရဲ့ အမေလေ။ ခြောက်ဆယ့်ငါးနှစ်ရှိပြီ”
"အရွယ်တင်တယ်နော်”
“မေမေ့ရှေ့ကျ ထပ်ပြော။ မေမေက သူ့ကို အရွယ်တင်တယ်ဆိုရင် သိပ်ကျေနပ်တာ”
"ဒီလိုဆို မမမိလဲ အမေနဲ့တူတာထင်တယ်”
“မင်းနော်”
မမမိက မျက်စောင်းလေး မသိမသာထိုးကာ ရယ်သည်။ ကားစက်သံက ဆူညံနေသော်လည်း နောက်ဘက်အိပ်ဇောပိုက်မှ မီးခိုးတွေတလူလူထွက်ကာ မျက်စိစပ်လှသော်လည်း မောင်မောင်ကျော် ကြည်နူးသွားသည်။
“ဒီကားက မမမိတို့ကားလေ။ နေ့ခင်းပိုင်းကျရင်တော့ မောင်ဝမ်းကွဲတစ်ယောက်က ဆွဲတယ်”
“စီးပွားရေး သောင်းကျန်းလိုက်တာဗျာ။ ပိုက်ဆံတွေ ထားစရာ ရှိသေးရဲ့ လား”
“ဒီလိုပဲ သုံးသုံးစားစားနဲ့ ကုန်တာပါပဲကွယ်”
“မကုန်ရင် ကျွန်တော် ကူသုံးပေးရမလားလို့ပါ”
“ရပါတယ်ကွယ်။ ငါ့မောင်ကို မမမိက သဒ္ဓါပါတယ်”
မမမိက အမှတ်မဲ့ပြောလိုက်ပြီးမှ ရှက်သွေးဖြန်းသွားသည်။ သူ့လက်ထဲမှ လက်ပွေ့အိတ်ကို တင်းတင်းဆုပ်ကာ မျက်လွှာချလိုက်သည်။
မောင်မောင်ကျော်လည်း ရင်တွေခုန်သွားသည်။ တံတွေး တစ်ချက်မျိုကာ "အဟဲ" ဟုရယ်သည်။ ထို့နောက် မျက်နှာကို လက်ကိုင်ပဝါနှင့်ပွတ်သည်။ အိတ်ထဲမှ နေကာမျက်မှန်ကို ထုတ်ပြီး တပ်သည်။ နေကာမျက်မှန် တပ်လိုက်တော့စူးပြီး တောက်နေသော နေရောင်သည် ဖျော့ကျသွားသည်။ သနပ်ခါးတွေ ဖွေးလွန်းသည်ဟု ထင်ရသော မမမိ၏မျက်နှာသည်လည်း အစိမ်းရောင်လွှမ်းကာ ဝင်းသွားသည်။
"ကျွန်တော်တို့အတွက်တော့ ပဟေဠိတစ်ပုဒ် ဖြစ်နေတာ မမမိရဲ့ "
"ဘာကိုလဲ "
"မမမိကိုပေါ့ "
ဒီတစ်ခါတော့ မမမိ ငြိမ်သွားသည်။ မောင်မောင်ကျော်ကို မကြည့်ဘဲ လမ်းဘေးကို ကြည့်နေလေသည်။
"ငယ်ငယ်ကတော့ ကြိုက်တဲ့သူရှိတယ်။ အမေသဘောမတူတာနဲ့ နောက်ဆုတ်လိုက်တာ လူမျိုးလဲ မတူ ဘာသာလဲမတူဘူးလေ"
"သြော်…"
"အမေကတော့ ပြောရှာပါတယ်။ လူမျိုးတူ ဘာသာတူထဲကဆိုရင် သမီးသဘောပါတဲ့ "
မောင်မောင်ကျော်က စိတ်လက်ပေါ့ပါးစွာ ရယ်သည်။
"ဒီလိုဆို ကျွန်တော်နဲ့တော့ လူမျိုးရော၊ ဘာသာရော တူတယ်နော် မမမိ "
"ဟင်း.... ဒါက ဘာစကားလဲ"
မမမိက မျက်စောင်းထိုးသည်။ မောင်မောင်ကျော်က တဟားဟားနှင့် ရယ်မောရင်း သူ ဘာကြောင့် ဒီလောက်ပြောမိပါလိမ့်ဟု သူ့ကိုယ်သူ ပြန်ပြီး အံ့သြနေမိလေသည်။
"လာ...မောင်မောင်ကျော်၊ ခဏထိုင်ပါဦး။ ရုံးချိန်က စောပါသေးတယ်"
မမမိတို့ အိမ်ရှေ့ရောက်တော့ မမမိက ဖိတ်ခေါ်သည်။
“လာ သားလေး လာ...လှေကားအတက်တော့ အမေ့ကို တွဲပါဦး"
မမမိ၏မိခင်ကြီးကလည်း ရင်းနှီးစွာ ပြောသည်။ သားနှင့် အမေဟူသော အသုံးကို သူက ရိုးသားစွာ သုံးနှုန်းလိုက်မိဟန်ရှိသော်လည်း မောင်မောင်ကျော်က ရင်ခုန်မိပြန်လေသည်။
မမမိတို့အိမ်က မြို့လယ်ကောင် တိုက်ခန်းဖြစ်သော်လည်း မြေညီထပ်မဟုတ်ဘဲ ပထမထပ်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်ဟု ဆိုရပေမည်။ သို့သော်လည်း မျက်စိမရှုပ်ဘဲ အမြင်ရှင်းသည်။ ငြိမ်ပြီး အေးဆေးသည်။
"ထိုင်ဦးနော် မောင်မောင်ကျော်၊ မမမိ အင်္ကျီလဲလိုက်ဦးမယ်။ နော်ထူးရေ....ကော်ဖီလုပ်ပါဦး”
မမမိက အတွင်းခန်း ဝင်သွားသည်။
“ထိုင်ပါဦးကွယ် သားလေး။ အမေတော့ ညောင်းလာလို့ လှဲလိုက်ဦးမယ်”
မမမိ၏အမေကလည်း အိမ်ထဲ ဝင်သွားပြန်သည်။ ဧည့်ခန်းတွင် မောင်မောင်ကျော်တစ်ဦးတည်း ကျန်ခဲ့သည်။
“ဧည့်ခန်းလေးက ရှင်းပြီး လင်းနေတာပဲ”
မောင်မောင်ကျော်က အခန်းကိုဝေ့ကာ မျက်လုံးကစားရင်း တွေးမိသည်။ ဧည့်ခန်းနံရံတွင် မင်းသမီး မင်းသားပြက္ခဒိန်တွေရော၊ ဘွဲ့ဝတ်စုံနှင့် ဓာတ်ပုံတွေရော နေရာလပ်မကျန်အောင် ချိတ်လေ့ရှိသော ဧည့်ခန်းမျိုးကိုသာ အမြင်များခဲ့သော မောင်မောင်ကျော်သည် မမမိတို့ဧည့်ခန်းကို အမြင်ဆန်းနေသည်။ အပြာနုရောင်သုတ်ထားသော နံရံတွင် ဂျပန်ပန်းအလှ၊ အီကေဘားနားပြက္ခဒိန်တစ်ခုမှအပ ဘာမျှမရှိ။
အခန်းထောင့်က ကျောက်စားပွဲဖြူဖြူလေးပေါ်တွင်ကား ကျောက်ပန်းအိုး ညိုညိုကလေးတစ်လုံး တင်ထားသည်။ ပန်းအိုးထဲတွင်တော့ နှင်းဆီပန်း အနီရဲရဲလေးတစ်ပွင့်။
"အင်း..ဒီလို ဧည့်ခန်းလှလှကလေးနဲ့ အိမ်ကလေးမျိုးမှာ တစ်သက် ငါ နေမှနေနိုင်ပါ့မလား”
မောင်မောင်ကျော်က တွေးမိရင်း စိတ်အားငယ်သွားသည်။ သူက ရုံးမှ မောမောပန်းပန်းနှင့် ပြန်လာ၊ ထားနွယ်က အိမ်ဝမှ ပြုံးပြုံးကလေး ဆီး၍ကြို၊ အဆင်သင့်ဖျော်ထားသော သံပရာရည်ခွက်ကလေးကို ကမ်း၍ပေး၊ "မောသလားကိုကိုမောင်” ဟု တိုးတိုးလေးမေး၊ ဟား.... မည်မျှ ပြီးပြည့်စုံသောဘဝ ဖြစ်မည်နည်း။ တွေးကြည့်ရုံနှင့်ပင် စိတ်ချမ်းသာလှသည်။ သံပရာရည် ဖန်ခွက်ကလေးကို သူ၏နှုတ်ခမ်းသို့ တိုးပေးကာ "သောက်လေ ကိုကိုမောင်” ဟု မူနွဲ့စွာ၊ ချိုသာစွာ......
"သောက်လိုက်ဦးလေ မောင်မောင်ကျော်၊ အေးသွားဦးမယ်”
သူ့ရှေ့မှထားနွယ်က ရုတ်ခြည်း ပျောက်သွားသည်။ ထားနွယ်၏နေရာတွင် ပြုံးချိုစွာ ရပ်နေသော မမမိက ဘွားခနဲ ပေါ်လာသည်။
"ရုံးကိုတော့ လမ်းလျှောက်သွားတာပေါ့၊ နီးသားပဲဟာ။ အချိန်လဲ စောပါသေးတယ်လေ”
“ဟုတ်ကဲ့”
မောင်မောင်ကျော်က ကော်ဖီမွှေးမွှေးကို အရသာခံ၍ တစ်ကျိုက်ချင်း သောက်သည်။ သူတို့အိမ်မှာ ကော်ဖီဖျော်လေ့မရှိ။ ဧည့်သည်လာလျှင် ရေနွေးကြမ်းနှင့် ထန်းလျက်ခဲကိုသာ အစ်မက ထုတ်လာသည်။ ဆိုင်မှာသောက်လျှင်လည်း ဒီလိုကောင်းကောင်းမသောက်။
"အင်း…ဒီလိုကော်ဖီမျိုးလေးကို နေ့တိုင်းများ သောက်လိုက်ရရင်" ဟု တွေးမိပြန်သည်။
“ဒီနေ့ မောင်မောင်ကျော်နဲ့ ဆုံတာ အတော်ပဲ။ ကိုငွေအောင် ဆိုတဲ့ လူကြီးလေ၊ လမ်းမှာ စောင့်စောင့်နေတတ်တယ်။ ရှောင်လိုလဲ မလွတ်။ ဟိုဟာပြောသလိုလို၊ ဒီဟာပြောသလိုလိုနဲ့ ယှဉ်လျက်သား လိုက်လျှောက်လာရော၊ အမြင်ကပ်စရာကောင်းလိုက်တာ လွန်ရော"
မမမိ၏ခန္ဓာကိုယ်မှ ရေမွှေးနံ့က ဝေ့ပျံ့လာသည်။ မောင်မောင်ကျော်က နှစ်သက်စွာ ရှူရှိုက်မိသည်။
“အခု ကျွန်တော့်ကိုရော အမြင်ကတ်တာပဲလား”
“ဘာဖြစ်လို့လဲ”
"မမမိနဲ့ယှဉ်လျှောက်နေလို့လေ”
“အို...မောင်မောင်ကျော်က ရိုးရိုးသားသားပဲဟာ”
“ကဲဗျာ မရိုးရင်ရော "
မမမိ၏မျက်နှာတွင် ရှက်သွေးဖြန်းသွားသည်။ ဣနြေ္ဒမပျက် ပြုံးရယ်ရန်ကြိုးစားရင်း "မောင်မောင်ကျော်ကလဲ သိပ်နောက်တာပဲ” ဟု ပြောသည်။
မောင်မောင်ကျော်ကလည်း သူ့ကိုယ်သူ ဇဝေဇဝါနှင့် ရယ်မောနေသည်။ အတည်ပြောနေတာလား၊ နောက်ပြောင်နေတာလား၊ သူ့ကိုယ်သူပင် အသေအချာမသိ။ ဘာဖြစ်လို့များ ဒီလို နှုတ်ပေါ့လျှာပေါ့နှင့် ပြောမိတာလဲဟု သူ့ကိုယ်သူပြန်ပြီး အံ့သြမိသည်။
"ငါ.....ငါးရံ့ နှစ်ကောင်များ ဖမ်းနေမိသလား မသိ။ အစ်မကတော့ မနက်က မေးလိုက်သား”
မောင်မောင်ကျော်က တွေးသည်။
“ငါချစ်တာက ထားနွယ်ပါ၊ ထားနွယ်ကို ငါချစ်ပါတယ်”
သူ့ဘေးမှ မမမိကို မောင်မောင်ကျော်က မသိမသာ စောင်းကြည့်သည်။ ထားနွယ်လောက် မလှ၊ ထားနွယ်လောက်လည်း မကြော့ရှင်း။
“မမမိရဲ့ တိုက်ခန်းမှာ ထားနွယ်နဲ့ အတူနေလိုက်ရရင် ဟင်း..... ဘဝမှာ ပြီးပြည့်စုံမှု အတိပဲ”
မောင်မောင်ကျော်က သက်ပြင်းကို မသိမသာ ချမိလေသည်။ မမမိသည် မဆွတ်ခင်က ညွတ်ချင်ချင်၊ သူ့ဘက်ကို ခပ်ယိမ်းယိမ်း ဖြစ်နေသည်ကို သူသိသည်။ ဒီတစ်ဖက်ကို ဆွတ်လိုက်လျှင် ဟိုတစ်ဖက်ကို လွှတ်ရတော့မည်။ ဟိုတစ်ဖက်ကိုကား မလွှတ်ချင်။ ထားနွယ်ကို သူချစ်သည်။
“မမမိတို့အိမ်မှာက မိန်းမသားတွေချည်းပဲ။ အားကိုးအားထား ယောက်ျားမရှိတော့ တော်ရုံတန်ရုံဆိုရင် တံခါးဖွင့်မပေးရဲဘူး "
မမမိက ခပ်တိုးတိုး ပြောသည်။ လက်ထဲတွင် ဆွဲလာသော ကြိမ်ခြင်းကို ညာလက်မှ ဘယ်လက်သို့ ပြောင်းကိုင်တော့ မောင်မောင်ကျော်က“ပေးလေ၊ မမမိ " ဟု လက်လှမ်းကာ တောင်းသည်။ မမမိ ခေတ္တမျှ တွေနေပြီး လှမ်းပေးသည်။
“ကျွန်တော်တော့ ကိုယ်ရံတော်တပ်မှူးလေးဖြစ်နေပြီ”
မောင်မောင်ကျော်က ခြင်းကိုဆွဲကာ လမ်းလျှောက်ရင်း နှုတ်ပေါ့လျှာပေါ့ ပြောမိပြန်သည်။ ထို့နောက် တစ်ဆက်တည်းပင် ထားနွယ်ကို သတိရသည်။
* * *
“မမရွှေက ပြောတယ်။ ကိုကိုမောင့်ကို မြို့ထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်တဲ့”
ထားနွယ်က မောင်မောင်ကျော်အား စူးစမ်းသောမျက်လုံးနှင့် စိုက်ပြီးကြည့်သည်။
" ရိုးရိုးသားသားပါကွာ၊ ကိုကိုမောင်တို့ရုံးက...... "
“ကိုကိုမောင်က သူ့ခြင်းကိုလဲ ဆွဲပေးလို့ဆို”
“အင်း...ရိုးရိုးပါ”
“ဘာ ရိုးရိုးလဲ”
စိတ်ဆိုးနေသော ထားနွယ်သည် မောင်မောင်ကျော်၏မျက်စိထဲတွင် ပိုပြီးလှနေလေသည်။
"သူ့ကျတော့ သိတတ်လိုက်တာ။ ထားနွယ်တို့အိမ်ကို ဟိုငနဲကြီး ညနေတိုင်း လာနေတာကျတော့ကော "
“အို..သူ့ဟာသူ လာတာပဲ။ ထားနွယ်နဲ့ ဘာဆိုင်လဲ”
" တကယ် မဆိုင်ဘူးလား”
မောင်မောင်ကျော်က ခပ်ဆတ်ဆတ် မေးသည်။ ထားနွယ်က ခပ်ပြတ်ပြတ် ဖြေသည်။
" ခုထက်ထိတော့ မဆိုင်ဘူး”
" သြော်….ဒီလိုဆို တစ်နေ့နေ့တော့ ဆိုင်လာမယ်ပေါ့ ဟုတ်လား”
"ဒါကတော့ ကိုကိုမောင့်အပေါ်မှာ တည်တာပဲ"
ထားနွယ် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ခပ်တင်းတင်း ပြောသည်။ ငိုချင်စိတ်ကို ထိန်းထားသည်။
“ကိုကိုမောင်ကရော အဲဒီအမျိုးသမီးနဲ့ တကယ် ရိုးရိုးသားသားလား"
“ခုချိန်ထိတော့ ရိုးရိုးသားသားပဲ”
"သြော်..ဒီလိုဆို တစ်ချိန်ချိန်မှာ မရိုးမသား ဖြစ်လာကြမယ်ပေါ့၊ ဟုတ်လား”
"ဒါကတော့ ထားနွယ်အပေါ်မှာ တည်တာပဲ”
မောင်မောင်ကျော်နှင့် ထားနွယ်သည် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။ ထို့နောက် နှစ်ဦးစလုံး မျက်ရည်လည်လာသည်။ သုံးနှစ်ကျော် မျောနေသော သူတို့၏ဇာတ်လမ်းသည် ပြီးဆုံးပေတော့မည်။
"တကယ်တော့ ထားနွယ့်ကိစ္စလည်း ထားနွယ်အပေါ် တည်သလို ကိုကိုမောင့်ကိစ္စလည်း ကိုမောင့်အပေါ်ပဲ တည်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချပြီး သူတော်ကောင်းလုပ်ဖို့ မကြိုးစားကြစို့နဲ့လား ကိုကိုမောင်ရယ် "
ထားနွယ်က သက်ပြင်းရှိုက်ရင်း တိုးတိုး ပြောလေသည်။ ထိုနေ့ညက ထားနွယ်ရော ကိုကိုမောင်ပါ မျက်ရည်ကျ ငိုမိကြလေသည်။
* * *
အာလူးတို့ ညီအကိုသုံးဦး ရှင်ပြုပွဲတွင် မောင်မောင်ကျော်နှင့် ထားနွယ်တို့ ပြန်ပြီးဆုံစည်းမိကြသည်။
ဦးစိုးမောင်နှင့် အတူတွဲလာသော ထားနွယ်သည် ဖြူပြီးပြည့်လာသည်။ မမမိနှင့် အတူလာသော မောင်မောင်ကျော်သည်လည်း သန့်ပြီးခန့်လာလေသည်။
ဟိုဘက်ဝိုင်းနှင့် ဒီဘက်ဝိုင်း ဝိုင်းချင်းမတူသော်လည်း မမမိ၏ပခုံးပေါ်မှ ရှောစောင်ကလေး လျောကျနေသည်ကို မောင်မောင်ကျော်က ဂရုတစိုက် ပြန်တင်ပေးလိုက်သည်ကို ထားနွယ်မြင်လိုက်သည်။ ဦးစိုးမောင်၏ပန်းကန်ထဲသို့ ထားနွယ်က ကြက်အသည်းတစ်ဖတ်ကို ဦးချလိုက်သည်ကိုလည်း မောင်မောင်ကျော်က သတိပြုမိလေသည်။
"ကျုပ်တို့တော့ အဝနှိပ်မယ်ဗျို့။ ဒီလို ဆန်စျေး ဆီစျေး ဒီလို သားငါးစျေးနဲ့ ဒီလိုအလှုကြီးပေးတဲ့ အလှု့ဒကာ အလှု့အမတို့ ဆထက်တိုး ချမ်းသာပါစေဗျာ "
တစ်ဖက်ဝိုင်းမှ လူတစ်ယောက်က အာကျယ် အာကျယ် ပြောသည်။
"ချမ်းသာလို့လှူတာ မဟုတ်ဘူး ရှင်ရေ၊ မြန်မာပီပီ ကြွေးတင်ခံပြီး လှူတာ၊ စားစား၊ အဝစား။ ရှင်တို့ စားသမျှ ကျွန်မ ကြွေးတင်ဖို့ပဲ”
အလှူ့အမဖြစ်သော မောင်မောင်ကျော်၏အစ်မက ပြန်ပြောတော့ ဝေါခနဲ ရယ်သံများကို ကြားရသည်။
“ကြက်က လေးဆယ့်ငါးကျပ်ဈေးနော်၊ ဟုတ်တယ် မဟုတ်လား၊ အလှူအမကြီး "
"ဆီကတော့ ငါးဆယ်နီးနေပြီရှင့်”
"ငါးကရော ပေါလို့လား။ ငါးခူ၊ ငါးကျည်းဆိုရင် သုံးဆယ်နဲ့ ၊ လေးဆယ်ကြားမှာ ပြေးနေကြတာ”
"သက်သတ်လွတ် စားကြပါလားဗျ”
“သြော်..ပြောတတ်လိုက်ကြတာ။ ရွှေပါးစပ် ငွေပါးစပ်တွေက သက်သက်လွတ်ချက်တော့ ဆီကလေးနိုင်မှ စားကောင်းတာလဲ စဉ်းစားပါဦး"
တစ်ယောက်တစ်ပေါက် ဆူညံနေသော ဝန်းကျင်တွင် မောင်မောင်ကျော်နှင့်ထားနွယ်က တိတ်ဆိတ်နေကြသည်။ တစ်ဦးနှင့်တစ်ဦး သတိမထားမိအောင် ဟန်ဆောင်နေရင်း မျက်လုံးချင်း မဆုံမိအောင် ကြိုးစားလွှဲဖယ်နေကြသည်။
“ကျုပ်တော့ ငါးစိမ်းမြင် ငါးကင်ပစ်တယ်ဆိုတဲ့ စကားကို ပြင်ချင်ပြီဗျ”
“ဘာဖြစ်လို့လဲ”
“ဟော...ငါးစိမ်းဆိုတာ ဒီအတိုင်းစားလို့မရဘူးဗျ။ ချက်ရ ပြုတ်ရ၊ ကြော်လှော်ရဦးမယ်။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ မီးသွေး အားလုံး လိုလာပြီလေ၊ ဟုတ်ဘူးလား"
"ဒါပေါ့လို့”
"ငါးကင်ကတော့ ဘာမျှထပ်ပြီး ဝီရိယစိုက်နေစရာမလိုဘူး၊ အဆင်သင့်စားရုံပဲ။ အဲ...အရသာတော့ သိပ်မရှိလှဘူးပေါ့”
ပြောသူကတော့ သူ့ဟာသူ သဘောရိုးနှင့် ပြောပုံရလေသည်။ ထားနွယ်က ရုတ်တရက် တံတွေးနင်သွားသည်။ ကိုကိုမောင့်ကို ဖျတ်ခနဲ လှမ်းကြည့်မိသည်။ ကိုကိုမောင်ကလည်း သူ့ကို မလုံမလဲ လှမ်းကြည့်သည်။
"ဟုတ်ဘူးလားဗျာ၊ ငါးကင်ပဲ စားရတော့မှာပေါ့ ”
ရယ်သံများကို ကြားရသည်။
သူတို့နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ငေးကြည့်ရင်း မချိပြုံးကို ပြုံးမိကြလေသည်။
------------------------